သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာမင်းကြီးပြောကြားချက် နဲ့ လက်တွေ့အခြေအနေ


Michelle Bachelet, UN High Commissioner for Human Rights on the 70th Anniversary of the Universal Declaration of Human Rights
Michelle Bachelet, UN High Commissioner for Human Rights on the 70th Anniversary of the Universal Declaration of Human Rights

လွန်ခဲ့တဲ့ မတ်လ (၂၁) ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာ တင်သွင်းခဲ့တဲ့ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က မြန်မာနိုင်ငံဟာ ပြိုလဲပျက်စီးမယ့် အန္တရာယ်ပိုများလာတယ်လို့ ပြောသွားပါတယ်။ သူရဲ့ ပြောကြားချက်ဟာ တကယ့်လက်တွေ့ အခြေအနေနဲ့ ဘယ်လောက် ကိုက်ညီပါသလဲ။ မြန်မာပြည်တွင်းမှာ နေထိုင်နေတဲ့ နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်း နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မနေ့တနေ့ကပဲ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာ တင်သွင်းတဲ့နေရာမှာ အခုလို ပြောသွားပါတယ်။ "Myanmar is increasingly at risk of state collapse, with shattered economic, education, health, and social protection systems." မြန်မာနိုင်ငံဟာ ပြိုလဲပျက်ဆီးမည့် အခြေအနေနဲ့ တဖြည်းဖြည်းနဲ့ နီးကပ်လာနေပြီလို့ ပြောသွားတာ ဖြစ်ပါတယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု့ကာကွယ်ရေးစနစ် စတာတွေဟာ ချွတ်ခြုံကျသွားပြီဆိုတာကိုလည်း ပြောထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးရဲထွန်းနဲ့ ကျနော် ဆွေးနွေးလိုတာ ဖြစ်ပါတယ်။ ဦးရဲထွန်းက မြန်မာနိုင်ငံထဲမှာ နေပြီးတော့ နိုင်ငံရေး သုံးသပ်နေသူဆိုတော့ ဒီအခြေအနေဟာ ဘယ်လောက်မှန်ကန်သလဲဆိုတာကို စပြီးကြည့်ကြရအောင်ပါ။ မြန်မာနိုင်ငံဟာ ပြိုပျက်လုနီးပါးအခြေအနေနဲ့ ဆိုက်နေပြီဆိုတာ ဟုတ်ပါသလား။

ဖြေ ။ ။ သူ့အစီရင်ခံစာထဲမှာက မြန်မာနိုင်ငံဟာ ဒီလာမယ့်နှစ်တွေမှာဆိုရင် (၅၅) သန်းလောက်ရှိတဲ့ ပြည်သူလူထုရဲ့ တဝက်လောက်က ဆင်းရဲတွင်းမျဉ်းအောက်လောက် ရောက်သွားမယ်။ ဆင်းရဲတဲ့လူတွေ ဖြစ်သွားမယ်ဆိုတဲ့အချက်ကို သတိထားမိတယ်။ အဲဒါတော့ နည်းနည်းနီးစပ်တာပေါ့။ တော်တော်များများတော့ အခုအခါမှာတော့ အလုပ်တွေအကိုင်တွေ ပျောက်သွားကြတယ်။ အလုပ်အကိုင် မရှိကြဘူး။ နောက် လုပ်လို့ကိုင်လို့လည်း အဆင်မပြေဘူး။ အစိုးရဝန်ထမ်းတွေဆိုရင်လည်း CDM လုပ်ရမှာလား။ CDM မလုပ်ရမှာလား။ မလုပ်ဘဲနဲ့ နေပြန်တော့လည်း တခါ အသက်အန္တရာယ်၊ ရန်ရှာတာခံရ စသည်ဖြင့် အမျိုးမျိုး။ ပြောချင်တာက ဘယ်အလုပ်အကိုင်မှ အဆင်မပြေကြဘူးပေါ့။ ဒါကတချက်။ နောက်တခုက နိုင်ငံခြားကုမ္ပဏီတွေလည်း ထွက်သွားကြတာတွေ ရှိတဲ့အခါကြတော့ မျှော်လင့်ထားတဲ့ တရုတ်ပြည်က ကုမ္ပဏီတွေလည်း ဝင်မလာကြဘူးပေါ့။ အဲဒီလိုဆိုတော့ ဒီဟာကတော့ မှန်သင့်သလောက် မှန်ပါတယ်။

