သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

*ကိုဗစ်မျိုးကွဲစိတ်သစ်ကြောင့် သေဆုံးမှုလျော့ချရေ* (ဦး၀င်းမင်း)


မြန်မာပြည်မှာ မကြာခင်ကတွေ့ခဲ့တဲ့ အိုမီခရွန်မျိုးကွဲစိတ်သစ်ကြောင့် သေဆုံးမှုအနည်းငယ် ရှိနေပြီး၊ ရှေ့ဆက်သေဆုံးမှုလျှော့ချနိုင်ဖို့ ပြင်ဆင်သင့်တာကို ကျန်းမာရေးပညာရှင်တွေ အကြံပြုနေပါတယ်။ ဒီအကြောင်း နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ကိုဝင်းမင်း မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်က စတွေ့ခဲ့တဲ့ အိုမီခရွန်မျိုးကွဲစိတ်သစ်ကြောင့် သေဆုံးမှု အနည်းငယ် စရှိလာချိန်၊ ရှေ့ဆက်သေဆုံးနိုင်မှု လျှော့ချနိုင်ဖို့ လုပ်သင့်ပြင်ဆင်သင့်တာတွေကို ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုနေပါတယ်။

အရင် Delta မျိုးကွဲထက် ပိုကူးစက်ပိုမြန်တဲ့ ဒီမျိုးကွဲစိတ် XBB 1.16 ကြောင့် သေဆုံးမှုလျော့ချနိုင်ဖို့က၊ ဒီရောဂါဖြစ်လာလျှင် အန္တရာယ် ပြင်းထန်နိုင်သူတွေအနေနဲ့ ကိုဗစ်ကုသရာမှာသုံးတဲ့ သောက်ဆေးတွေကို ရောဂါဖြစ်ဖြစ်ချင်း စသောက်ဖို့ အဓိကလိုအပ်ပါတယ်။ အခုလို အန္တရာယ်ကြီးနိုင်သူတွေဖြစ်တဲ့ သက်ကြီးတွေ၊ ရောဂါအခံ (ဆီးချို၊ သွေးတိုး၊ အဝလွန်၊ ကျောက်ကပ်ဆေး၊ ကင်ဆာနဲ့ HIV/AIDS လိုကိုယ်ခံအားကျ ရောဂါ) တွေ ရှိထားသူတွေအနေနဲ့၊ ကိုဗစ်စဖြစ်ဖြစ်ချင်း ပထမ ၄၈ နာရီအတွင်း မြန်မာနိုင်ငံမှာလည်းရတဲ့ ဒီကိုဗစ်သောက်ဆေး သောက်ဖို့လိုပါတယ်။ မြန်မာနိုင်ငံထဲမှာရတဲ့ Paxlovid နဲ့ Molnupiravir ကိုဗစ်သောက်ဆေး တခုခု သောက်နိုင်လျှင် ဒီမျိုးကွဲစိတ်သစ်ကြောင့် အသက်ဆုံးရှုံးမူကနေ ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ အခုလို ကိုဗစ်ဖြစ်လာလျှင် ပြင်းထန်နိုင်တဲ့ သူတွေအတွက် အမေရိကန်က ဆေးရုံတွေရောက်လာလျှင်တော့၊ Remdesivir ထိုးဆေးကို အကြောကနေ ၃ ရက် အဓိကသွင်းပေးပေမဲ့၊ မြန်မာနိုင်ငံမှာတော့ ဒီထိုးဆေးက အကန့်အသတ်ရှိနိုင်ပါတယ်။

ကိုဗစ်ကုသရာမှာ သုံးတဲ့ဆေးတွေကို အမေရိကန်ဆေးရုံတွေမှာ ပေးလေ့ရှိတဲ့ အဓိကလူနာ ဥပမာတွေကလည်း၊ သက်ကြီးတွေနဲ့ ရောဂါအခံရှိသူတွေပါ။ ဒီလူနာမျိုးတွေအနေနဲ့ တခြားရောဂါတွေကြောင့် ဆေးရုံတက်လာချိန် ဆေးစစ်လိုက်လျှင် ကိုဗစ်ပိုး သွားတွေ့လာတတ်တာပါ။ ဥပမာ အသက် ၈၅ နှစ်အရွယ် အဖိုး (သို့) အဖွားအရွယ်၊ ပေါင်ကျိုးပြီး ဆေးရုံရောက်လာတာမှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိပေမဲ့၊ ကိုဗစ်လက္ခဏာ မပြင်းဘဲ၊ အောက်ဆီဂျင်လည်း ကောင်းနေချိန်မှာကို ကိုဗစ်ကုသဆေး တန်းပေးတာပါ။ ဒါ့အပြင် အသက်မကြီးသေးဘဲ ၄၅ နှစ် သာရှိသေးပေမဲ့၊ အဝလွန်ပြီး ဆီးချို၊ သွေးတိုးရှိနေသူ ဗိုက်အောင့်တာ (သို့) တခြားရောဂါတခုခုနဲ့ ဆေးရုံရောက်လာကာ အောက်ဆီဂျင်လည်းမကျ အဖျားလည်း မရှိပေမဲ့၊ နုံးနေတာကြောင့် ကိုဗစ်သံသယနဲ့ စစ်လိုက်ချိန် ပိုးတွေ့တာမျိုးမှာလည်း ကိုဗစ်ကုသရာသုံးဆေးတွေ ပေးပါတယ်။ အကြောင်းကတော့ ဒီလူတွေက ကိုဗစ်ဖြစ်လာလျှင် ဆိုးဆိုးဝါးဝါးအဆင့်ကို ရောက်သွားနိုင်ခြေများတာကြောင့်၊ ကုသရာသုံးဆေးတွေနဲ့ ကြိုပြီးကာထားပေးတာပါ။ အခုလိုကာထားတာကြောင့် အသက်မဆုံးတော့ပဲ ထိရောက်ခဲ့တာကို အမေရိကန်မှာ တွေရှိထားပါတယ်။ ဒါ့အပြင် ဆေးရုံတက်လာသူတွေ အောက်ဆီဂျင် ၉၂ % အောက်ကျလျှင်တော့ ဘယ်သူမဆို ကိုဗစ်ကုသရာမှာ သုံးတဲ့ဆေးစပေးပါတယ်။

အမေရိကန်ဆေးရုံတွေမှာတော့ အထက်ပါ အန္တရာယ် ပြင်းထန်နိုင်သူတွေ ဆေးရုံတက်လာလျှင် ကိုဗစ်သောက်ဆေး သုံးခွင့်မရှိဘဲ (ပြင်ပလူနာအတွက်သာ ဆရာဝန်လက်မှတ်နဲ့ သုံးခွင့်ရှိ) ထိုးဆေးကိုပဲ သုံးပေမဲ့၊ မြန်မာနိုင်ငံမှာတော့ ဒီ Remdesivir ထိုးဆေးရဖို့ မလွယ်လျှင် ကိုဗစ်သောက်ဆေးတွေ ပေးနိုင်ပါတယ်။ Remdesivir ထိုးဆေး ရနိုင်လျှင်တော့၊ Dexamethasone သောက်ဆေး (သို့) ထိုးဆေး (တစ်ရက် ၆ မီလီဂရမ်၊ ၅ ရက်) နဲ့ တွဲပြီးပေးနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာလည်း အလွယ်တကူရတဲ့ ဒီ Dexamethasone ကို လိုတာထက် ပိုမပေးမိဖို့တော့ အရေးကြီးပါတယ်။
အကြောင်းက Dexamethasone ပိုပေးလိုက်လို့ ထိရောက်မှု ပိုမရှိတာအပြင်၊ ဘေးထွက်ဆိုးကျိုးက အများကြီးပြင်းထန်သွားတာကို တွေ့ရှိထားလို့ပါ။ ဒါကြောင့် Remdesivir မရနိုင်လို့ Dexamethasone တစ်ခုထဲကို သုံးရလျှင်တောင် တစ်နေ့ ၆ မီလီဂရမ်ကို ၅ ရက်ကနေ ၁၀ ရက်ထိထက် ပိုမပေးသင့်ပါဘူး။ အကယ်၍ ပိုပေးမိပါက ဆီးချို မတရား တက်သွားတာ၊ ကိုယ်ခံအားကျပြီး ပြင်ပက ဘက်တီးရီးယားပိုးတွေဝင်တာ (ဥပမာ၊ အဆုပ်ရောင်တာ၊ နမိုးနီးယားဖြစ်တာ စတာတွေ) ဖြစ်တတ်လို့ပါ။

အခုလို ကိုဗစ်ကုသရာမှာသုံးတဲ့ ဆေးတွေက အသက်ဆုံးရှုံးမူကို လျှော့ချနိုင်ချိန်မှာ၊ နောက်တစ်ခုဖြစ်တဲ့ ကိုဗစ်ကာကွယ်ဆေး တတ်နိုင်သမျှ ထိုးထားတာကလည်း ထပ်ဆင့် အထောက်အကူဖြစ်စေပါတယ်။ အထူးသဖြင့် သက်ကြီး (၆၅ နှစ်အထက်) တွေ ကိုဗစ်ကာကွယ်ဆေး တစ်လုံးမှ မထိုးထားရသေးလျှင် ပထမ ၂ လုံးတွဲ စထိုးသင့်ပြီး၊ ဒီကာကွယ်ဆေး ပထမတစ်လုံးသာထိုးထားသူတွေမှာလည်း အနည်းဆုံး ၆ လခန့်အကြာမှာ ထပ်ဆောင်းတစ်လုံး ထပ်ထိုးသင့်ပါပြီ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်သောက်ဆေး အချိန်မနောက်ကျဘဲ သောက်နိုင်ဖို့၊ ကိုဗစ်ဖြစ်တာကို ချက်ချင်းသိနိုင်အောင် ကိုဗစ်သံသယရှိတာနဲ့ ဆေးစစ်သင့်ပါတယ်။

အခုအချိန်မှာ ကိုယ်တိုင်အိမ်မှာစစ်နိုင်တဲ့ ကိရိယာ (Antigen Test Kit) တွေလည်း ပိုလက်လှမ်းမီလာတာမို့ ပထမတစ်ခေါက်စစ်လို့ မတွေ့ဘဲ၊ ကိုဗစ်သံသယလက္ခဏာ (နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ဖျားနာတာ စတာ) တွေရှိနေသေးလျှင် ၃ ရက် ၄ ရက်အကြာ နောက်တစ်ကြိမ် ထပ်စစ်သင့်ပါတယ်။ အကြောင်းက ပထမတစ်ကြိမ်စစ်တာမှာ လွတ်သွားပြီး နောက်တစ်ကြိမ်မှာ ပိုးတွေ့တာ ဖြစ်တတ်လို့ပါ။ တချိန်ထဲမှာ အခုလို အချိန်မီသောက်နိုင်ဖို့ ဒီကိုဗစ်ဖြစ်လာလျှင် ပြင်းထန်နိုင်သူတွေ (သက်ကြီးနဲ့ရောဂါအခံရှိသူတွေ) အနေနဲ့ ကိုဗစ်ဖြစ်တာနဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဖြစ်နိုင်လျှင် အခုလိုလူမျိုးတွေ ခရီးသွားလျှင်တောင် ဆရာဝန်နဲ့ ကြိုတိုင်ပင်ပြီး ဒီ ကိုဗစ်သောက်ဆေးကို ဆောင်သွားသင့်ပါတယ်။

ဒါပေမဲ့လည်း ဒီကိုဗစ်ကုသရာမှာသုံးတဲ့ ဆေးတွေကို ကိုဗစ်ဖြစ်လာလျှင် မပြင်းထန်နိုင်သူတွေဖြစ်တဲ့ ငယ်ရွယ် ကျန်းမာပြီး ရောဂါအခံမရှိသူတွေမှာတော့ လုံးဝမသုံးသင့်ပါဘူး။ အကြောင်းက ကိုယ့်လို ကိုယ်ခံအားမကောင်းနိုင်ဘဲ၊ ကိုယ်ခံအားနည်းနေတဲ့ အထက်ပါ ပြင်းထန်နိုင်သူတွေအတွက် ဒီဆေးကို ချန်ထားပေးသင့်လို့ပါ။ အသက် ၃၀-၄၀ အရွယ် ငယ်ရွယ် ကျန်းမာပြီး ရောဂါအခံမရှိသူတွေအနေနဲ့က၊ ပြင်းထန်မှုအားအရင်လောက် မများတော့တဲ့ ဒီကိုဗစ်မျိုးကွဲစိတ်သစ် ကူးစက်ခံရလျှင်တောင်၊ ရောဂါမပြင်းထန်တော့ဘဲ ရက်ပိုင်းအတွင်း ပြန်ကောင်းလာတာကိုလည်း တွေ့ရှိထားပြီးဖြစ်ပါတယ်။

တချို့အခုလိုလူတွေကတော့ စိတ်ပူပြီး ဒီဆေးတွေကို ဆရာဝန်တွေထံကနေ ရချင်ပေမဲ့၊ ဆရာဝန်တွေအနေနဲ့ ဆေးပညာဆိုင်ရာကိုယ်ကျင့်တရား (Medical Ethics) ကို ထိန်းသိမ်းပြီး မလိုအပ်ဘဲ မပေးသင့်ပါဘူး။ တချို့ဆရာဝန်တွေအနေနဲ့ ဒီကိုယ်ကျင့်တရားကို မထိန်းဘဲ၊ အခုလိုဆေးတွေ ပေးနေတာရှိပေမဲ့၊ လူနာက ဆေးကြောင့်မဟုတ်ဘဲ သူ့ဟာသူ ကိုယ်ခံအားနဲ့ ပြန်ကောင်းသွားလေ့ရှိတာပါ။ အခုနောက်ဆုံးမှာတော့ အထက်ပါ ကုသရာသုံးဆေးတွေနဲ့ တတ်နိုင်သလောက်ထိုးထားတဲ့ ကာကွယ်ဆေးတွေက၊ အသက်ဆုံးရှုံးမှုလျော့ချရာမှာ အဓိကနည်း ၂ နည်း ဖြစ်လာနေတာ တွေ့ရှိထားပါတယ်။ ဒါကြောင့် အခုမျိုးကွဲစိတ်သစ်ကြောင့် ကူးစက်တာများနိုင်ပေမဲ့၊ ပြင်းထန်နိုင်တဲ့ သက်ကြီးနဲ့ရောဂါအခံ ရှိသူတွေကိုတော့ ကိုဗစ်လက္ခဏာ မပြင်းထန်လျှင်လည်း ကြိုကာဖို့ ကြိုပေးထားသင့်ပါတယ်။ အကြောင်းက နောက်ကျသွားလျှင် ဆေးက အရင်လိုအပြည့်အဝ မထိရောက်တော့ဘဲ ရောဂါပြင်းထန်သွားနိုင်လို့ပါ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမူးနဲ့ မြန်မာလူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG