သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ပြဿနာသည် မူစလင်-ဗုဒ္ဓဘာသာ ပဋိပက္ခမဟုတ် (အပိုင်း ၂)


တိုက်ရိုက် လင့်ခ်

ဒီတပတ်တင်ဆက်မယ့် ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်မှာတော့ ဝါရင့်သတင်းစာဆရာကြီး Bertil Lintner နဲ့ Scroll မီးဒီယာ တို့ ရခိုင်မြောက်ပိုင်းအရေး ဆက်သွယ်မေးမြန်း( ဒုတိယပိုင်း) ဖြစ်ပါတယ်။ ဒီရိုဟင်ဂျာပြဿနာအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်နိုင်သလဲ၊ ဘာလုပ်သင့်သလဲ၊ ဒီ ပြဿနာဟာ ဒေသတွင်းဘယ်လိုရိုက်ခတ်နိုင်သလဲ၊ ပြေလည်နိုင်တဲ့ အလားအလာ ရှိသလား စတဲ့ အကြောင်းအရာတွေကို မေးမြန်းဖြေဆိုထားပါတယ်။ ဦးကျော်ဇံသာ က ပြန်ဆိုပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။

မေး ။ ။ ARSA အဖွဲ့ဟာ မြန်မာနိုင်ငံထဲက တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်လိုများ ကွာခြားမှု ရှိပါသလဲ။

Bertil Lintner ။ ။ တခြားတိုင်းရင်းသား သူပုန်အဖွဲ့တွေက အနည်းအများဆိုသလို သမားရိုးကျ စစ်တပ်ပုံစံနဲ့ လှုပ်ရှားကြပါတယ်။ ယူနီဖောင်းတွေရှိတယ်။ ရာထူးအဆင့်တွေ သတ်မှတ်ထားကြတယ်။ တပ်ခွဲ၊ တပ်ရင်း၊ တပ်မ စတာတွေ ဖွဲ့စည်းထားကြတယ်။ မောင်းပြန်သေနတ်၊ စက်သေနတ်တွေလည်း ကိုင်ကြပါတယ်။ ARSA ရဲ့ နည်းလမ်းတွေက ဒါနဲ့ သိပ်ကွဲလွဲပါတယ်။ ၂၀၁၆ အောက်တိုဘာမှာ တိုက်ခိုက်တာနဲ့ အခု သြဂုတ်လမှာ တိုက်ခဲ့တာတွေက တခြားတိုင်းရင်းသား သူပုန်တွေနဲ့ ပုံစံချင်း သိပ်ကွဲပါတယ်။ သူတို့က ရွာသားတွေကို ရာနဲ့ချီ စည်းရုံးပြီးတော့ ပစ်မှတ်တွေကို ဝိုင်းတယ်။ အမှန်တကယ်ရှိတဲ့ အင်အားထက်ပိုပြီးတော့ များတယ်ဆိုတာ ပြတဲ့သဘောပါ။ သူတို့မှာ လက်နက်သိပ်မရှိဘူး။ ဓါးတွေ၊ လံှတွေ အများစုက။ သူတို့နည်းကတော့ နီပေါလ် နဲ့ အိန္ဒိယ အလယ်ပိုင်းက မော်ဝါဒီ အုပ်စုတွေနဲ့ ဆင်တူပါတယ်။ မြန်မာပြည်ထဲက တခြားတိုင်းရင်းသားအုပ်စုတွေနဲ့ မတူပါဘူး။

မေး ။ ။ သူတို့မှာ အင်အား ဘယ်လောက်ရှိမယ်လို့ ခန့်မှန်းပါသလဲ။

Bertil Lintner ။ ။ ကျနော် အတိအကျတော့ မသိပါဘူး။ သြဂုတ်လ (၂၅) မတိုင်မီကတော့ (၅၀၀-၆၀၀) လောက် အမာခံတွေ၊ ဘင်္ဂလားဒေ့ရှ်ထဲမှာ သင်တန်းတွေ တက်ပြီးတော့ သင်တန်းဆရာတွေအားလုံးကလည်း အာဖဂန်စစ်သားဟောင်းတွေ။ သင်တန်းဆရာတွေ (၁၅၀) လောက်မှာ အားလုံးက နိုင်ငံခြားသား၊ အများစုက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ၊ တိုက်ခိုက်ရေးသမားတွေထဲက တချို့ဆိုရင် ပါကစ္စတန်နဲ့ အင်ဒိုနီးရှား၊ ဥပ္ပကစ္စတန်ကလည်း တစ်ယောက်ပါတယ်။ သူတို့ကိုယ်သူတို့ မလေးလို ပြောတဲ့သူတွေလည်းပါတယ်။ မလေးရှားကလား၊ ထိုင်းတောင်ပိုင်းကလား ဆိုတာတော့ ကျနော် သေချာမသိပါဘူး။

