သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်မီတာခ တိုးသင့်၊ မသင့်


ရန်ကုန်မြို့က ဓာတ်အားပေးလျှပ်စစ်မီးတိုင် ပြုပြင်နေစဉ်။
ရန်ကုန်မြို့က ဓာတ်အားပေးလျှပ်စစ်မီးတိုင် ပြုပြင်နေစဉ်။

မြန်မာနိုင်ငံက စီးပွားရေးအချက်အခြာကျတဲ့ ရန်ကုန်မြို့မှာ လျှပ်စစ်မီတာခတွေ ၃ ဆ တိုး ကောက်ခံဖို့ ရန်ကုန်တိုင်းအစိုးရက စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေတာ မမှန်ဘူးလို့ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတယောက်က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး တာဝန်ရှိသူတွေကတော့ မီတာခတွေ တိုးမြှင့်ကောက်ခံဖို့ လိုအပ်နေတယ်လို့လည်း ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ရန်ကုန်ကနေ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မေခ သတင်းပေးပို့ထားပါတယ်။

လျှပ်စစ်မီတာခတွေကို ၃ ဆ တိုးကောက်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ရာက၊အင်တာနက် လူမှုကွန်ယက်တွေမှာ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဒီသတင်းတွေ မမှန်တဲ့အကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ချက်ခြင်းလိုလို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ တုန့်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ဒီကနေ့ ပြုလုပ်တဲ့ လျှပ်စစ်နဲ့စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှာလည်း ထပ်မံရှင်းလင်းခဲ့ပါတယ်။

" မီတာခ တိုးတက် ကောက်ယူမယ်ဆိုရင်လည်း ကိုယ်စိတ်ထင်တိုင်း တိုးတက် ကောက်ယူလို့ မရနိုင်ပါဘူး။ နည်းလမ်းပေါင်းစုံနဲ့ အချက်အလက်ပေါင်းစုံနဲ့ ညှိနှိုင်းပြီးတော့ တွက်ချက်ပြီးတော့ အဖြေရှာရမှာဖြစ်ပါတယ်။ ခိုင်လုံတဲ့ အကြောင်းအချက်တွေ ရှိရမယ်။ နောက်ပြီးတော့ ကိန်းဂဏန်းတွေရှိရမယ်။ ဒီအပေါ်မှာ အခြေခံပြီးတော့ စနစ်တကျ တွက်ချက်ထားတာ ဖြစ်ရမယ်။ အဲ့သလိုမျိုးတွေ တွက်ချက်ပြီးတော့ကျမှ ရမှာကို ဒီလိုမျိုး ဝန်ကြီးချုပ် ပြောစကားထဲမှာလည်း မပါခဲ့ပါဘူး။ ဒီသုံးဆ ဆိုတဲ့စကားလုံးက။ အဲ့ဒီ့ကနေ ဘယ်လိုစပြီး လွဲသွားလည်း မပြောတတ်ပါဘူး။ ဒီမီတာခ ၃ဆ တက်မယ်ဆိုတဲ့ မမှန်ကန်တဲ့သတင်းတွေက တက်သွားတာ။"

မီတာခ တွေ ၃ ဆလောက် တက်မယ်လို့ ဝန်ကြီးချုပ် အနေနဲ့ ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုခဲ့ပေမဲ့ စီစဉ်နေတာမျိုးရော ရှိမရှိ ဆိုတာကိုတော့ တိတိကျကျ မပြောခဲ့ပါဘူး။

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အဖွဲ့ကတော့ လက်ရှိချိန်မှာ အရှုံးခံ ထုတ်လုပ်နေရတဲ့ လျှပ်စစ် အတွက်ရော၊ လိုအပ်ချက်အတိုင်း ပြည့်မှီအောင်ထုတ်ဖို့ အတွက်ပါ မီတာခတွေ တိုးမြှင့်ကောက်ခံဖို့လိုတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ညှိနှိုင်းမှုတွေလုပ်နေရဆဲပဲလို့လည်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အဖွဲ့က ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောပါတယ်။

"သင့်တင့်မျှတဲ့ဈေးနှုန်းဖြစ်မှာပါနော် အဲ့တာကတော့ ပြည်သူကနေ ရွေးချယ် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။"

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင် ကတော့ ရန်ကုန်တိုင်း လျှပ်စစ်ကဏ္ဍ အတွက် ပြည်ထောင်စုအစိုးရက နှစ်စဉ် ကျပ် ၄၅၀ ဘီလီယံခန့် စိုက်ထုတ်သုံးစွဲနေရပြီး၊ လျှပ်စစ်ဓာတ်အား တစ်ယူ နစ်ရောင်းချတိုင်း ငွေ ၂၃ ကျပ် အရှုံးပေါ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

"အသုံးစရိတ်တွေကို နိုင်ငံတော်ကနေ နှစ်စဉ် စိုက်ထုတ်နေရမယ်ဆိုရင် ဒီလုပ်ငန်းတွေ အတွက် ငွေမရှိတော့ပါဘူး။ ငွေမရှိရင် လျှပ်စစ်ဓာတ်အားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ပိုနှေးကွေးမှာ ဖြစ်ပါတယ်။ အဲ့ဒီ့တော့ တနည်းအားဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုနေကြတဲ့ ပြည်သူပြည်သားများက မိမိတို့ အသုံးပြုနေတဲ့ အမှန် ကုန်ကျစရိတ်ကို ပြည့်ပြည့်ဝဝနဲ့ မှန်မှန်ပေးခြေပါ။ မိမိ အသုံးပြုလိုက်တာကို မိမိ တကယ်တာဝန်ယူတယ် တာဝန်ကျေတဲ့ နိုင်ငံကြီးသားတွေ ပီသတဲ့ စနစ်တခုကို ပြောင်းလဲဖို့ အချိန်တန်ပါပြီ။"

ရန်ကုန်တိုင်းအစိုးရကတော့ လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ်အတွက် ကာမိစေဖို့ မီတာခတိုးကောက်ဖို့အပါအဝင် တခြားနည်းလမ်းတွေနဲ့ပါ အဖြေရှာဖို့ စီစဉ်နေပြီး၊ ရန်ကုန်မှာသာမက တနိုင်ငံလုံးမှာပါ အလားတူ မီတာခတွေ တိုးမြှင့်ကောက်ခံ လာနိုင်ပါတယ်။

လုပ်ငန်းရှင်တဦး ဖြစ်တဲ့ Niban လျှပ်စစ်လုပ်ငန်းမှ ဒေါက်တာ အောင်သိန်း ကတော့ လျှပ်စစ်မီတာခ တိုးမြှင့်မယ့် အစီအစဉ်အပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။

"တိုးမြင့်ကောက်လိုက်ရင် ဒီတခုတည်းနဲ့တော့ ပြသနာကြီး တခုလုံးကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ တိုးမြှင့်ကောက်လိုက်ရင် အရှုံးနည်းနည်းသက်သာသွားမယ်။ အရှုံးနည်းနည်း သက်သာတဲ့အတွက်ကြောင့် ရေရှည်အတွက် ပြန်လုပ်နိုင်မယ် အရှုံးများနေရင် သူက ထပ်ပြီးတော့ လျှပ်စစ်ဓာတ်အားတွေ တိုးတက်ထုတ်လုပ်ဖြန့်ဖြူးဖို့ အတွက် ပြည်ထောင်စု အစိုးရဆီက လက်ဖြန့်တောင်းရမယ့်အနေအထား ဖြစ်နေတယ်။ အားလုံး နားလည်လက်ခံသဘောတူတဲ့ လမ်းကြောင်းကိုရွေးပြီး သွားကြမယ်ဆိုရင် ဒီပြုပြင်ပြောင်းလဲမှုက အောင်အောင်မြင်မြင် ဖြစ်သွားမယ်။"

ရန်ကုန်တိုင်းအစိုးရဘက်ကတော့ မီတာခတွေအရှုံးပေါ်နေတာနဲ့ပတ်သတ်ပြီး လာမယ့်တိုင်း လွှတ်တော်အစည်းအဝေးမှာ တင်ပြသွား ဖို့စီစဉ်ထား သလို၊ ပြည်ထောင်စုအစိုးရထံ တင်ပြသွားမယ်လို့လည်း ပြောပါတယ်။

လျှပ်စစ်မီတာခ တိုးသင့်၊ မသင့်
please wait

No media source currently available

0:00 0:04:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG