သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နေကြီး William Schabas ရန်ကုန်တက္ကသိုလ် ဥပဒေဌာနမှာ ဟောပြော


ရှေ့နေကြီး ဒေါက်တာ William Schabas
ရှေ့နေကြီး ဒေါက်တာ William Schabas

(Zawgyi/Unicode)

နိုင်ငံတကာတရားရုံး ICJ မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံရတဲ့ မြန်မာဘက်က ရှေ့နေလိုက်ပေးခဲ့သူ ဒေါက်တာ William Schabas ဟာ မတ်လ ၅ ရက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ လုပ်တဲ့ ဥပဒေပညာရပ်ဆိုင်ရာ ဟောပြောပွဲကို တက်ရောက်ပြီး တက္ကသိုလ်ပေါင်းစုံက ဥပဒေ ကျောင်းသားတွေ၊ ဥပဒေ ပါမောက္ခ၊ ကထိကတွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒေါက်တာ William Schabas က ICJ အမှုကို အဓိကထား ဟောပြောခဲ့ပြီး ဥပဒေနဲ့ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်နယ်ပယ်က အယောက် ၁,၀၀၀ ဝန်းကျင်လောက် တက်ရောက်ခဲ့ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ကပြောပြပေးမှာပါ။

ဒီကနေ့ မတ်လ ၅ ရက် ရန်ကုန်တက္ကသိုလ်ထဲက ဥပဒေပညာရပ်ဆိုင်ရာ ဟောပြောပွဲကိုရောက်လာတဲ့ ဒေါက်တာ William Schabas ဟာ ICJ ကိစ္စကို အကျယ်တဝင့်ရှင်းပြခဲ့သလို ဥပဒေ ကျောင်းသား တွေကလည်း ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲခဲ့တဲ့ ကိစ္စကို စိတ်ဝင်တစား မေးခဲ့ကြကြောင်း ဒီဟောပြောပွဲကို တက်ရောက်လာတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ ဒေါက်တာဖြူဖြူတင့်က VOA ကို ပြောပါတယ်။

“ပညာရှင်ကြီး William Schabas ကတော့ ICJ မှာ ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ်မှာ တရားစွဲဆိုထားတဲ့ အကြောင်းနဲ့ပတ်သက်ပြီးတော့ သူက အကျဉ်းချုပ် summary သဘောမျိုး သူပြောသွားပါတယ်။ နောက်ပြီး genocide convention တွေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေနဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာတဲ့အကြောင်းတွေ ပြောပြသွားပါတယ်။ ကျမတို့ဆီမှာ genocide နဲ့ ပတ်သက်လို့ အထင်အမြင် လွဲမှားမှုလေးတွေ၊ နောက်ပြီးတော့ ကြုံတွေ့နေရတဲ့ ပြဿနာလေးတွေပေါ့ အဲဒါလေးတွေ သူ အကျယ်တဝင့် ရှင်းပြသွားပါတယ်။”

မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့စဉ်က ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေမှာ အဓိက ကိုးကားထားတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာပါ အားနည်းချက်တွေကို ထောက်ပြပြီး အခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ရည်မှန်းချက်တွေ ပိုများလာတယ်ဆိုတဲ့ ပြောဆိုချက်ကိုပါ ပါမောက္ခ William Schabas က ပယ်ချ လျှောက်လဲခဲ့တာပါ။

ဒီအမှုမှာ နိုင်ငံတကာတရားရုံး ICJ က Jurisdiction လို့ခေါ်တဲ့ စီရင်ပိုင်ခွင့် ရှိ၊ မရှိ ဆိုတာကို ဥပဒေကျောင်းသားတွေက မေးခဲ့သလို ဒီတရားစွဲဆိုမှုဟာ နိုင်ငံရေးအရ မြန်မာနဲ့ နိုင်ငံတကာအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်လဲဆိုတာ နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ် ကျောင်းသားတွေက မေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှု genocide တွေရဲ့ ကွဲပြားပုံတွေကိုလည်း ဒေါက်တာ William Schabas ကဆွေးနွေးခဲ့ကြောင်း၊ ဒဂုံတက္ကသိုလ် ဥပဒေပညာ တတိယနှစ် ကျောင်းသား ကိုကျော်မိုးအောင်က ပြောပါတယ်။

“ဥပဒေကျောင်းသားတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ဥပဒေနဲ့ ပတ်သက်တာ သိချင်တာတွေ ကျနော်တို့လည်း မေးသွားပါတယ်။ court ရဲ့ procedure တွေ မေးသွားတာရှိတယ်။ ပြီးတော့ သူတို့သိချင်တဲ့ ICC Statue ပေါ့ အဲဒီထဲက genocide တို့ crimes against humanity တို့ရဲ့ ကွာခြားချက်တွေပေါ့ ဒါမှမဟုတ်ရင်လည်း အဲဒါနဲ့ပတ်သက်တဲ့ ဆက်စပ်မှုတွေကို မေးသွားတာပါ။”

ဆွေးနွေးပွဲကို ၂ ပိုင်းခွဲ ကျင်းပခဲ့တာပါ။ မနက်ပိုင်းမှာ ဒေါက်တာ William Schabas ဟာ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆွေးနွေးခဲ့ပြီး နေ့လည်ပိုင်းမှာတော့ ဥပဒေချုပ်ရုံး၊ ရှေ့နေချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တက္ကသိုလ်အသီးသီးက ပညာရှင်တွေနဲ့ ဆက်ပြီးဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG