သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ယဉ်ကျေးမှုအရွေ့အပိုင်း (၂)


တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာလူငယ်တွေအကြား မြန်မာ့ယဉ်ကျေမှု ပြန်လည်ရှင်သန်လာနိုင်တဲ့ အလားအလာ၊ ဗမာ့ယဉ်ကျေးမှု ဗဟိုပြု မဟုတ်သော တိုင်းရင်းသားအားလုံး ဗဟိုပြု ပြည်ထောင်စုယဉ်ကျေးမှု ဖြစ်ထွန်းရေးအလားအလာ စတာတွေကို စာရေးဆရာ ချစ်ဦးညိုနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ စောစောက လုံးဝမှေးမှိန်သွားပြီဆိုတဲ့အထဲက ဇာတ်သဘင်အကြောင်း နည်းနည်းပြောချင်ပါတယ်။ ဇာတ်သဘင်မှာ အထူးသဖြင့် ပြဇာတ် - လူငယ်တွေလည်း စိတ်ဝင်စားနိုင်တဲ့ ပြဇာတ်၊ လူတွေရဲ့ဘဝကို တိုက်ရိုက်ထင်ဟပ်စေတဲ့ ပြဇာတ် - အဲဒါမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားရှိခဲ့ဖူးလား။ ကျနော် ကြားဖူးတာက ဂျပန်ခေတ်မှာ ရုပ်ရှင်မရှိလို့ ပြဇာတ်ဟာ တခေတ်ပြန်ထွန်းကားခဲ့ပြီးတော့ အဲဒီနောက်မှာ အဆင့်မြင့်တဲ့ ပြဇာတ်တွေ အဲဒီလိုများ ဆက်တိုက်ရှိခဲ့ပါလား။

ချစ်ဦးညို ။ ။ ရှိခဲ့ပါတယ်။ ရှိခဲ့တယ်ဆိုတာက ၁၉၆၀ ဝန်းကျင် ၁၉၇၀ လောက်ထိကို ရှိခဲ့ပါတယ်။ ရှိခဲ့တယ်ဆိုတာ ဇာတ်အဖွဲ့ကြီးတွေက ပြဇာတ်ကို တခမ်းတနား ကကြတယ်။ ဒီနိုင်ငံတွေမှာက Opera က Opera သက်သက်၊ Ballet – Dance Drama က သက်သက်၊ Play က Play သက်သက် အဲဒီလို သူ့ရုံနဲ့သူ နှစ်လုံးပေါက် ကကြတာရှိတယ်။ ကျနော်တို့ မြန်မာရဲ့ Performance Arts က တညထဲမှာ အစုံပေးတာ။ အရသာချင်း မတူဘူး။ နံပတ်တစ် ဧည့်ခံဆိုင်း တီးလိုက်တယ်။ ပြီးနောက် နတ်ကတော် အပျိုတော် ထွက်လိုက်တယ် - ကန့်တော့ပွဲတွေနဲ့။ အဲဒါပြီးတော့ အောင်ပရာ (Opera) လို့ခေါ်တဲ့ဟာ တခုထွက်တယ်။ ခေါ်တော့သာ အောင်ပရာ သူက အဆိုတွေ၊ အပြောတွေ၊ အကတွေ ပါတယ်။

ဦးကျော်ဇံသာ ။ ။ အော်ပရာ (Opera) ဆိုတာ အနောက်တိုင်းစကား။

ချစ်ဦးညို ။ ။ အော်ပရာ (Opera) ဆိုတာ အနောက်တိုင်းစကား - အဆိုဇာတ် - သီချင်းနဲ့ သရုပ်ဖော်တာ။ မကဘူး၊ စကားမပြောဘူး။ ဒါပေမဲ့ မြန်မာ့ဇာတ်သဘင်မှာ ရှေ့ပိုင်းထွက်တဲ့ (၄၅) မိနစ်စာကို အော်ပရာလို့ ခေါ်တယ်။ ဒီည အော်ပရာကတော့ ဘာအော်ပရာ။ အဲဒါပြီးမှ ပြဇာတ်လာတယ်။ ခေတ်ပေါ်ပြဇာတ် - ခေတ်အဝတ်အစားတွေနဲ့။ အဲဒီပြဇာတ်ကို သိပ်သဘောကျကြတယ်။ အဲဒီပြဇာတ်မှာ မြို့တော်သိန်းအောင် တခေတ် ဖြစ်ခဲ့တယ်။ နောက်တခါ ကိုငြိမ်းမင်းတို့ရဲ့ ပြဇာတ်တွေ။ ကိုစိတ္တတို့ရဲ့ ပြဇာတ်တွေ။ ဇာတ်မှာ အဲဒီပြဇာတ်တွေ။ အဲဒါလည်းပြီးရော အားလပ်ချိန် ပေးလိုက်တယ်။ ဒီမှာတင် ညဦးပိုင်း - ညရဲ့ ပထမပိုင်းတဝက်မှာ အရသာ လေးငါးမျိုးလောက်ရပြီ။ အားလပ်ချိန်ပြီး ပြန်စတော့ နှစ်ပါးသွားနဲ့စတယ်။ နှစ်ပါးသွားကတော့ အလွတ်လပ်ဆုံး၊ အပျော်ဆုံး - လူပြတ်တွေ၊ မင်းသား၊ မင်းသမီးတွေ ကကြ။ နှစ်ပါးသွားလည်းပြီးရော ကားလိပ်ချပြီးတော့ ဝန်နှစ်ပါးထွက်ပြီးတော့ အဲဒီမှာ နောက်ပိုင်းဇာတ်ထုပ် - မိုးလင်းတဲ့အထိ။ နောက်ပိုင်းဇာတ်က ဗုဒ္ဓဝင်ဖြစ်မယ်၊ ရာဇဝင်ဖြစ်မယ် - အင်မတန် အရသာရှိတယ်။ အမှန်တော့ ကျနော် သိသလောက် လူတယောက်ရဲ့ အနုပညာတခု ခံစားနိုင်မှု စွမ်းအားဟာ နှစ်နာရီခွဲထက် ပိုမရဘူး။ ဒါကြောင့် ရုပ်ရှင်တွေက အဲဒီလောက်ပဲရှိတာ။ ဒါကြောင့် ညလုံးပေါက် ထိုင်ကြည့်တယ်ဆိုတာ အံ့သြစရာကောင်းတယ်။ ဘာကြောင့်လဲ ကြည့်နိုင်မှာပေါ့ သူက အမျိုးမျိုးအရသာတွေ့နိုင်တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တချို့လူငယ်တွေက ပြဇာတ်ကို စိတ်ဝင်စားကြတယ်။ အဲဒါ ဘာကြောင့် ပြန်ဖော်ဖို့ မဖြစ်နိုင်တာလဲ။

ချစ်ဦးညို ။ ။ အဲဒါ ဖြစ်နိုင်တယ်။ ပြန်ဖော်ဖို့ ဖြစ်နိုင်တယ်။ ကျနော်ဆိုလည်း ကျနော့် ဝထ္တုတွေ၊ ဇာတ်လမ်းတွေကို မန္တလေးအငြိမ့်ဇာတ်တွေက ကချင်ပါတယ်ဆိုတော့ ကျနော် အလကားပေးတယ်။ ပိုက်ဆံမယူဘူး။ ကြည့်စေချင်လို့။ အဲဒီတော့ ဥစ္စာရင်လို့ ဥစ္စာရင်းခဲ - ဒီကိစ္စမှာ တာဝန်အရှိဆုံးက ကာယကံရှင်။ ပရိသတ်ကို မပြောနဲ့ အစိုးရကိုလည်း ထည့်မပြောနဲ့။ အစိုးရနဲ့ ဘာမှမဆိုင်ဘူး။ ကျနော်တို့ဆီမှာ Performance Theater မရှိဘူး။ မင်းသားဇာတ်ရုံ မရှိသေးဘူး။ ရန်ကုန်၊ မန္တလေး ဒါပဲ။ ရောက်တဲ့နေရာ စင်ထိုးပြီးကတယ်။ ယဉ်ကျေးမှုဌာနကလည်း သေချာ မလုပ်ပေးနိုင်ဘူး။ ဥစ္စာရင်လို့ ဥစ္စာရင်းခဲ - ပြန်လည်စီစဉ်ပေးရမယ်။ လူငယ်တွေ ဆာလောင်မွတ်သိပ်နေတာကို တွေ့ရတယ်။ တခါတရံမှာ လူငယ်တွေကို သိပ်သနားတယ်။ သူတို့ ဘာကိုမွတ်သိပ်နေလဲဆိုတာ သူတို့ မသိဘူး။ ဆာလောင်တာပဲသိတယ် - ရေဆာတာလား။ ထမင်းဆာတာလား။ မုန့်ဆာတာလား။ အဲဒါကို ပညာရှင်တွေက၊ အနုပညာရှင်တွေက သိပြီးတော့ ရော့ဆိုပြီး ပေးနိုင်ရမယ်။ အဲဒါမှ သူ့ Culturalism က တက်လာမယ်။ ကျနော် အဲဒီလိုမြင်တယ်။

ဦးကျော်ဇံသာ ။ ။ အခုပြောနေတဲ့ မြန်မာ့ယဉ်ကျေးမှု မြန်မာရဲ့ Culture and Civilization ဟာ ပြည်မမြန်မာယဉ်ကျေးမှုကို အဓိကထား ပြောနေကြတာ များပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ အခုဆိုရင် နိုင်ငံရေးအရ တက်တက်ကြွကြွ အများကြီးတွေ့ရပါတယ်။ ယဉ်ကျေးမှုပိုင်းမှာ တိုင်းရင်းသားယဉ်ကျေးမှုတွေဟာ ဘယ်လောက်အထိ ရောထွေးမှု အပြန်အလှန်နားလည်မှု ရှိလာကြတယ်လို့ ထင်ပါလဲ။

ချစ်ဦးညို ။ ။ အဲဒီမှာတော့ အပြန်အလှန် နားလည်မှုတော့ ရှိတယ်။ သို့သော် အပြန်အလှန် ဆက်စပ်မှုနဲ့ ရောထွေးမှုတော့ အားနည်းနေသေးတယ်လို့ ကျနော်မြင်တယ်။ ဥပမာ မွန်ယဉ်ကျေးမှု (Mon Culture) ဆိုရင် အင်မတန်ကြီးတာ။ မွန်တို့ရဲ့ ယဉ်ကျေးမှု။ ဒုကြီးဒယ်ကြီးနဲ့ ပုဂံထက်တောင် သူက ရှေ့ကျတယ်။ အခုတော့ မွန်ယဉ်ကျေးမှုကိုက နည်းနည်းလေး နောက်ဆုတ်သွားတယ်။ မွန်တိုင်းရင်းသားတွေလည်း ဒါကို သိတယ်။ သိပြီးတော့ သူတို့ ထိန်းသိမ်းမှု မလုပ်နိုင်ဖြစ်နေတယ်။ ကချင်၊ ကရင် ရှေ့တိုး (advance) ဖြစ်လာတယ်။ ရှမ်းလည်း ရှေ့တိုး (advance) ဖြစ်လာတယ်။ ဝတ်တာစားတာကအစ အရောင်တွေစပ်တာကစပြီးတော့ ဒီဇိုင်းလေးတွေ၊ ဖက်ရှင်လေးတွေက အင်မတန် လှလာတယ်။ ပြီးတော့ သူတို့ရဲ့ တီးလုံးထဲမှာ ရှမ်းအိုးစည်ထဲမှာ ဂစ်တာထည့်ထားတယ်။ ရှမ်းအိုးစည်ထဲမှာ ဘေ့စ် ထည့်ထားတယ်။ အဲဒါလေးတွေက အင်မတန်ကို အဆင်ပြေတယ်။ ဆိုတော့ တိုင်းရင်းသားတွေထဲမှာ အဲဒီ သုံးလေးမျိုးလောက်ကတော့ တက်လာတယ်။ သို့သော် ကျနော်တို့ အခုပြောလာတဲ့ Culture and Civilization - ဦးကျော်ဇံသာ ပြောသလို ဗမာတိုင်းရင်းသားကို အဓိကထား ပြောနေခဲ့တယ်။ ကျနော်လည်း အင်မတန် စိတ်ဝင်စားပါတယ်။ တခြားသော တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုက ဗမာယဉ်ကျေးမှုနဲ့ ဆက်စပ်ဖြစ်ဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ အစိုးရက ဖွင့်ထားတဲ့ ယဉ်ကျေးမှုတက္ကသိုလ်တို့ ဘာတို့ဆိုတာ ဗမာတိုင်းရင်းသား ယဉ်ကျေးမှုကိုပဲ အဓိကထားသလား။ တိုင်းရင်းသားယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုဆိုင်ရာ လေ့လာစရာ ကျောင်းတို့၊ Institute တို့ ဘာမှမရှိဘူး။

ချစ်ဦးညို ။ ။ ယဉ်ကျေးမှုတက္ကသိုလ်မှာ ဗမာကိုပဲ အဓိကထားလုပ်တယ်။ သို့သော် ယိမ်း - ဥပမာ ကရင်ဒုံယိမ်း။ ရှမ်းအိုးစည်။ မွန်အက - ဒါတွေကိုတော့ Variety တခုအနေနဲ့ Item တခုအနေနဲ့ သင်ပေးတယ်။ သို့သော်လဲ အက၊ အဆို၊ အတီး ဘာညာအားလုံးဟာ ဥပမာ ကြိုး (၁၃) ပုဒ်၊ ယိုးဒယား ဘယ်နှစ်ပုဒ်၊ ပတ်ပျို ဘယ်နှစ်ပုဒ်၊ မဟာဂီတအတိုင်း။ မဟာဂီတ က တိုင်းရင်းသားထဲမှာ ရှိမှမရှိတာ။ အဲဒါ ဗမာမှာပဲ ရှိတာ။ ဒါကို နည်းနည်းကျယ်ပြန့်ဖို့ လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု တိုင်းရင်းသားဒေသတချို့မှာ တိုင်းရင်းသားဘာသာစကားနဲ့ စာသင်မယ်ဆိုတာ အငြင်းပွားနေဆဲ။ တိုင်းရင်းသားဘာသာစကားနဲ့ အဲဒါကို Medium ထားပြီး သင်မှာလား။ ဒါမှမဟုတ် တိုင်းရင်းသားဘာသာစကားတခုတည်းကိုပဲ သီးခြား Subject အနေနဲ့ သင်သင့်သလား ဆိုတာမျိုး အဲဒီလိုမျိုးကြားတယ်။ ဆရာ အဲဒီအပေါ် ဘယ်လိုသဘောရလဲ။

ချစ်ဦးညို ။ ။ သိပ်သင်သင့်တယ်။ သိပ်ကို သင်သင့်တာပေါ့။ ဒါကို အရင်တုန်းက Optional Burmese တို့ ဘာတို့ ရှိသလို။ ဒါကို Optional အနေနဲ့ သီးခြားဘာသာရပ်တခုအနေနဲ့ သင်သင့်တယ်။ စာ၊ စကား နှစ်ခုလုံး သင်သင့်တယ်။ အဲဒီလိုမှ အခုပြောပြောနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ဘာညာပြောမနေနဲ့ - အဲဒီလို ပညာရေး (Education) က လုပ်ပေးမှ စည်းလုံးညီညွှတ်မှာ။ အဲဒီအခါမှ ကိုယ်ချင်စာနာတတ်မှာ။ သင့်သင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ယဉ်ကျေးမှုကို အဲဒီလိုမျိုး ပူးတွဲဖော်ထုတ်ဖို့ မဖြစ်သင့်ဘူးလား။

ချစ်ဦးညို ။ ။ အဲဒါကတော့ နည်းနည်းလက်ဝင်လိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံချင်း မတူညီကြဘူး။ ဒီ Timing ထဲမှာတော့ တူတာပေါ့။ သို့သော်လဲ ခြေလှုပ်လက်လှုပ် အခြေခံချင်းတော့ မတူညီကြဘူး။ ဥပမာ မြန်မာအကဆိုရင် ဗမာ-ဗမာ တိုင်းရင်းသားအကဆိုရင် ကနုတ်လိုပဲ ကတယ်။ ကွေးနိုင်သလောက် ကွေးတယ်။ ဆက်ကွေးလို့ မရတော့ဘူးလား - ပြန်ဖြေတယ်။ တိုင်းရင်းသားတချို့ရဲ့ အက က ဒီလို အကွေးအညွှတ်ကို မယူဘူး။ သူတို့က မျဉ်းဖြောင့်နဲ့ အမာကို ယူတယ်။ ဗမာအက က မျဉ်းအပျော့ ကနုတ်ကိုယူတယ်။ အဲဒီတော့ ဒီနှစ်ခုကြားမှာ မျှတအောင် ပေါင်းစပ်ဖို့ဆိုတာ သိပ်တော့မလွယ်လှဘူး။ ဒါကို ပညာရှင်တွေမှ လုပ်နိုင်မှာ။

ဦးကျော်ဇံသာ ။ ။ ကျနော်က အကအကြောင်း ဆရာလောက်တော့ မသိပါဘူး။ ကျနော် စဉ်းစားမိတာ ဆရာစောစောက ပြောခဲ့တဲ့ တိုင်းရင်းသားတချို့ ယဉ်ကျေးမှု ဆက်လက်ရှင်သန်နေတဲ့ ကချင်၊ ကရင်တို့က ခရစ်ယာန်သာသနာပြုတွေက သူတို့ရဲ့ ဘုရားကျောင်း (Church) မှာ များသောအားဖြင့် လူမျိုးတွေက ခရစ်ယာန်ဘာသာဆိုတာ သူတို့ကျောင်းတွေမှာ ဆိုတာ၊ တီးတာ၊ အတီးပညာတွေ သင်ပေးတယ်။ စတူဒီယို တေးလောက ပေါ်ပေါက်လာတဲ့အခါ ဒီလူငယ်တွေ တိုင်းရင်းသားလူငယ်တွေက အဆိုထဲမှာ သိပ်အောင်မြင်လာကြတယ်။ အဲဒီလိုရှိတယ်။ တနည်းအားဖြင့် အထက်က ပံ့ပိုးပေးတဲ့သဘော။ ဘာသာရေးဖြစ်ဖြစ်၊ အစိုးရဘက်က အဲဒီလိုမျိုး စဉ်းစားကြည့်တာပါ။ တိုင်းရင်းသားယဉ်ကျေးမှု ပိုမိုရှင်သန်လာအောင် အဲဒီလိုမျိုး တခြားယဉ်ကျေးမှုတွေ ရှင်သန်လာအောင် လုပ်နိုင်မယ့်နည်းလမ်းများ စဉ်းစားနိုင်မလား။

ချစ်ဦးညို ။ ။ လုပ်နိုင်မယ့် နည်းလမ်းကတော့ Music က စရမှာ။ ဂီတ က စပြီးတော့လုပ်မှ ရမယ်။ ဂီတာမှာ အခုန အခြေခံအသံထားပုံ၊ အသံတက်ပုံ၊ အသံမြင့်ပုံနိမ့်ပုံ ဒါကို အခြေခံထားပြီး လုပ်ရမယ်။ ဂီတပြီးတော့မှ တခြားဟာတွေ ကူးလို့ရမယ်။ အခု ဗမာပြည်မှာက သိတဲ့အတိုင်း ပန်တျာကျောင်းဆိုတာရှိတယ်။ အဆို၊ အက၊ အရေး၊ အတီး သင်ပေးတယ်။ အခြေခံ - အဲဒါလည်း ဗမာအကတွေနဲ့ ကဗျာလွတ် ဘာညာ။ အဲဒါပြီးတော့မှ ဆယ်တန်းအောင်တယ်ဆိုရင် ယဉ်ကျေးမှုတက္ကသိုလ် တက်လို့ရတယ်။ ယဉ်ကျေးမှုတက္ကသိုလ်မှာ သဘင်၊ ပန်းပု၊ ပန်းချီ၊ ရုပ်ရှင်ဆိုပြီး ခွဲထားတာရှိတယ်။ အဲဒီမှာက Advance ဖြစ်သွားပြီဆိုတော့ ဆယ်တန်းအောင်သွားပြီဆိုတော့ သင်တဲ့သင်ရိုးတွေကလည်း တက္ကသိုလ်သင်ရိုးနဲ့ သင်တဲ့အခါကြတော့ တိုင်းရင်းသားဘက်ကိုမရောက်ဘူး ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဆရာ ဘယ်လို မြင်ပါလဲ။ ဘယ်လို လုပ်သင့်လဲ။ ပြည်ထောင်စုတိုင်းရင်းသား ချစ်ကြည်ရေး - တကယ်တော့ နိုင်ငံရေးအားဖြင့်ကြည့်ကြည့်၊ ယဉ်ကျေးမှုအားဖြင့်ကြည့်ကြည့် စစ်မှန်တဲ့ပြည်ထောင်စု ဖြစ်ပေါ်ဖို့အတွက် ကိုယ့်လူမျိုး Ethnic – Ethnocultural သိပ်ထွန်းကားနေပြီး ဒါကိုပဲ ဇောက်ချလုပ်နေရင် မဖြစ်ဘူးလို့ထင်တယ်။ နိုင်ငံရေးအားဖြင့်လည်း တိုင်းရင်းသားပါတီပဲ၊ ဗမာပါတီ အဲဒီလို မဖြစ်သင့်ဘူးထင်တယ်။ အကုန်လုံးဟာ တပြေညီတည်း ဖြစ်သင့်တယ်ထင်တယ်။

ချစ်ဦးညို ။ ။ ကျောင်း - အခြေခံကျောင်းမှာကတည်းက ပေါင်းစပ်ထားသင့်တယ်။ တက္ကသိုလ်မှာလည်း ယဉ်ကျေးမှုတက္ကသိုလ်လို့ မခေါ်ဘဲနဲ့ ပြည်ထောင်စုတိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှုတက္ကသိုလ်ဆိုပြီးတော့ အဲဒီမှာ Department တွေ၊ Faculty တွေ ခွဲထားသင့်တယ်။ အဲဒီကနေ Research တွေလုပ်၊ အဲဒီကနေ အဆိုတွေ၊ အကတွေ တီထွင်။ အဲဒါမှ အဲဒီလိုလုပ်မှ ဆက်စပ်မှုတွေ ရှိမယ်။ ဒီအတိုင်းက ဗမာတိုင်းရင်းသား ဗဟိုပြု ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာပြောသလို ဖြစ်လာဖို့ကတော့

ချစ်ဦးညို ။ ။ အတော်လေး လုပ်ယူရမယ်။ အဲဒါကို တာဝန်ရှိတဲ့လူတွေ သဘောပေါက်ပြီး လုပ်မယ်ဆိုရင် ဖြစ်ပါတယ်။ ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ။

ဦးကျော်ဇံသာ ။ ။ တာဝန်ရှိတဲ့လူတွေ သဘောပေါက်ဖို့က သိပ်အရေးကြီးတယ်။ ဆိုတော့ အခုနပြောသလို တိုင်းရင်းသားတွေ Ethnic Culture, Ethnic Politics သီးခြားဖြစ်နေသလိုပဲ နောက် ကျနော်မြင်တာက မြန်မာ့ယဉ်ကျေးမှု အကုန်လုံးကို တိုင်းတာလိုက်ရင် ဘာသာရေးနဲ့ ပတ်သက်လို့ ဆရာ ဘယ်လို မြင်ပါလဲ။ မြန်မာနိုင်ငံမှာ အစကတည်းက YMBA ခေတ်ကတည်းက အမျိုးသားရေးမှာ အမျိုးဘာသာ၊ သာသနာဆိုတာ ထိပ်ဆုံးက ပါလာတာ။ အခု ၁၉၀၆ လောက်ကတည်းက အခုထိ ဒီအယူအဆရှိလာခဲ့တာ ပိုလိုတောင် ပြင်းထန်လာတယ် ဖြစ်နေပါလား။ အဲဒီကိစ္စကို ဆရာ ဘယ်လို သုံးသပ်ပြောလိုပါလဲ။

ချစ်ဦးညို ။ ။ ၁၉၃၀ ကာလ ဒို့ဗမာအစည်းအရုံးကာလ၊ နောက် YMBA ကာလမှာ အမျိုးဘာသာ သာသနာက တကယ်မှန်တယ်။ မလုပ်လို့ကို မရတာ။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်လက်အောက်လေ။ တကယ့်ကို တိုင်းရင်းသား၊ ဗမာဆိုပြီး ဒို့ဗမာအစည်းအရုံး ကြွေးကြော်သံက “ဗမာစာကိုချစ်ပါ၊ ဗမာပြည်ကို …” အဲဒီ အမျိုးဘာသာ သာသနာက တကယ်လုပ်သင့်လုပ်ထိုက်လို့ ပေါ်လာတဲ့ ဘာသာ သာသနာ။ အဲဒီလို အမျိုးဘာသာ သာသနာ ကြွေးကြော်စရာ အခု မလိုတော့ဘူး။ ကြွေးကြော်မယ်ဆိုရင်လဲ၊ လုပ်မယ်ဆိုရင်လဲ အမျိုးဘာသာ သာသနာ အပြင်၊ အသိဉာဏ်ပညာလည်း ထည့်ပေးရမယ်။ အဲဒီလိုလုပ်မှ ဖြစ်မယ်။ အခုက ဗိုလ်ချုပ်အောင်ဆန်းလည်း ပြောဖူးတယ် - ဒီအချိန်ဟာ အမျိုးဘာသာ သာသနာ မဟုတ်တော့ဘူးလို့ ပြောဖူးတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာက အဲဒီတော့ လွတ်လပ်မှုဆိုတဲ့ နေရာမှာ အာဏာပိုင်တွေက ထိန်းချုပ်ထားတာ၊ သူတို့ လွတ်လွတ်လပ်လပ် ဖန်တီးချင်တာကို အာဏာပိုင်တွေသာမက အခုန Society လူမှုအသိုင်းအဝိုင်းထဲမှာ အဲဒီလို တဘက်သတ် ဆွဲချင်တဲ့ အယူသည်းနေတဲ့ လူတွေနဲ့ ဒီလူတွေရဲ့ ထိန်းချုပ်မှုကလဲ ကဏ္ဍတခု ရှိနေတာပေါ့။ အဲဒီကိစ္စကို ဘယ်လို ဖြေရှင်းလို့ ကိုင်တွယ်လို့ ရမလဲ။

ချစ်ဦးညို ။ ။ အဲဒါကတော့ ကျနော် စာရေးဆရာတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဆီလိုအပေါက်ရှာ ထွက်ရမှာ။ ဒီပိတ်စို့မှုတွေ၊ ချုပ်ကိုင်မှုတွေ များလေလေ အဲဒီကနေ ဖောက်ထွက်ပြီးတော့ အဲဒီအထဲမှာ Creativity ဆိုတာ အဲဒီအထဲမှာပါတာ။ အဲဒီလိုဖောက်ထွက် အသစ်ဖြစ်၊ ပိတ်ထားလိုက်၊ ထပ်ဖောက်ထွက် အသစ်ဖြစ်။ ပိတ်ထားသေးလား။ ထပ်ပြီးဖောက်ထွက် အသစ်ဖြစ် - အဲဒီလိုနည်းနဲ့ ထွက်ရမှာ။ အခုန ဥပဒေကြောင်းအရ ဘာညာကတော့ သက်ဆိုင်ရာလူတွေ လုပ်ကြလိမ့်မယ်။ အဲဒါ တရားလား၊ မတရားလား လူတိုင်းသိတယ်။ ကာယကံရှင်လူတွေ၊ အနုပညာသမားတွေ၊ စာရေးဆရာတွေ၊ သဘင်ဆရာတွေ၊ ဂီတဆရာတွေကတော့ အဲဒီလို ပိတ်စို့ထားတဲ့ကြားက ဒီလိုလုပ်တဲ့ကြားက အသစ်တွေထွက်လာတယ်။ သမိုင်းပြည်ကြည့်လည်း အဲဒီလိုမျိုးတွေ အများကြီးပါ။

ဦးကျော်ဇံသာ ။ ။ ပိတ်စို့တာတွေ့ရင် ဖောက်ထွက်ရမယ်ဆိုတာ ဆရာပြောသလို ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်လည်း အဲဒီလို ပြောခဲ့ဖူးပါတယ်။

XS
SM
MD
LG