မေး ။ ။ ဆိုတော့ ဒီလူတစုဟာ ရခိုင်က မဟုတ်ဘူးဆိုရင် ရခိုင်ပြည်နယ် လွတ်လပ်ရေးအတွက် ဘာကြောင့်လာပြီး တိုက်နေကြလဲ။

Bertil Lintner ။ ။ တခြားအဆင့်တွေမှာ ဒေသတွင်းက လူတွေကို ထည့်သွင်းခန့်အပ်ထားပါတယ်။ ဒီလိုပါဝင်လာတဲ့လူတွေဟာ နှစ်နဲ့ချီပြီး ဆက်ဆံပြုမှုခံလာရတဲ့ ပုံစံတွေကို ခံပြင်းဒေါသထွက်နေတဲ့ လူငယ်တွေပါ။ ဒါပေမဲ့ ပါကစ္စတန်သားတွေ၊ ဥပ္ပကစ္စတန်တွေ၊ မလေးတွေ ဘာလို့ ပါလာစရာရှိလဲ။ တကယ်တော့ အဲဒီလူတွေက ဂျီဟက်ဘာသာရေးစစ်ပွဲဖြစ်အောင် လုပ်နေကြတာပါ။

မေး ။ ။ ဆိုတော့ ဒီလူတွေက ဒေသတွင်းက သူတို့ကိုသူတို့ ရိုဟင်ဂျာဆိုသူတွေရဲ့ ထောက်ခံမှုကော ဘယ်လောက်ရသလဲ။ ရကောရပါသလား။

Bertil Lintner ။ ။ သိပ်မရပါဘူး။ အများကြီး ကွဲနေကြတယ် ထင်ပါတယ်။ သြဂုတ် (၂၅) တိုက်ခိုက်မှုအတွက် ARSA အဖွဲ့ အပြစ်တင်ခံရပါတယ်။ ဘာကြောင့်တိုက်တာလဲ။ ဘာကြောင့် သွားစတာလဲလို့ အပြစ်တင်ခံရပါတယ်။ ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုဟာ အချိန်ကိုက် တွက်ချက်ပြီးလုပ်တယ်ဆိုတာ သိထားရပါလိမ့်မယ်။ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာထွက်လာပြီး နာရီပိုင်းအတွင်းမှာ တိုက်ခိုက်တာပါ။ တကယ်တမ်းတော့ ဒီအစီရင်ခံစာဟာ မြန်မာအစိုးရကို ဝေဖန်ထားတာပါ။ ဒီတိုက်ခိုက်မှုကြောင့် အဲဒီ အစီရင်ခံစာ လုံးဝမှေးမှိန်းသွားပါတယ်။ ဒါဟာ တိုက်ဆိုင်မှု လုံးဝမဟုတ်ပါဘူး။ သူတို့က စစ်ရေးအရ လှုပ်ရှားဖို့ ပိုလိုချင်နေတာပါ။ ဒါကြောင့် တဘက်မှာ စစ်တပ်ကို သွားစရကောင်းသလားဆိုပြီး လူထုက အပြစ်တင်နေချိန်၊ တခြားတဘက်မှာ မျှော်လင့်တဲ့အတိုင်း ဒေါသထွက်နေတဲ့ လူငယ်အများအပြား သူတို့ဘက်ကို ဝင်လာကြပါတယ်။

မေး ။ ။ အနောက်တိုင်း မီဒီယာတွေက ဒီပြဿနာအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုင်တွယ်မှုကို အထူးတလည် ဝေဖန်ကြပါတယ်။ ဘာပြောချင်ပါလဲ။

Bertil Lintner ။ ။ ၂၀၁၅ မှာ တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ခဲ့ပေမယ့် အရေးကြီးတဲ့ ဝန်ကြီးဌာနကို ကိုင်ထားတဲ့ စစ်တပ်က မောင်းနှင်နေတာပါ။ ဖြစ်နေပျက်နေတာတွေကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝကင်းလွတ်နေပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဘယ်သူကိုမှ ပြတ်ပြတ်သားသား အမိန့်မပေးနိုင်ပါဘူး။ စစ်တပ်က ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ကိုသာ နာခံပါတယ်။ ရွေးကောက်ခံ ခေါင်းဆောင်တွေရဲ့အမိန့်ကို မနာခံပါဘူး။ သူဟာ သတိထား လျှောက်လှမ်းနေရပါတယ်။ သူက ရိုဟင်ဂျာတွေအတွက် ပြောလာမယ် ဆိုပါစို့ - အဲဒီအခါမှာ သူ့နိုင်ငံရေးကို သူ သတ်လိုက်သလို ဖြစ်မှာပါ။ သူ့ရဲ့ မဲဆန္ဒရှင် အများအပြား ဒီပြဿနာမှာ ဘယ်လို ရပ်တည်ကြတယ်ဆိုတာ သိပ်ရှင်းပါတယ်။

