သုံးရလွယ်ကူစေသည့် Link များ

အိမ်ဖြူတော်အရာရှိချုပ် စတင်တာဝန်ထမ်းတဲ့နေ့ ပြန်ကြားရေးညွှန်မှူး ရာထူးထုတ်ခံရ


အိမ်ဖြူတော်အရာရှိချုပ်အသစ် John Kelly

အိမ်ဖြူတော်အရာရှိချုပ်အသစ်ဖြစ်လာတဲ့ John Kelly အနေနဲ့ သူ့ရဲ့တာဝန်တွေကို အကောင်းဆုံးထမ်းဆောင်နိုင်သူဖြစ်မယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။ တနင်္လာနေ့က အိမ်ဖြူတော်မှာ Mr. Kelly ကျမ်းကျိန်ပွဲအပြီးသမ္မတ Trump ကခုလိုပြောကြားခဲ့တာပါ။ John Kelly အိမ်ဖြူတော် အရာရှိချုပ်တာဝန် စယူတဲ့နေ့မှာပဲ အိမ်ဖြူတော်ပြန်ကြားရေးရာ ညွှန်ကြားရေးမှူး ယူထားတာ မကြာသေးတဲ့ Anthony Scaramucci ရာထူးကနေ ဖယ်ရှား ခံလိုက်ရပါတယ်။ အိမ်ဖြုတော်မှာ စည်းကမ်း တင်းကျပ်ဖို့ အငြိမ်းစားကြယ် ၄ ပွင့် ဗိုလ်ချုပ်ကြီးကို အိမ်ဖြူတော်အရာရှိချုပ်တာဝန် ပေးလိုက်တာကို မြင်နေကြတဲ့အကြောင်း မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

အရင်အိမ်ဖြူတော်အရာရှိချုပ် Reince Priebus ရာထူးကနေနုတ်ထွက်သွားပြီးနောက် သူ့နေရာမှာ အမိမြေလုံခြုံရေးဌာနဝန်ကြီး John Kelly ကို ခန့်အပ်မယ်လို့ သမ္မတ Donald Trump ကကြေညာလိုက်ထဲက အိမ်ဖြူတော်ဝန်ထမ်းတွေကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ အငြိမ်းစား ကြယ် ၄ ပွင့် ဗိုလ်ချုပ်ကြီးကို သမ္မတ Trump က ရွေးချယ်ခဲ့တာလို့ ဝါရှင်တန်နိုင်ငံရေး အသိုင်းအဝိုင်းမှာ သုံးသပ်မှုတွေပေါ်ထွက်ခဲ့တာပါ။ Mr. Kelly ဟာအတော်ဆုံး အိမ်ဖြူတော်အရာရှိချုပ် တယောက်ဖြစ်နိုင်တယ်လို့ တနင်္လာနေ့က ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမှာ သမ္မတ Trump က ပြောကြားခဲ့ပါတယ်။

“ဗိုလ်ချုပ်ကြီး Kelly ဟာအိမ်ဖြူတော်ဝန်ထမ်းအရာရှိချုပ်တာဝန်ကို အကောင်းဆုံး ထမ်းဆောင်နိုင်မယ့်သူဖြစ်မယ်လို့ ကျွန်တော်ကြိုတင်တွက်ဆ ပြောနိုင်ပါတယ်။ ကျွန်တော်တို့အတူတွဲလုပ်သွားနိုင်မယ်။ ပိုပြီးအရေးကြီးတာပြောရမယ်ဆိုရင် အမေရိကန်ပြန်ပြီး အရှိန်အဝါကြီးမားလာအောင် ကျွန်တော်တို့ ကြိုးစား လုပ်သွားမှာဖြစ်ပါတယ်။”

အိမ်ဖြူတော်အရာရှိချုပ်သစ် John Kelly တာဝန်စယူတဲ့နေ့မှာပဲ အိမ်ဖြူတော်ပြန်ကြားရေးရာ ညွှန်ကြားရေးမှူး Anthony Scaramucci ရာထူးကနေ နုတ်ထွက်သွားပါတယ်။ ဒီရာထူးကို Anthony Scaramucci ယူခဲ့တာ ၁၀ ရက်သာရှိသေးချိန်မှာ ရုတ်တရက် နုတ်ထွက်လိုက်တာက အိမ်ဖြူတော်အရာရှိချုပ်သစ် Kelly ရဲ့ တောင်းဆိုချက်ကြောင့်ဖြစ်တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတွေ ကို ကိုးကားပြီးအမေရိကန် သတင်းမီဒီယာတွေမှာ ထုတ်ပြန်နေကြပါတယ်။

အိမ်ဖြူတော်အရာရှိချုပ်သစ်အနေနဲ့ သူ့ရဲ့အိမ်ဖြူတော်ဝန်ထမ်းတွေကို အသစ်ကနေ စိတ်တိုင်းကျဖွဲ့စည်းခွင့် ရှိသင့်တယ်လို့ Mr. Scaramucci ကယူဆကြောင်း အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စကားလုံးကြမ်းကြမ်းတမ်းတမ်းနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ပုံပြခဲ့တဲ့ Mr. Scaramucci က သူ့အနေနဲ့ သမ္မတကို ပြောစရာရှိရင် အိမ်ဖြူတော်အရာရှိချုပ် John Kelly ကတဆင့်မသွားဘဲ သမ္မတကိုသာတိုက်ရိုက်ပြောမယ်လို့ ပြောခဲ့ဖူးတယ်လို့ New York Times သတင်းစာထဲမှာဖော်ပြထားပါတယ်။ အခုတော့ Mr. Kelly ရဲ့တောင်းဆိုချက်ကြောင့် Anthony Scaramucci ရာထူးကနေ နုတ်ထွက်ခဲ့ရပုံရပါတယ်။ Mr. Scaramucci သူ့သဘောနဲ့သူ နုတ်ထွက်တာလားဆိုတဲ့ မေးခွန်းက အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာ ပြောခွင့်ရသူ Sarah Huckabee Sanders ကတည့်တည့်မဖြေခဲ့ပါဘူး။ ဒါပေမယ့် Scaramucci ရဲ့ပြောကြားခဲ့ချက်တချို့ကို သမ္မတက သဘောမကျခဲ့ဘူးလို့ ပြောကြား သွားပါတယ်။

“သမ္မတအနေနဲ့ Anthony ရဲ့ကောက်ချက်ချပြောကြားမှုတွေဟာ သူ့ရဲ့အဆင့်မှာရှိတဲ့ လူတယောက်အနေနဲ့ မပြောသင့်တဲ့စကားတွေလို့ယူဆတာအမှန်ပါပဲ။ ဒါ့အပြင်ရာထူးအဆင့်နဲ့ ပတ်သက်လို့ ဗိုလ်ချုပ် Kelly ကိုသမ္မတက ဘယ်လိုမှ စိတ်အနှောက်အယှက်မဖြစ်စေချင်ပါဘူး။ ကျမတို့ဘက်ကလည်း ပြီးခဲ့တဲ့ရက်တွေအတွင်းကပဲ သတင်းထောက်တွေကို တဦးချင်းစီအလိုက် ရှင်းရှင်းလင်းလင်းလည်း အသိပေးခဲ့ပြီးဖြစ်ပါတယ်။ ဗိုလ်ချုပ် Kellyအနေနဲ့ အိမ်ဖြူတော်မှာ အာဏာအပြည့်အ၀ရှိပြီး အမှုထမ်းအားလုံးက သူ့လက်အောက်မှာရှိမှာပါ။”

လုပ်ပိုင်ခွင့် အပြည့်အဝရှိတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး Kelly အနေနဲ့ အိမ်ဖြူတော်မှာ ပုံစံသစ် ပိုမိုခိုင်မာ စည်းကမ်းတင်းကြပ်မှုသစ်တွေနဲ့ အုပ်ချုပ်သွားမယ်လို့လည်း အိမ်ဖြူတော်ပြောခွင့်ရသူက ပြောသွားပါတယ်။ Mr. Scaramucci က အရင်အိမ်ဖြူတော်အရာရှိချုပ် Reince Priebus ကို ရင့်သီးတဲ့ အသုံးအနှုန်းတွေသုံးပြီး တိုက်ခိုက်ပြောကြားချက် လူသိရှင်ကြားထွက်ပေါ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ Priebus ရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

သူ့နေရာမှာ အစားထိုးတာဝန်ယူတဲ့ ကြယ် ၄ ပွင့် အငြိမ်းစား ဗိုလ်ချုပ်ကြီး John Kelly ဟာ အမေရိကန်စစ်တပ်မှာ အနှစ် ၄၀ တာဝန်ထမ်းခဲ့ပြီးနောက် သမ္မတ Trump လက်ထက်မှာ အမိမြေလုံခြုံရေးဌာနဝန်ကြီးအဖြစ် နယ်စပ်လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ဆိုင်ဘာလုံခြုံရေးနဲ့ သဘာဝဘေးဒဏ် စီမံခန့်ခွဲရေး တာဝန်တွေကို ယူခဲ့ရပါတယ်။

Mr. Kelly လက်ထက်မှာ Mexico နယ်စပ်ကနေ အမေရိကန်ထဲ တရားမဝင် ဝင်ရောက်သူ ၈၀% လောက်ကို တားဆီးနိုင်ခဲ့တယ်လို့ သမ္မတ Trump ကတနင်္လာနေ့ကလုပ်ခဲ့တဲ့ Cabinet စည်းဝေးပွဲမှာ ချီးကျူးပြောကြားခဲ့ပါတယ်။

အမိမြေလုံခြုံရေး ဝန်ကြီးတာဝန်ကို ကျေကျပွန်ပွန်ထမ်းနိုင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Kelly အနေနဲ့ အိမ်ဖြူတော်အရာရှိချုပ်တာဝန်ကို အကောင်းဆုံးထမ်းဆောင်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်လို့လည်း သမ္မတ Trump ကဆိုပါတယ်။ ဗိုလ်ချုပ်ကြီး Kelly ဟာ အမိမြေလုံခြုံရေးဝန်ကြီးတာဝန်မယူခင်က အစိုးရရာထူးတာဝန်တွေကို တခါမှယူခဲ့ဖူးသူ မဟုတ်ပါဘူး။

စစ်တပ်တာဝန်တွေကိုသာ ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Kelly ဟာ သူ့ရဲ့သားတယောက်ကိုလည်း Afghanistan စစ်ပွဲမှာ ဆုံးရှုံးခဲ့ဖူးပါတယ်။ ဖြောင့်မတ်ပြီး မှန်တယ်ထင်တာကိုသာ လုပ်တတ်သူ အဖြစ်သတ်မှတ်ခံရတဲ့ John Kelly အနေနဲ့ အိမ်ဖြူတော်မှာဖြစ်နေတဲ့ ကမောက်ကမ အခြေအနေတွေကို အသေအချာကိုင်တွယ်နိုင်မယ်လို့ Republican ပါတီတွင်းမှာလည်း မျှော်လင့်နေကြပါတယ်။

XS
SM
MD
LG