သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတမိန့်ခွန်း အကောင်အထည်ဖေါ်ရေး အခက်အခဲတွေ့နိုင်သလား (အပိုင်း-၂)


တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ သမ္မတဦးဝင်းမြင့်က မြန်မာ့နှစ်သစ်ကူး မိန့်ခွန်းမှာ အုပ်ချုပ်ရေးရာတွေနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မယ့်ကိစ္စတွေကို ပြောကြားသွားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးကိစ္စ အပါအဝင် နိုင်ငံရေးကိစ္စတွေကို ရှောင်လွှဲသွားခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ မြန်မာ့မူဝါဒရေးရာသုံးသပ်သူ ဒေါက်တာတင်မောင်သန်း၊ သီပေါမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက သမ္မတကြီးက အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ပြောပါတယ်။ အုပ်ချုပ်ရေးကို ပြုပြင်ရမယ့်ကိစ္စတွေကို ပြောတယ်။ ဒါပေမဲ့ သူကတော့ အုပ်ချုပ်ရေးပိုင်း အကြီးအကဲဖြစ်ပေမယ့် နိုင်ငံရေးအာဖြင့် အဓိကဖြစ်နေတဲ့ စိန်ခေါ်မှုတွေကိုတော့ သိပ်ပြောသွားတာကို မတွေ့ရဘူးလို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ အထူးသဖြင့် ဒီနေရာမှာ ကျနော် သတိထားမိတာက တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ လုပ်နေတဲ့ကိစ္စကို ဘာမှမပြောသွားတာနဲ့ ပတ်သက်လို့ ဦးရဲထွန်း ဘယ်လိုသဘောရပါသလဲ။

ဦးရဲထွန်း ။ ။ ဟုတ်တယ် .. ဒီမိန့်ခွန်းထဲမှာတော့ ငြိမ်းချမ်းရေးကိစ္စ၊ တိုင်းရင်းသားတွေ နိုင်ငံရေးဆွေးနွေးတဲ့ကိစ္စ အခြေအနေ၊ နောက် ဘယ်လို ဘာဖြစ်မလဲဆိုတာကို တိုက်ရိုက်ပြောမသွားဘူး။ ပြောမသွားတဲ့အခါကြတော့ ဒီဟာက ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီးတော့ ဆောင်ရွက်နေတဲ့ကိစ္စလည်း ဖြစ်တဲ့အတွက်ကြောင့်ဖြစ်လို့ သူ့အနေနဲ့ ဒီကိစ္စမှာ ပြောလို့မသင့်တော်တာလည်းပါမှာပေါ့။ သို့သော် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ကိစ္စမှာ ဦးတည်ချက်ကတော့ ဒီမိုကရေစီ ဖယ်ဒရယ်စနစ် တည်ဆောက်ဖို့ ဖြစ်တယ်ဆိုတာ နားလည်ထားတဲ့အတွက်ကြောင့်မို့ အခုဖွဲ့စည်းပုံ အခြေခံဥပဒေထဲကနေပြီးတော့ ဖယ်ဒရယ်စနစ်ကို သွားနိုင်တဲ့ လမ်းကြောင်းတွေ။ တကယ်ဖွဲ့စည်းပုံအခြေခံနဲ့ မဆန့်ကျင်တဲ့ကိစ္စတွေကိုတော့ သူ လုပ်ကိုင်ထားပေးပါမယ်။ လုပ်နိုင်သမျှ လုပ်ကိုင်ထားပေးပါမယ်လို့ အချက်ပြလိုက်တယ်လို့ပဲ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ထဲထဲဝင်ဝင်တော့ ဘာမှပြောဆိုသွားခြင်း မရှိဘူးပေါ့။ ဒီကိစ္စကို ဆရာဦးတင်မောင်သန်း ဘယ်လို သဘောရပါလဲ။

ဦးတင်မောင်သန်း ။ ။ ပထမတခုကတော့ တာဝန်ပိုင်း ခွဲဝေမှု။ ဦးဝင်းမြင့် တက်လာပြီးတာနဲ့ ဒေါ်အောင်ဆန်းစုကြည် ယူမယ့်တာဝန်၊ ဦးဝင်းမြင့်ယူမယ့်တာဝန်တွေကို ဒီလို ကွဲကွဲပြားပြား မြင်လို့ရသွားပြီ။ ဒီမိန့်ခွန်းက ထပ်ပြီးအတည်ပြုတာလို့ပဲ အဲဒီလိုမြင်တယ်။ ဒုတိယအချက်အနေနဲ့တော့ ငြိမ်းချမ်းရေးတွေ ဆောင်ရွက်တယ်။ သဘောတူညီချက်တွေ ရပြီဆိုလို့ရှိရင်လဲ ဖယ်ဒရယ်စနစ်ကို သွားဖို့ဆိုရင် လက်တွေ့အားဖြင့် စနစ်အားဖြင့် ပြင်ဆင်ထားဖို့ လိုလိမ့်မယ်လို့ထင်တယ်။ ဒီဘက်ပိုင်းကနေ ဆရာဦးဝင်းမြင့်က ပံ့ပိုးလိမ့်မယ်လို့ ကျနော် အဲဒီလို နားလည်တယ်။ အဲဒီမိန့်ခွန်းမှာလည်း အဲဒီလိုပဲ တွေ့ရတယ်ထင်တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အဲဒီဟာနဲ့ ဆက်စပ်လို့ပဲ ပြည်တွင်းငြိမ်းချမ်းရေး မရှိသေးရင်တော့ လူ့အခွင့်အရေး တိုးမြှင့်ကာကွယ်ဆောင်ရွက်မယ်၊ ဘာညာပြောတဲ့ဟာလဲ အခက်အခဲ အတားအဆီး ရှိလာတာပေါ့ ဆရာ။

ဦးတင်မောင်သန်း ။ ။ လူ့အခွင့်အရေးဆိုင်ရာကိစ္စကတော့ ကမ္ဘာကြီးနဲ့ အဆက်ပြတ်တဲ့ဟာနဲ့လည်းပါတယ်။ အဲဒါက အကြောင်းတကြောင်း။ နှစ်တကြောင်းက ဖိနှိပ်အုပ်ချုပ်မှုအောက်မှာ အကြာကြီးနေခဲ့ရတဲ့ဟာလည်းပါတယ်။ အထူးသဖြင့် ကျနော်တို့က အာဏာသုံး အုပ်ချုပ်ရေးအောက်မှာ အခွင့်အရေးတွေ ကင်းမဲ့ခဲ့တာ။ လူ့အခွင့်အရေးကို ကျနော်တို့ နားလည်တယ်ဆိုတာက ဖိနှိပ်ခံခဲ့ရတဲ့ သဘောအရ နားလည်တာ။ လူ့အခွင့်အရေးရဲ့ သဘောသဘာဝအရ နားလည်မှုမှာတော့ အားနည်းနေသေးတယ်လို့ ကျနော် ဒီလိုပဲ တွေ့ရတယ်။ ဒါကြောင့်မို့ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်လို့ရှိရင် အချိန်ယူရလိမ့်မယ်လို့ ကျနော် ထင်တယ်။ သမ္မတကြီးကလည်း ဒါကို သဘောပေါက်တယ်လို့ ကျနော် ထင်ပါတယ်။ ဒီမှာပြောသွားတဲ့ ကိစ္စတွေမှာ သို့သော်လဲ အရေးကြီးတာက အစိုးရအဖွဲ့အစည်းတရပ်က လူ့အခွင့်အရေးကို အကာအကွယ်ပေးမယ်။ အကာအကွယ်ပေးဖို့အတွက် အာမခံချက် ပေးတယ်ဆိုတာက တော်တော်လေး အရေးကြီးပါတယ်။

အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုလို့ရှိရင် အထူးသဖြင့် ကျနော်တို့ ရခိုင်ကိစ္စ - နိုင်ငံတကာနဲ့ ပတ်သက်နေတဲ့ ကိစ္စဆိုရင် အစိုးရရဲ့ မူဝါဒနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကြည့်မယ်ဆိုရင် ဖွဲ့စည်းထားတဲ့ ကိုဖီအာနန် ကော်မရှင်ရဲ့ တင်ပြချက်တွေ။ သူ့ရဲ့ အကြံပြုချက်တွေကို လှမ်းကြည့်ဖို့ လိုအပ်တယ်။ အဲဒါကမှ ခေါင်းဆောင်ပိုင်းရဲ့ တကယ့်လူ့အခွင့်အရေးဆိုင်ရာ ရပ်တည်ချက်ကို တွေ့ရမယ်လို့ ထင်တယ်။ အဲဒါတွေကလဲ နိုင်ငံတကာက လက်ခံထားတာဖြစ်တဲ့အတွက်ကြောင့်မို့ ယေဘုယျအားဖြင့် မကွဲဘူး။ ဒါပေမဲ့ လက်တွေ့ဆောင်ရွက်ချက်တွေနဲ့ လက်တွေ့လုပ်ဆောင်နေရတာတော့ စောစောက ပြောခဲ့တဲ့ အကန့်အသတ်တွေကြောင့် ခေါင်းဆောင်တွေမှာ အခက်အခဲတွေ ရှိနေတုန်းပဲလို့ ကျနော် ထင်တယ်။ အဲဒါဟာ မြန်မာနိုင်ငံအနေနဲ့ လုပ်ကိုင်ရမယ့် နယ်ပယ်တခုပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အဲဒီမိန့်ခွန်းမှာ အဓိက သမ္မတကြီး ပြောတာကို လွှမ်းခြုံကြည့်လိုက်ရင် တည်ငြိမ်မှုလည်းရှိစေ၊ အပြောင်းအလဲတွေလည်း ဖြစ်စေဆိုတဲ့ သဘောမျိုးနဲ့ လုပ်နေမယ်လို့ ပြောသွားပါတယ်။ ဆိုတော့ အပြောင်းအလဲတော့လုပ်မယ်။ ဒါပေမဲ့ တည်ငြိမ်မှု ရှိဖို့က အဓိက - အခြေခံ Condition, အခြေခံ လိုအပ်ချက် ဖြစ်နေတာပေါ့။ အဲဒီတော့ တည်ငြိမ်မှုဆိုတာ စောစောကပြောတဲ့ လူ့အခွင့်အရေးကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေဖြစ်တော့ အဲဒါတွေရှိမှ လုပ်နိုင်မယ့်သဘောဆိုပြီး ပြောသွားတာ ဖြစ်တယ်။ ဆိုတော့ တည်ငြိမ်မှု ရရှိရေးက ပိုအရေးကြီးတာပေါ့။ အဲဒီကိစ္စကို ဘယ်လို လုပ်နိုင်လိမ့်မယ်လို့ ထင်ပါသလား။ တည်ငြိမ်မှု အပြည့်အဝ ရရှိအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို ထင်ပါသလား။

ဦးရဲထွန်း ။ ။ အဲဒီပြောကြားချက်နဲ့ ပတ်သက်ပြီးတော့ သူပြောတာ မရှင်းဘူး ဖြစ်နေတယ်။ မိန့်ခွန်းရဲ့ နောက်ဆုံးပိုင်းမှာပါတဲ့ ဒီမိုကရေစီ ဖယ်ဒရယ်စနစ်ကို သွားဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားတဲ့အတိုင်း ဗဟိုချုပ်ကိုင်မှုတွေ လျှော့ချရေးကိစ္စတွေကို ဆောင်ရွက်သွားမယ့်ဟာကို ပြောပြီးတဲ့နောက်ပိုင်းမှာ ဒီကိစ္စကို ပြောတာဖြစ်တဲ့အခါကြတော့ ဒီမိုကရေစီ ဖယ်ဒရယ်စနစ် ပြီပြင်အောင် လုပ်မယ့်ကိစ္စကို ရည်ညွှန်းတာလား။ ဒါမှမဟုတ် အထက်က ပြောခဲ့တဲ့ တရားရေးမဏ္ဍိုင် တည်မတ်ဖို့၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ နောက် ကျန်တဲ့ကိစ္စတွေ အားလုံးကိုခြုံပြီးတော့ ဆောင်ရွက်တဲ့နေရာမှာ တည်ငြိမ်ရေး နဲ့ ငြိမ်းချမ်းရေး အတွက်ကို မူအဖြစ်နဲ့ ချမှတ်ထားမယ်လို့ ပြောတာလား။ မရှင်းဘူး ဖြစ်နေတယ်။ တကယ်လို ဒီမိုကရေစီ ဖယ်ဒရယ်စနစ်ကို သွားဖို့အတွက် အခြေအနေ၊ အချိန်အခါကို ကြည့်ပြီးတော့ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဗဟိုချုပ်ကိုင်မှုတွေ လျှော့ချဖို့ကိစ္စကို၊ တည်ငြိမ်းရေးကို အဓိကစဉ်းစားထာပေးမယ်လို့ အဲဒီလို နားလည်ရပါတယ်။ အဲဒါဆိုရင်တော့ သိပ်ပြဿနာ မရှိဘူးလို့ ထင်ပါတယ်။ အကယ်၍ တရားရေးမဏ္ဍိုင် ကြံ့ခိုင်စေဖို့ကိစ္စတွေ၊ အကျင့်ပျက်ခြစားမှု လုံးဝပပျောက်ရေး ကိစ္စတွေ။ မှုးယစ်ဆေးဝါး ပြဿနာတွေ။ အဲဒီကိစ္စတွေကို အောင်မြင်အောင် ဆောင်ရွက်တဲ့နေရာမှာ အခုန တည်ငြိမ်းရေးတို့၊ ဘာတို့၊ အမျိုးသားရင်ကြားစေ့ရေး ဆိုတဲ့ဟာတွေကို ထည့်စဉ်းစားပြီတော့ ဆောင်ရွက်မယ်လို့ ပြောတာဆိုရင်တော့ ဒီနေရာမှာ ပြဿနာတွေ ရှိတယ်လို့ မြင်တယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတာက အရင်ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ပဲ ပတ်သက်တယ်။ ဒီနောက်ပိုင်းဖြစ်တဲ့ ကိစ္စတွေက ဥပဒေအရပဲ။ ဥပဒေကို ဖော်ဖျက်ကျူးလွန်လို့ရှိရင် မည်သူမဆို၊ ကျောသား၊ ရင်ထဲ မခွဲခြားတတ်ဘဲ အရေးယူရမယ် ဖြစ်တယ်လို့ ပါဝင်ပတ်သက်တဲ့ လူတိုင်း အဓိကခေါင်းဆောင်တွေ ဖြစ်ခဲ့ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ်၊ သမ္မတ အားလုံးက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရှိနေဖို့လိုတယ်။ ဒါကြောင့်မို့ ကျနော်အနေနဲ့ နောက်ဆုံး သူပြောတဲ့အပိုင်းဟာ ဒီမိုကရေစီ ဖယ်ဒရယ်စနစ်ကို သွားဖို့အတွက် အခြေခံဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံက ပေးထားတဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးကိစ္စတွေကိုပဲ ရည်ရွယ်ပြီးတော့ ပြောတာ ဖြစ်ပါတယ်လို့ ကျနော်တော့ ဆုတောင်းနေမိတယ်။

အဲဒီလို မဟုတ်ဘူးဆိုရင်တော့ အထက်က ပြောခဲ့တဲ့ဟာတွေက ကျနော်ထင်တယ် သိပ်ပြီးတော့ အားမရှိဘူး။ သူပြောတဲ့ အောင်မြင်အောင် အကောင်အထည်ဖော်မယ်။ ဆောင်ရွက်မယ်ဆိုတာတွေက နောက်ဆုံး Clone ကြောင့် သိပ်အားမရှိတော့ ဖြစ်သွားမှာ ဆိုးပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးတင်မောင်သန်း ဒါကို သုံးသပ်ပါအုံး။

ဦးတင်မောင်သန်း ။ ။ ကျနော် ယူဆတာကတော့ ရိုးရိုးလေးထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဖွဲ့အစည်း တဖွဲ့ပဲဖြစ်ဖြစ် လူတယောက်ဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံပဲဖြစ်ဖြစ် အပြောင်းအလဲတခုကို သွားပြီဆိုရင် အမြဲတမ်း ယှဉ်ရတဲ့ အကြောင်းပြန်နှစ်ခု ရှိတယ်။ တခုက တည်ငြိမ်ရေး ဖြစ်တယ်။ နောက်တခုက အပြောင်းအလဲ ဖြစ်တယ်။ အပြောင်းအလဲအတွက် တင်းလိုက်လို့ရှိရင် တည်ငြိမ်ရေးပျက်ပြားတယ်။ ကသောင်းကနင်း ဖြစ်တယ်။ အဲဒီ ကသောင်းကနင်းတွေ ဖြစ်တာက အပြောင်းအလဲပေါ်မှာပြန်ပြီး သက်ရောက်မှုရှိနေတယ်။ ဘာကြောင့် အပြောင်းအလဲက မပေါက်ပြန်လဲ။ တပြိုင်တည်းမှာ တည်ငြိမ်ရေးကို မဲတင်းလို့ရှိရင် အပြောင်းအလဲက မဖြစ်ဘူး။ ဆိုတဲ့အခါကြတော့ အဲဒီဟန်ချက်ကို အမြဲတမ်း ဆုံးဖြတ်ချက်ချတဲ့ လူတွေက ထိန်းညှိရလိမ့်မယ်။ ကျနော်ထင်တာကတော့ အဲဒီသဘောကိုပဲထင်တယ်။ ပြီးတော့ မိန့်ခွန်းမှာလည်း ကျနော် မှတ်မိသလောက်ဆိုရင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကိုလုပ်တဲ့အခါမှာ လိုက်နာရမယ့် အခြေခံမူလို့ အဲဒီစကားကို သူက ထည့်ပြောတယ်။ ပြောတဲ့အခါကြတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အထက်မှာပြောတာက စောစောက ပထမဦးဆုံး မိန့်ခွန်းမှာပြောခဲ့တဲ့ အချက် ရှစ်ချက်နဲ့လည်း ပတ်သက်တယ်။ နံပတ်တစ် သမ္မတကြီး ပြောခဲ့သမျှတွေထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အချက်တွေကို သူမပြောပါဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အချက်တွေကိုလည်း မပြောပါဘူး။ ဒါကြောင့်မို့ အဲဒီမိန့်ခွန်းကို နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးအထိ ဆွဲဆန့်ပြီးတော့ ယူမယ်ဆိုရင်တော့ ကျနော်ထင်တယ် အကောက်ယူနည်းနည်းများ လွဲချော်သွားနိုင်မလားလို့ ကျနော် အဲဒီလိုပဲထင်တယ်။

သူပြောတဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဆိုတာကလဲ စောစောက လုပ်နေတဲ့ ပြုပြင်ရေးလုပ်ငန်းတွေကိုလုပ်ရင် ဗဟိုချုပ်ကိုင်မှုတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့် အချက်နံပတ်ခြောက်မှာဖြစ်တဲ့ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲရေးမှာတင် ဗဟိုချုပ်ကိုင်မှုတွေ အများကြီးရှိတယ်။ မြေယာကိစ္စတွေမှာလည်း ဗဟိုချုပ်ကိုင်မှုတွေ အများကြီးရှိတယ်။ ဒါတွေကို ရည်ညွှန်းပြီးပြောတာလို့ ကျနော်ထင်တယ်။ ကျနော် ဖတ်ကြည့်တာတော့ အဲဒီလိုပဲ သဘောပေါက်ပါတယ်။ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ ပြောလိမ့်မယ်ထင်တယ်။

XS
SM
MD
LG