သဘောထား တင်းမာတဲ့ ရခိုင်အမျိုးသားပါတီ ANP ကို ထောက်ခံမှု ပြသလိုက်ရင် အနောက်တိုင်း သတင်းလောက က အပြင်းအထန် ဝေဖန်လိမ့်မယ်။ သူဘာမှ မလုပ်ဘဲလုပ်ရင် အခု ကြုံနေရသလို ဝေဖန်ခံရမှာပါ။ ဒါဟာ သူ့အတွက် အင်မတန် သိမ်မွေ့ပြီး အတိမ်အစောင်းမခံနိုင်တဲ့ အခြေအနေမျိုးပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုပ်ခဲ့သင့်ရဲ့သားနဲ့ မလုပ်ခဲ့တာကတော့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို သွားရောက်ပြီးတော့ ရွေးကောက်ခံ နိုင်ငံရေးသမားတချို့ကို တွေ့သင့်တဲ့ကိစ္စပါ။ ရခိုင်အမျိုးသားပါတီခေါင်းဆောင်ကို မကြိုက်လို့ သူ လုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရခိုင်မှာ အရပ်သားတွေရဲ့ အခန်းကဏ္ဍလည်း ရှိနေတယ်ဆိုတော့ အသိအမှတ်ပြု ပြသဖို့ လိုအပ်ပါတယ်။ ဘာမှ ပြောနေစရာ မလိုပါဘူး။ ဆေးရုံတခုကို သွားကြည့်တာမျိုး၊ လူမှုအသိုင်းအဝိုင်းအားလုံးက လူတွေနဲ့ တွေ့ဆုံတာမျိုးတွေ လုပ်ခဲ့ခြင်းအားဖြင့် ဘောင်ကျဉ်းလွန်တဲ့ အရပ်သားတွေရဲ့ အခန်းကဏ္ဍကို ချဲ့ထွင်ပေးနိုင်မှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီရခိုင်အရေးကို တုံ့ပြန်တဲ့နေရာမှာ အိန္ဒိယနိုင်ငံဟာ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံ အများစုနဲ့ မတူပဲ၊ အတိအလင်း ရှုတ်ချတာလည်း မတွေ့ရပါဘူး။ ဒီလိုလုပ်တာ အိန္ဒိယအစိုးရအတွက် မှန်ကန်တဲ့လုပ်ရပ်လို့ ထင်ပါသလား။

Bertil Lintner ။ ။ ဒါကို မှန်တယ်မှားတယ်ဆိုတာ ကျနော် ပြောရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာအတွက် အရေးကြီးဆုံး အိမ်နီးနားချင်း နှစ်နိုင်ငံဖြစ်တဲ့ တရုတ် နဲ့ အိန္ဒိယတို့က အနောက်နိုင်ငံတွေလို ရှုတ်ချတာမျိုး မလုပ်ကြပါဘူး။ ဒါဟာ မဟာဗျူဟာအရေးကြောင့်ဆိုတာ ထင်ရှားပါတယ်။ မြန်မာဟာ တရုတ်အဖို့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အတွက် အရေးကြီးပါတယ်။ အိန္ဒိယအတွက်လည်း အရှေ့တောင်အာရှဆီသွားရာ တံခါးပေါက်လည်း ဖြစ်နေပါတယ်။

မေး ။ ။ အိန္ဒိယအစိုးရဟာ ရိုဟင်ဂျာဒုက္ခသည်နဲ့ ပတ်သက်ပြီး တင်းမာတဲ့ ရပ်တည်မှုကို မကြာသေးခင်က ပြသခဲ့ပါတယ်။ ရိုဟင်ဂျာတွေဟာ လုံခြုံရေးခြိမ်းခြောက်မှုတရပ်လိုတောင် ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကို ဘယ်လိုပြောချင်ပါလဲ။