နောက် ပြိုပျက်သွားနိုင်တယ်ဆိုတဲ့ ကိစ္စကတော့ အာဏာကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်း - အခုကတော့ တပ်မတော်ပေါ့။ တပ်မတော်က ပြိုကွဲသွားမလားဆိုတဲ့ပေါ် မူတည်တာပေါ့။ အခုလောလောဆယ် အနေအထားကတော့ အဲဒီလို တပ်မတော်ပြိုကွဲသွားနိုင်တဲ့ အနေအထားကတော့ မရှိသေးဘူး။ သူကို ဝိုင်းတိုက်နေတဲ့ အဖွဲ့အစည်းတွေကတော့ စာရင်းအရ ကြည့်လိုက်လို့ရှိရင်တော့ အများကြီးပေါ့။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးက စာရွက်ပေါ်မှာ ကြည့်လိုက်ရင်တော့ အများကြီး။ လက်တွေ့မှာတော့ အဲဒီအဖွဲ့တွေအားလုံးကလဲ စုစုစည်းစည်း ညီညီညွှတ်ညွှတ်နဲ့ ဝိုင်းတိုက်နေကြတာ မဟုတ်ဘူး။ တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေက တပ်မတော်နဲ့ လက်နက်ကိုင်တိုက်ပွဲ မဖြစ်တဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ အဓိကအားဖြင့်တော့ UWSA အဲဒီလို အဖွဲ့အစည်းတွေ၊ AA တို့လို အဖွဲ့အစည်းတွေက အခုအချိန်မှာဆိုရင် တပ်မတော်နဲ့ လုံးဝတိုက်ပွဲ မဖြစ်ဘူး။ ဆိုတော့ သူ့အတွင်းပိုင်းမှာလဲ ပြိုကွဲမယ့်သတင်းကိုတော့ အခုထိတော့ မတွေ့ရသေးဘူး။ အကြီးမာဆုံး အန္တရာယ်ကတော့ တပ်မတော်ထဲကပဲ လာမှာဖြစ်တာပေါ့။

မေး ။ ။ ဒါပေမဲ့ ဒီနေရာမှာ တချို့တိုင်းရင်းသားတွေ၊ တိုင်းရင်းသားအင်အားစုတွေက သူတို့တိုင်းရင်းသားတွေအနေနဲ့ သူတို့ လိုချင်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပုံစံမျိုး မရဘူးဆိုရင် ဆိုပြီးတော့ ဒီထက်ပိုပြီးတော့ ချဲ့ထွင်စဉ်းစားလာကြတာတွေ ရှိနေကြပါတယ်။ ဆိုတော့ ဒီအခြေအနေကရော ပြည်ထောင်စုကို တစုတစည်းတည်း မပြိုမကွဲအောင် ထိန်းသိမ်းထားနိုင်မယ့် အခြေအနေ ရှိရဲ့လား။ အဲဒါကိုလဲ ဒီနေရာမှာ ကျနော်တို့ ထည့်သွင်းစဉ်းစားရမယ် ထင်ပါတယ်။

ဖြေ ။ ။ ဒီဟာနဲ့ ပတ်သက်လို့ကတော့ အခု တိုင်းရင်းသားတွေ မျှော်လင့်စရာက NUG, CRPH က ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ NUG က သူတို့ကို ဖိတ်ခေါ်တယ်၊ သူတို့နဲ့ စကားပြောပြီးတော့ အစိုးရလည်း ဖွဲ့ထားတယ်။ အဲဒီမှာ သူတို့က ဖက်ဒရယ်ဒီမိုကရေစီ ပေးမယ်လို့ ပြောတယ်။ သို့သော်လဲ အခုထက်ထိ အနာဂတ်အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ တူညီတဲ့ ဆွေးနွေးချက်တွေ ထွက်မလာသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဟိုတခါ ကျနော်တို့ ဆွေးနွေးခဲ့ကြသလိုပဲ ဖက်ဒရယ်စနစ်ကို NLD က ပေးမယ်ဆိုတာက ဘယ်လောက်စိတ်ချရသလဲ။ ဘယ်လောက် သူတို့ နားလည်သလဲဆိုတဲ့ပေါ်မှာ သူတို့လည်း သံသယ ရှိကြလို့ ရွေးရခက်နေတဲ့ပုံ ပေါ်ပါတယ်။ တပ်မတော်အနေနဲ့လဲ ဖက်ဒရယ်စနစ်ကို အခုအခါက သူတို့က လက်ခံတယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ သွားမယ်လို့လဲ သူတို့က ပြောထားတယ်။ ဆိုတဲ့အခါကြတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့က အထူးသဖြင့်တော့ ဟိုတနေ့က ပြောလိုက်တာ AA ပေါ့။ ဒီလို တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင် မရရင်၊ ကျနော်တို့ဘာသာ ကျနော်တို့ လွတ်လွတ်လပ်လပ် နိုင်ငံခြားအကူအညီနဲ့ သွားရလိမ့်မယ်လို့ သူပြောလိုက်တာ ရှိတယ်။ အဓိကပြောချင်တဲ့ သဘောကတော့ ဖက်ဒရယ်စနစ် မရလို့ရှိရင် ခွဲထွက်ဆိုတဲ့ အဲဒီလိုမျိုးသဘော ပြောလိုက်တာမျိုး ရှိတယ်။ ဒါကလဲ ကျနော် ခန့်မှန်းကြည့်တာတော့ တကယ် ခွဲထွက်ဖို့ ရည်ရွယ်တာ မဟုတ်ဘဲနဲ့ ဖိအားပေးတယ်လို့ပဲ ရည်ရွယ်ပါတယ်။ ခြိမ်းခြောက်တာ၊ ဖိအားပေးတာ။ ကျနော်တို့ မြန်မာနိုင်ငံရေးသမားတွေ NLD အပါအဝင် နိုင်ငံရေးသမားတွေနဲ့ တပ်မတော်ခေါင်းဆောင်တွေကို ဖိအားပေးပြီး၊ သတိပေးလိုက်တဲ့သဘောလို့ မြင်ပါတယ်။

မေး ။ ။ ဆိုတော့ နောက် ကျနော်မေးချင်တာက Michelle Bachelet ပြောတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ လုံခြုံရေး၊ နောက်ပြီးတော့ စီးပွားရေးတော့ ပြောပြီးပြီ။ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်စတဲ့ လူ့အခွင့်အရေး အခြေအနေတွေကော ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါး ဖြစ်နေပြီး၊ ပြန်ပြီးတော့ကော အဖတ်ဆယ်လာနိုင်တဲ့ အခြေအနေ အခုလောလောဆယ်မှာ ရှိလာနိုင်ပါသလား။

ဖြေ ။ ။ အခုလောလောဆယ်မှာတော့ မရှိနိုင်သေးဘူး။ အခုလောလောဆယ်မှာတော့ ဘယ်ဘက်မှ မပါဘူး။ လက်ရှိ နစကကိုလည်း ပုတ်ခတ်တိုက်ခိုက်တာ၊ တော်လှန်တာ မလုပ်ဘူး။ NUG ကိုလည်း ပုတ်ခတ်ဝေဖန်တာ မလုပ်ဘူးဆိုလို့ရှိရင် အထူးသဖြင့်တော့ နိုင်ငံရေးအရ ဘာမှသိပ်မပြောဘူးဆိုလို့ရှိရင်တော့ ဒီပြဿနာ မရှိဘူး။ သို့သော် အဲဒီလို တဘက်ဘက်ကရပ်ပြီးတော့ နေတဲ့လူက ဘယ်ဘက်မှာပဲနေနေ သိပ်တော့မလုံခြုံဘူး။ အခုမြို့ပေါ်မှာ အခြေအနေကတော့။ တကယ်လို့ နစကကို ပုတ်ခတ်ဝေဖန်ပြီး တိုက်ခိုက်နေရင်လဲ အချိန်မရွေး လာပြီးတော့ ဖမ်းသွားနိုင်တာပေါ့။ NUG, PDF တွေကို ပုတ်ခတ်ဝေဖန်ပြီးတော့၊ အထူးသဖြင့်တော့ ဆိုရှယ်မီဒီယာမှာ ရေးနေလို့ရှိရင်တော့ အဲဒီလူလည်း ဘယ်နေ့ချောင်းပြီးတော့ အပစ်ခံရမယ်ဆိုတဲ့ အန္တရာယ် ရှိနေတာပေါ့။ ဒါတွေကတော့ ပြောမယ်ဆိုရင်တော့ လူ့အခွင့်အရေး ဆိတ်သုဉ်းတာပေါ့။ အဲဒီလို အနေအထားကတော့ တကယ်တည်ရှိနေပါတယ်။

မေး ။ ။ ဆိုတော့ စီးပွားရေး ပြောပြီးပြီ။ လုံခြုံရေး၊ လူ့အခွင့်အရေး၊ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် မရှိဘူး။ အကုန်ကြောက်နေရတယ်ဆိုတဲ့ ကိစ္စ။ နောက် ကျနော်ဆက်ပြီးတော့ နည်းနည်းမေးလိုက်ချင်သေးတာက စီးပွားရေးအပြင် လူမှုရေးဆိုတာ လူတွေရဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေကိုလည်း နည်းနည်းပြောပါအုံး။

ဖြေ ။ ။ ကျန်းမာရေး၊ ပညာရေးကိစ္စတွေကလည်း အခုနပြောသလို အစိုးရက ဝန်ထမ်းတွေပေါ်မှာ ကောင်းကောင်မထိန်းချုပ်နိုင်သေးတဲ့အခါကြတော့ CDM လုပ်တဲ့ ဝန်ထမ်းတွေလည်း CDM လုပ်ကြတယ်။ ထွက်သွားကြတယ်။ နောက်တခါ ပညာရေးကိစ္စမှာလဲ ဆရာမတွေက CDM လုပ်လို့ရှိရင်လဲ သူတို့မှာ စားဝတ်နေရေး အခက်အခဲ ရှိတယ်။ တခါ မလုပ်ပြန်လို့ရှိရင်လဲ ရန်ရှာခံရတာပေါ့။ အဲဒီလိုဆိုတော့ နှစ်ဘက်စလုံးကို ကြောက်နေရတော့ စာသင်ရတာ၊ သူတို့ တာဝန်ထမ်းဆောင်ရတဲ့အခါမှာလဲ တထိတ်တလန့််နဲ့ သိပ်ပြီးတော့ စိတ်ရောကိုယ်ပါ တာဝန်မထမ်းဆောင်နိုင်ဘူး။ ဒါ့အပြင် အခု ကျောင်းသားတွေကို စာမေးပွဲဖြေခွင့်ပေးပြုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အချင်းပွား အငြင်းပွားမှုတွေ ပေါ်နေတယ်။ အဲဒီလိုဖြစ်နေတဲ့အခါကြတော့ ပြောချင်တာက ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ ထိခိုက်နေတာပေါ့။ ကျနော်တို့ ဆေးရုံတွေမှာဆိုရင်လဲ သိသလောက်တော့ ပြည်သူ့ဆေးရုံတွေ၊ အစိုးရဆေးရုံတွေ သွားလို့ရှိရင် သိပ်ပြီးတော့ ဝန်ဆောင်မှု မရဘူး။ အဲဒီလိုအနေအထားမျိုးတွေ ရှိနေတယ်။ ဆိုတော့ ခြုံပြောရမယ်ဆိုရင်တော့ အဲဒီကဏ္ဍတွေမှာဆိုရင်လဲ အရင်ကထက်စာရင်တော့ အများကြီး ဆုတ်ယုတ်တယ်လို့ ပြောနိုင်ပါတယ်။

မေး ။ ။ ဆိုတော့ တိုင်းပြည်မပြိုပျက်နိုင်ဘူးလို့သာ ပြောရတယ်၊ ကောင်းတာလဲ တခုမှ မရှိပါလား။

ဖြေ ။ ။ အခြေအနေကတော့ အဲဒီလို ဖြစ်နေတော့ မျှော်လင့်စရာကတော့ လာမယ့်ရွေးကောက်ပွဲ - သူတို့လုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ပါတီကြီးတွေဖြစ်တဲ့ NLD, SNLD တို့ စသည်ဖြင့် အဲဒီလို နိုင်ငံရေးပါတီကြီးတွေ ပါမလား။ ပါလာအောင် စည်းရုံးနိုင်မလားဆိုတဲ့ပေါ်မှာလဲ အများကြီးတည်တာပေါ့။ အဲဒီပါတီတွေက သပိတ်မှောက်နေမယ်၊ သူတို့မပါဘူးဆိုလို့ရှိရင် အဲဒီရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ အစိုးရကလည်း သိပ်ပြီးတော့ သြဇာရှိမယ့်ပုံ မပေါ်ဘူး။ နိုင်ငံတကာကလဲ ဒီလိုပဲ sanction တွေ ဘာတွေ ဆက်ရှိနေမှာပေါ့။ အထူးသဖြင့်တော့ အနောက်အုပ်စုကပေါ့။ ပြည်တွင်းမှာတော့ သိပ်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း မရှိဘူး။ တည်ငြိမ်မှု မရှိလို့ရှိရင်တော့ နိုင်ငံတကာ ရင်းနှီးမြုပ်နံှမှုတွေ။ အထူးသဖြင့်တော့ သူတို့အားကိုးတဲ့ တရုတ်ကလည်း လာဝယ်စရာ၊ လုပ်ကိုင်စရာ မရှိဘူး။ ဆိုတော့ တဖြည်းဖြည်းချင်းမှာ လက်နက်ကိုင် ပဋိပက္ခကို နိုင်အောင် တိုက်နိုင်ရင်တော့ အစိုးရက နိုင်အောင်တိုက်နိုင်လို့ရှိရင်တော့ အခြေအနေက တဖြည်းဖြည်း အပြောင်းအလဲ ဖြစ်သွားနိုင်တာပေါ့။

မေး ။ ။ ဆိုတော့ တိုက်နိုင်မနိုင်တာကို စောင့်ကြည့်ရမယ့် အခြေအနေပေါ့။ လောလောဆယ်မှာ အာဆီယံကလည်း အထူးကိုယ်စားလှယ် လာပြီးတော့ မြန်မာနိုင်ငံအရေးမှာ ကြားဝင်စေ့စပ်ပေးဖို့ ကြိုးစားနေပါတယ်။ နောက် ဂျပန်က ဆာဆာကာဝါကလည်း ဒီကိစ္စမှာ ပူးပေါင်းဆောင်ရွက်မယ် ဘာညာပြောနေတယ်။ ဆိုတော့ သူတို့တွေရဲ့ အခန်းကဏ္ဍကော ဘယ်လောက် အရေးကြီးမယ်၊ ဘယ်လောက်အထိ ထိရောက်မှု ရှိမယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ အခုလာတဲ့အခါကြတော့ သူတို့ ဘုံသဘောတူညီမှု (၅) ချက် - အဲဒါကို အကောင်အထည်ဖော်ဖို့အတွက် သူတို့က အဓိကလာပြောတာ ဖြစ်တယ်။ နစကဘက်ကတော့ သူတို့ပြောနေကြအတိုင်း ဘာကြောင့် အာဏာထိန်းရသလဲဆိုတဲ့အကြောင်းကိုပဲ ပြန်ရှင်းပြတယ်။ ရှင်းပြပြီးတော့ ဒီတခေါက်တော့ ထူးထူးခြားခြား ပြောတာက ဘုံသဘောတူညီချက် (၅) ချက်ကို သဘောတူတယ်။ ဆက်လက်အကောင်အထည်ဖော်မယ်။ ဒါပေမဲ့ မြန်မာအစိုးရက ဦးဆောင်တဲ့ ဖော်ဆောင်မှုပဲ ဖြစ်ရမယ်ဆိုတာမျိုး ပြောလိုက်တာကို သတိထားမိတယ်။ ဆိုလိုချင်တာက အားလုံးနဲ့တွေ့ပြီးတော့ ဒီဆွေးနွေးရေးကိစ္စတွေ ဘာတွေက ဥပဒေကြောင်းအရ ပါဝင်ခွင့်မရှိတဲ့ သူတွေကို ပေးမပါနိုင်ဘူးဆိုတဲ့ဟာကို ထပ်လောင်းပြီးတော့ ပြောလိုက်တဲ့သဘော။ ဒီမှာတော့ အာဆီယံအသင်းဝင်နိုင်ငံတွေနဲ့ ယူဆချက်နဲ့ ကွာသွားပြီ။ အာဆီယံအသင်းဝင် နိုင်ငံတွေကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ အပါအဝင် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးတော့ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်ဆိုတဲ့ သဘောပေါ့။ ဒီဥစ္စာကလဲ ကမ္ဘောဒီးယားက ဥက္ကဋ္ဌ ဖြစ်နေတဲ့အချိန်မှာတော့ ဒီအတိုင်း ဆက်သွားနိုင်ပေမယ့် ကမ္ဘောဒီးယား ဥက္ကဋ္ဌ မဟုတ်တော့ဘဲ၊ အင်ဒိုနီးရှားအလှည့် ရောက်သွားလို့ရှိရင် တခါပြန်ပြီးတော့ ရပ်သွားပြီး၊ နဂိုမူလအတိုင်း ပြန်ပြီးတော့ အခြေအနေ ပြန်ဆိုးသွားနိုင်တယ်။

==Unicode ===















XS
SM
MD
LG