သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တစ်တော့ပိတ်ပင်ခံရပြီးနောက် ဘာတွေဖြစ်လာမလဲ


 TikTok တစ်တော့ပ်အပ်ကို အမေရိကန်ပြည်ထောင်စုမှာ မပိတ်ပင်ဖို့အတွက် အမေရိကန်လွှတ်တော်ရှေ့မှာ ဆန္ဒပြနေကြသူများ (မတ် ၂၂၊ ၂၀၂၃)
TikTok တစ်တော့ပ်အပ်ကို အမေရိကန်ပြည်ထောင်စုမှာ မပိတ်ပင်ဖို့အတွက် အမေရိကန်လွှတ်တော်ရှေ့မှာ ဆန္ဒပြနေကြသူများ (မတ် ၂၂၊ ၂၀၂၃)

တရုတ်ပြည်က မိခင်ကုမ္ပဏီ ByteDance နဲ့ Tiktok တစ်တော့ဟာ သမ္မတဘိုင်ဒင်လက်မှတ်ထိုးထားတဲ့ ဥပဒေကို စိန်ခေါ်မှုတွေရှိနေနိုင်တယ်လို့ အမေရိကန်တရားလွှတ်တော်ချုပ် တရားသူကြီးတွေဟာ သံသယရှိနေကြပါတယ်။ အဲဒီဥပဒေအရ လူကြိုက်များတဲ့ ဗီဒီယိုအတိုတွေ တင်ဆက်တဲ့ App အက်ပ်ကို အမေရိကန်မှာ ဇန်နဝါရီ ၁၉ ရက်နေ့မတိုင်မီ ရောင်းချဖို့ သို့မဟုတ် ပိတ်ပင်ဖို့ ဖြစ်ပါတယ်။

ပြိုင်ဘက်နိုင်ငံတနိုင်ငံက ပိုင်ဆိုင်တဲ့အတွက် တစ်တော့အပေါ် အမေရိကန်လွှတ်တော်က စိုးရိမ်နေတဲ့ အမျိုးသားလုံခြုံရေးကိစ္စကို တရားသူကြီးတွေက အသိအမှတ်ပြုဟန်ရှိပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတော့ -

အက်ပ်က ဘာဖြစ်လာမလဲ

အသုံးပြုသူအသစ်တွေ အက်ပ်စတိုးကနေ တစ်တော့ကို ဒေါင်းလုပ်လုပ်လို့မရတော့ပါဘူး။ လက်ရှိအသုံးပြုသူတွေလည်း အက်ပ်ကို အပ်ဒိတ်လုပ်လို့ မရတော့ပါဘူး။ ဒီဇင်ဘာ ၁၃ ရက်နေ့စာထဲမှာ ကွန်ဂရက်အမတ်တွေက Apple နဲ့ Google ကို ဇန်နဝါရီ ၁၉ မှာ တစ်တော့ကို သူတို့ရဲ့စတိုးတွေကနေ ဖယ်ရှားဖို့ အဆင်သင့်ဖြစ်ရမယ်လို့ပြောထားပါတယ်။

Oracle ကုမ္ပဏီလည်း ထိခိုက်မှုရှိနိုင်ပါတယ်။ Oracle က တစ်တော့ရဲ့ အမေရိကန်အသုံးပြုသူဒေတာတွေကို သိမ်းဆည်းပေးထားသလို၊ အက်ပ်ရဲ့ source code ကို စစ်ဆေးပြီး အက်ပ်စတိုးတွေဆီ ပို့ပေးနေတာပါ။ Google ကတော့ မှတ်ချက်ပေးဖို့ ငြင်းထားသလို၊ Oracle နဲ့ Apple ကုမ္ပဏီတွေကလည်း တစုံတရာ မတုန့်ပြန်ထားပါဘူး။

အသုံးပြုသူတွေကို ဘယ်လိုထိခိုက်မလဲ

အမေရိကန်မှာ သုံးစွဲသူ ၁၇၀ သန်းရှိတဲ့ တစ်တော့ကို လက်ရှိအသုံးပြုသူတွေကတော့ ဖုန်းထဲမှာ ဒေါင်းထားပြီးသားဖြစ်လို့ ဆက်သုံးနိုင်ဦးမှာပါ။ ဒါပေမယ့် အချိန်ကြာလာရင် ဆော့ဖ်ဝဲနဲ့ လုံခြုံရေးအပ်ဒိတ်တွေ မရတော့တဲ့အတွက် အက်ပ်က အသုံးပြုလို့မရတော့မှာ ဖြစ်ပါတယ်။ တချို့အသုံးပြုသူတွေက VPN သုံးပြီး ဘယ်လိုရှောင်တိမ်းမလဲဆိုတာ ဗီဒီယိုတွေတင်နေကြပါတယ်။

တစ်တော့ကနေ စီးပွားရေးလုပ်နေတဲ့သူတွေကတော့ အဆိုးဆုံးအတွက် ပြင်ဆင်နေကြပါပြီ။ Nadya Okamoto ဟာ follower ၄.၁ သန်းရှိပြီး August ဆိုတဲ့ အမျိုးသမီးသုံးပစ္စည်းအမှတ်တံဆိပ်ကို တည်ထောင်ထားသူပါ။ တစ်တော့ကနေ ဗီဒီယိုတွေပေါက်တာကြောင့် သူ့စီးပွားရေး တိုးတက်လာခဲ့ပါတယ်။ တစ်တော့ပိတ်ပင်ခံရရင် သူမတို့လို အသေးစားလုပ်ငန်းတွေ ကြော်ငြာစရိတ်ပို ကုန်ကျလာနိုင်ပါတယ်။

"အရမ်းစိတ်ဖိစီးစရာပါ။ တစ်တော့မရှိတော့လည်း ကျွန်မတို့ အဆင်ပြေမှာပါ၊ ဒါပေမယ့် ထိခိုက်မှုကတော့ အတော်ကြီးမားမှာပါ" လို့ သူမက ပြောပါတယ်။

တစ်တော့ဝန်ထမ်းတွေ ဘာဖြစ်မလဲ

အမေရိကန်မှာ တစ်တော့ဝန်ထမ်း ၇,၀၀၀ ကတော့ သူတို့ကံကြမ္မာကို မသိသေးပါဘူး။ ဒီဇင်ဘာ ၆ ရက်နေ့က အမေရိကန်အယူခံတရားရုံးက ရောင်းချ-သို့မဟုတ်-ပိတ်ပင်မယ့် ဥပဒေကို အတည်ပြုလိုက်ပြီးနောက် ဝန်ထမ်းတွေကြားမှာ စိတ်ဓာတ်ကျပြီး အလုပ်ထုတ်ခံရမှာကို စိုးရိမ်လာကြတယ်လို့ လက်ရှိဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ကုမ္ပဏီက ရာထူးအသစ်တွေအတွက် အလုပ်ခေါ်ဆိုတာတွေ ဆက်လုပ်နေဆဲပါ။ တချို့အလုပ်လျှောက်ထားသူတွေက Blind လို့ခေါ်တဲ့ အမည်မဖော်ဖိုရမ်မှာ အကြံဉာဏ်တောင်းနေကြပါတယ်။

အသုံးပြုသူတစ်ဦးက Blind ဖိုရမ်မှာ သူ့ကို ByteDance က ဖေဖော်ဝါရီလမှာ စတင်ဖို့ ကယ်လီဖိုးနီးယားက ဆန်ဟိုဇေးမြို့မှာ အလုပ်ခေါ်တာကို ဖော်ပြခဲ့ပါတယ်။ တခြားသူတွေက မှတ်ချက်ပေးရာမှာ အလုပ်ကမ်းလှမ်းမှုကို လက်ခံပြီး တခြားအင်တာဗျူးတွေမှာ အခွင့်အရေးအဖြစ် အသုံးချဖို့ အကြံပေးကြပါတယ်။

"ကျွန်တော် အလုပ်ကမ်းလှမ်းမှုကို လက်မှတ်ထိုးလိုက်ပြီး အခြေအနေဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ပါမယ်" လို့ အဲဒီအသုံးပြုသူက Blind မှာ ရေးသားခဲ့ပါတယ်။

ကြော်ငြာရှင်တွေကရော ဘာလုပ်မလဲ

eMarketer သုတေသနအဖွဲ့အရ တစ်တော့ရဲ့ အမေရိကန်ကြော်ငြာဝင်ငွေဟာ ၂၀၂၄ မှာ ဒေါ်လာ ၁၂.၃ ဘီလီယံရှိမယ်လို့ ခန့်မှန်းထားပါတယ်။ Instagram မိခင် ကုမ္ပဏီ Meta ထက်တော့ နည်းပေမယ့် တစ်တော့မှာ အမာခံသုံးစွဲသူအခြေခံရှိလို့ တချို့အမှတ်တံဆိပ်တွေက ဇန်နဝါရီ ၁၉ ကျော်လွန်ပြီးတောင် ကြော်ငြာဆက်လုပ်ဖွယ်ရှိပါတယ်။

"အက်ပ်ကို အပ်ဒိတ်လုပ်လို့ မရတော့နိုင်ပေမယ့် သုံးစွဲမှုတွေ အများအပြားရှိနေဦးမှာပါ" လို့ ဒစ်ဂျစ်တယ်မားကက်တင်းအေဂျင်စီ Code3 ရဲ့ CEO Craig Atkinson က ပြောပါတယ်။ ဗီဒီယိုကနေ ပစ္စည်းတွေ တိုက်ရိုက်ဝယ်ယူနိုင်တဲ့ TikTok Shop ကို အစားထိုးနိုင်မယ့် ပြိုင်ဘက်မရှိသေးလို့ ဒီဇင်ဘာနောက်ပိုင်းထိ သူ့အေဂျင်စီက TikTok Shop ကမ်ပိန်းတွေအတွက် ဖောက်သည်တွေနဲ့ စာချုပ်အသစ်တွေ ချုပ်ဆိုနေသေးတယ်လို့လည်း ပြောပါတယ်။

ကုမ္ပဏီကို ဝယ်ယူမယ့်သူတွေ ရှိနိုင်လား

ByteDance ကနေ တစ်တော့ကို ရောင်းလို့မရဘူးလို့ အကြိမ်ကြိမ်ပြောထားပေမယ့် Los Angeles Dodgers ဘေ့စ်ဘောအသင်းပိုင်ရှင်ဟောင်း သူဌေး Frank McCourt က တစ်တော့ကို ဝယ်ယူဖို့ ဒေါ်လာဘီလီယံ ၂၀ ရင်းနှီးမြှုပ်နှံသူတွေဆီက နှုတ်ကတိရထားပြီး ဖြစ်ပါတယ်။

McCourt က ByteDance နဲ့ မပြောသေးပေမယ့် တရားလွှတ်တော်ချုပ်က တစ်တော့ကို ရောင်းချဖို့ တောင်းဆိုထားတဲ့ ဥပဒေကို အတည်ပြုမယ်လို့ ယုံကြည်ထားပြီး အဲဒီနောက်မှာ မိခင်ကုမ္ပဏီက ရောင်းချမှုကို ပိုစဉ်းစားလာမယ်လို့ သူက ယုံကြည်နေပါတယ်။

တစ်တော့ကို သူ့ပထမသမ္မတသက်တမ်းတုန်းက ပိတ်ပင်ဖို့ကြိုးစားခဲ့ပေမယ့် အခုတော့ သဘောထားပြောင်းလဲသွားပြီဖြစ်တဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ McCourt နဲ့ သူ့အဖွဲ့ဟာ ကနဦးဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။ သူတို့က အက်ပ်ကို ဦးဆောင်မယ့် CEO တစ်ဦးကိုလည်း ရှာဖွေနေပါတယ်။ McCourt ရဲ့ အစီအစဉ်မှာ တစ်တော့ကို open-source နည်းပညာပေါ် ပြောင်းရွှေ့ပြီး အွန်လိုင်းရောင်းဝယ်ရေးနဲ့ AI လေ့ကျင့်ရေးအတွက် ဒေတာလိုင်စင်ပေးခြင်းကနေ ဝင်ငွေရှာဖို့ ပါဝင်ပါတယ်။

Forum

XS
SM
MD
LG