Facebook နဲ့ Instagram လူမှုကွန်ရက်မီဒီယာတွေပိုင်တဲ့ Meta ကုမ္ပဏီက အသက် ၁၈ နှစ်အောက် (ဆယ်ကျော်သက်)အရွယ် အသုံးပြုသူတွေရဲ့ အကောင့်တွေမှာ ပိုကောင်းမွန်တဲ့ကိုယ်ရေးကိုယ်တာအချက်အလက်ထိန်းချုပ်မှုနဲ့ အုပ်ထိန်းသူမိဘကထိန်းချုပ်နိုင်ခွင့်တွေကို ထည့်သွင်းလိုက်ပါတယ်။ ဒါဟာ လူမှုကွန်ရက်မီဒီယာရဲ့ ဆိုးကျိုးတွေကို အများကစိုးရိမ်နေကြတဲ့ ပြဿနာရပ်အပေါ် ကုမ္ပဏီဘက်က ဖြေရှင်းနည်းတခုလည်းဖြစ်ပါတယ်။
အကျုံးဝင်တဲ့အကောင့်အားလုံးကို Teens Account (ဆယ်ကျော်သက်သုံးစွဲတဲ့အကောင့်) အဖြစ် အလိုလျောက်ပြောင်းလဲလိုက်မှာဖြစ်ပြီး အဲဒါတွေအားလုံးက Private Accounts (အသုံးပြုသူက လက်ခံမှ ကြည့်လို့ရနိုင်မယ့်အကောင့်) တွေဖြစ်သွားမှာပါ။ ဒီအကောင့်ပိုင်ရှင်တွေကို သူတို့ follow လုပ်ထားတဲ့ ဒါမှမဟုတ် ချိတ်ဆက်ပြီးသား အကောင့်တွေကပဲ မတ်ဆေ့ချ်ပို့တာ၊ tag လုပ်တာတွေ လုပ်နိုင်မှာဖြစ်ပြီး ထိလွယ်ရှလွယ်တဲ့အကြောင်းအရာတွေကို (အလွယ်တကူကြည့်မရအောင်) အမြင့်ဆုံးထိန်းချုပ်မှုအဆင့်သတ်မှတ်ထားမှာပါ။ ည ၁၀ နာရီနဲ့ မနက် ၇နာရီကြားမှာ Noti (အကြောင်းကြားချက်)တွေ ရရှိမှာမဟုတ်ပါဘူး။ ၁၆ နှစ်အောက် အရွယ်တွေကတော့ ဒီလိုသတ်မှတ်ထားချက်တွေကို မိဘရဲ့ခွင့်ပြုချက်နဲ့သာ ပြောင်းလဲလို့ရနိုင်မှာဖြစ်ပါတယ်။ မိဘတွေအနေနဲ့လည်း သူတို့ကလေးတွေ ဘယ်ကိစ္စတွေကိုစိတ်ဝင်စားနေတယ်ဆိုတာသိရနိုင်ပြီး app အသုံးပြုချိန်ကိုလည်း ကန့်သတ်နိုင်ပါတယ်။
အသက်ငယ်ရွယ်နုနယ်သေးတဲ့အရွယ်တွေမှာ စိတ်ဓါတ်ကျရောဂါခံစားမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေမြင့်လာတာ၊ သင်ကြားနိုင်စွမ်းကျဆင်းလာတာတွေဟာ လူမှုကွန်ရက်အသုံးပြုမှုနဲ့ ဆက်စပ်နေတယ်ဆိုတာ လေ့လာချက်ပေါင်းများစွာမှာ တွေ့ရှိထားပါတယ်။ လက်ရှိမှာ Meta ကုမ္ပဏီ, Tiktok ပိုင် ByteDance ကုမ္ပဏီ၊ Youtube ပိုင် Google ကုမ္ပဏီတို့ဟာ ကလေးတွေနဲ့ စာသင်ကျောင်းတွေကိုကိုယ်စားပြုတဲ့ တရားစွဲဆိုထားချက်တွေ ရာနဲ့ချီပြီးရင်ဆိုင်နေကြရပါတယ်။ ဒီဆိုရှယ်မီဒီယာတွေရဲ့ အန္တရာယ်ရှိပုံနဲ့ပတ်သက်လို့ လူထုကို အထင်အမြင်မှားအောင်ပြုလုပ်ထားတဲ့ဆိုတဲ့စွဲချက်နဲ့ ကယ်လီဖိုးနီးယားနဲ့ နယူးယောက်အပါအဝင် အမေရိကန်ပြည်နယ် ၃၃ ခုမှာ မနှစ်က Meta ကို တရားစွဲထားပါတယ်။
လူသုံးအများဆုံး Apps တွေဖြစ်တဲ့ Facebook, Instagram နဲ့ Tiktok တို့ဟာ အသက် ၁၃ ပြည့်ပြီးသူတိုင်းကို အသုံးပြုခွင့်ပေးထားတာလည်းဖြစ်ပါတယ်။ Teens Account တွေအဖြစ်အကျုံးဝင်တဲ့ profile တွေကို လာမယ့် ရက် ၆၀ အတွင်း အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါ တို့မှာ ပြောင်းလဲသွားမှာဖြစ်ပြီး ဩစတြေးလျနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေမှာတော့ ဒီနှစ်နောက်ပိုင်းစတင်မှာဖြစ်ကြောင်း Meta က ဆိုပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ နောက်နှစ် ဇန်နဝါရီမှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။
Forum