Bertil Lintner ။ ။ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် ဒီလို ရပ်တည်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လောလောဆယ်မှာတော့ စိုးရိမ်လောက်တဲ့ အထောက်အထားတွေ မတွေ့ရသေးပါဘူး။ ဆိုတော့ တကယ်မရှိသေးပါဘူး။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်မှာက ဒုက္ခသည်က ရှစ်သိန်းလောက် ရှိနေတာပါ။ သူတို့ ဘယ်ကိုသွားမှာလဲ။ ဘင်္ဂလားဒေ့ရှ်မှာ လူဦးရေက နဂိုကတည်းက ပိုပြီးတော့ ပြွတ်သိပ်နေတာ လူနေကျဲတဲ့နေရာဆိုလို့ ရှားရှားပါးပါး တနေရာပဲ ရှိပါတယ်။ စစ်တကောင်းတောင်တန်းဒေသ ဖြစ်ပါတယ်။ ကျနော် ရရှိတဲ့ အချက်အလက်တွေ မှန်တယ်ဆိုရင်တော့ အဲဒီဒေသမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ချက်ကမာတွေနဲ့ မာရမာတွေ အထူးစိုးရိမ်နေကြမှာပါ။

မေး ။ ။ ဒီပြဿနာဟာ တောင်အာရှဒေသကို ဘယ်လို ရိုက်ခတ်နိုင်မယ် ထင်ပါလဲ။

Bertil Lintner ။ ။ ပြောဖို့တော့ နည်းနည်းစောပါသေးတယ်။ ရုတ်တရက်ပဲ အဲဒီဒေသတွင်းမှာ ဒုက္ခသည်တွေ များပြားလာတာပါ။ အစွန်းရောက် အစ္စလာမ်မစ် အုပ်စုတွေက ဒီအခြေအနေကို အခွင့်ကောင်းယူဖို့ ကြည့်နေကြတယ်ဆိုတာ လူတိုင်းသိပါတယ်။ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် နဲ့ ပါကစ္စတန် အုပ်စုတွေက အဲဒီအထဲက သူတို့အတွက် တပ်သားသစ် ရှာနေကြပါတယ်။ စစ်သွေးကြွ တုံ့ပြန်မှု ဖြစ်လာရင်တော့ ဒေသအတွင်း သိပ်ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်လာမှာပါ။ ဘင်္ဂလားဒေ့ရှ်မှာ မကြာခင် ရွေးကောက်ပွဲ ကျင်းပဖို့လည်း ရှိတယ်ဆိုတော့ ထည့်တွက်ရပါလိမ့်မယ်။ တချိန်တုန်းက ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာစစ်တပ်နဲ့ လက်တွဲပြီး ရိုဟင်ဂျာသူပုန်တွေကို တိုက်ခိုက်ဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်မခံဘူးလိုတောင် ငြင်းဆန်ခဲ့ဖူးတာ ရှိပါတယ်။ ဒါပေမဲ့ ပြဿနာက သိပ်ကြီးထွားလာတော့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ အဝါမီအဖွဲ့ချုပ်အစိုးရက ရပ်တည်ချက် ပြောင်းသွားခဲ့ပါတယ်။ ဘာသာရေး အယူသီးအခြေခံဝါဒီ ဂျာမာအိ အစ္စလာမ်မေတွေ ဒီအခြေအနေကို အမြတ်ထုတ်မယ့်အရေးကို ဟန့်တားနိုင်ဖို့အတွက် ပြောင်းသွားတာပါ။ တကယ်လို့ ရိုဟင်ဂျာ သောင်းကျန်းသူတွေနဲ့ နီးစပ်တယ်လို့ သိကြတဲ့ ဂျာမာတွေရဲ့ ထောက်ခံမှုနဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီ BNA ကသာ အနိုင်ရလာရင်တော့ လုံခြုံရေးအတွက် အထူးစိုးရိမ်စရာ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်လဲ ရှိတ်ဟာဆီနာအနေနဲ့ ဒုက္ခသည်တွေဘက်က ရပ်တည်ပါတယ်ဆိုတဲ့အကြောင်း အပူတပြင်း ပြသချင်နေတာ ဖြစ်ပါတယ်။

မေး ။ ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား မကြာခင်က ရရှိခဲ့တဲ့ ဒုက္ခသည် ပြန်ပို့ရေး သဘောတူညီချက်ကို ဘယ်လို သဘောရပါသလဲ။

Bertil Lintner ။ ။ အဲဒါကတော့ ရုပ်ပြပါ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ပထမတချက်က စီစစ်ရေး လုပ်မှာပါ။ ဒီလူအများအပြားမှာ ဘယ်အထောက်အထားမှ မရှိပါဘူး။ နောက်တချက်ကတော့ သူတို့ကော ပြန်သွားချင်ကြရဲ့လားဆိုတာပါ။ စစ်တပ်က ရက်ရက်စက်စက် လုပ်လွှတ်လိုက်တာက ဘယ်တော့မှ ပြန်မလာချင်အောင် လုပ်လိုက်တဲ့သဘောလို့ ကျနော် ထင်ပါတယ်။ နောက်ပြီး သူတို့ ဘယ်ကို ပြန်လာမှာလဲ။ သူတို့အိမ်တွေက မီးလောင်သွားခဲ့ပြီလေ။

မေး ။ ။ ဒီပြဿနာ မကြာခင် ပြေလည်မယ့် အလားအလာကော မြင်ပါသလား။

Bertil Lintner ။ ။ ဒါတောင် ဖြေဖို့သိပ်ခက်ခဲပါတယ်။ ရိုးရိုးသားသား ပြောရရင် ကျနော် မဖြေနိုင်ပါဘူး။ သူတို့ ဘင်္ဂလားဒေ့ရှ်မှာ နေနိုင်မလားဆိုတော့ နေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ စစ်တကောင်းတောင်တန်းဒေသအတွက် ပြဿနာ ဖြစ်နေပါတယ်။ ဆိုရင် တတိယနိုင်ငံတခုကို သွားကြမလား။ ဘယ်သူက သူတို့ကို လက်ခံမှာလဲ။

ဦးကျော်ဇံသာ ။ ။ Bertil Lintner ဟာ အခုအခါ ပိတ်သွားခဲ့ပြီဖြစ်တဲ့ Far Eastern Economic Review သတင်း မဂ္ဂဇင်းရဲ့ မြန်မာ့ရေးရာသတင်းထောက် ဖြစ်ခဲ့ပြီး၊ အသက် (၂၄) နှစ်အရွယ် ၁၉၇၇ ခုနှစ်မှာ မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ၁၉၆၂ က ၂၀၁၀ အထိ ကာလရှည်ကြာစွာ စစ်တပ်ကြီးစိုးအုပ်ချုပ်မှု ဖြစ်ရပ်တွေကို နှစ်ပေါင်း (၃၀) လုံးလုံး ရေးသားတင်ပြခဲ့ပါတယ်။ သူတို့ရေးသားမှုတွေကြောင့် ၁၉၈၂ မှာ မြန်မာအစိုးရက သူကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒါပေမဲ့ သူဟာ အဲဒီလို ပိတ်ပင်မှုကို ဖီဆန်ပြီးတော့ အိန္ဒိယနယ်မြေ နာဂတောင်တန်းကတဆင့် မြန်မာပြည်ထဲကို သူ့ဇနီးသည် Hseng Noung နဲ့အတူ ဝင်ရောက်ခဲ့ပါတယ်။ Hseng Noung ဟာ မြန်မာနိုင်ငံသူ ရှမ်းအမျိုးသမီးတဦး ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူဟာ သူ့ရဲ့သမီးငယ်ကို မွေးဖွားပြီးခါစ ဖြစ်ပါတယ်။ သူတို့ဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ ဆယ့်ရှစ်လခန့် ကြာမြင့်ပြီးတဲ့နောက် နောက်ဆုံးမှာ တရုတ်ပြည်ဘက်ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီခရီးဟာ ကြမ်းတမ်းလှတဲ့အပြင် လူမျိုးစု လက်နက်ကိုင်မျိုးစုံတို့ရဲ့ နယ်မြေတွေလည်း ဖြစ်ပါတယ်။ အဲဒီ ခရီးစဉ်ရဲ့ ရလဒ်ကတော့ Land of Jade – A Journey from India through Northern Burma to China ကျောက်စိမ်းမြေ မြန်မာပြည်မြောက်ပိုင်းကို ဖြတ်ကျော်ပြီး အိန္ဒိယမှသည် တရုတ်နိုင်ငံသွားခရီး စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ မြန်မာတိုင်းရင်းသားအင်အားစုတွေနဲ့ ပဋိပက္ခတွေကို ထဲထဲဝင်ဝင်အကျဆုံး ရေးသားထားတဲ့ စာအုပ်လို့ မှတ်ယူခံရတဲ့ စာအုပ်ဖြစ်ပါတယ်။ ဆွီဒင်လူမျိုး သတင်းစာဆရာ Bertil Lintner ဟာ အရှေ့တောင်အာရှရဲ့ နိုင်ငံရေးစာအုပ်ပေါင်း မြောက်မြားစွာကိုလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။ အခုတင်ပြခဲ့တဲ့ အင်တာဗျူးဟာ ကျနော် မေးမြန်းတဲ့ အင်တာဗျူး မဟုတ်ဘဲ၊ ကျနော်က ဘာသာပြန်ဆို တင်ပြခြင်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG