သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုရဲမှုးမိုးရန်နိုင် ပြစ်ဒဏ်ကျခံနေရပြီလား


ဒုရဲမှုးမိုးရန်နိုင် ကိုရုံးထုတ်လာစဉ်
ဒုရဲမှုးမိုးရန်နိုင် ကိုရုံးထုတ်လာစဉ်

ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုမှာ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ သူ ဒုရဲမှူးမိုးရန်နိုင်ကို ရဲတပ်ဖွဲ့စည်းကမ်းချိုးဖောက်မှုဆိုင်ရာဥပဒေနဲ့ ထောင်ဒဏ် ချမှတ်လိုက်ပြီလို့ ရဲတပ်ဖွဲ့ပြောခွင့်ရတဦးက တနင်္ဂနွေနေ့မှာ ပြောတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။

ရဲတပ်ဖွဲ့ပြောခွင့်ရက အသေးစိတ်တွေကို အတိအကျမပြောသလို ထောင်ဒဏ်ဘယ်နှနှစ် ချလိုက်တယ်ဆိုတာကိုလည်း မပြောပါဘူး။ ဒါပေမဲ့ ပြည်တွင်းကလာတဲ့သတင်းတွေမှာတော့ ထောင်ဒဏ်တနှစ် ချမှတ်လိုက်တယ်လို့ ရေးသား ဖော်ပြကြတာ တွေရှိပါတယ်။

ဒုရဲမှူးမိုးရန်နိုင်ကို ရဲတပ်ဖွဲ့ စည်းမျဉ်းစည်းကမ်းဥပဒေအရ အပြစ်ပေးလိုက်တာဖြစ်ကြောင်း၊ သူ့အမှုကို ရဲတရားရုံးက စစ်ဆေး ဆုံးဖြတ် ပြစ်ဒဏ်ချမှတ်ပြီးတော့ အကျဉ်းထောင်ကို ပို့လိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲပြောခွင့်ရ ရဲမှူးကြီးမျိုးသူစိုးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဘယ် ရဲတရားရုံးကနေ စစ်ဆေး စီရင်ခဲ့တယ်ဆိုတာ ရဲမှူးကြီးမျိုးသူစိုးက မပြောသလို ဒုရဲမှူးမိုးရန်နိုင်ကို အပြစ်စီရင်လိုက်တာမှာ ဥပဒေရဲ့ ဘယ်ပုဒ်မအရ ပြစ်ဒဏ်ချမှတ်တယ်ဆိုတာကိုလည်း အတိအကျမပြောပါဘူး။ ရိုက်တာသတင်းထောက်က မေးတဲ့ မေးခွန်းအတော်များများကို ရဲမှူးကြီးမျိုးသူစိုးက ပြန်မဖြေသလို ထောင်ဒဏ် ဘယ်လောက်ချလိုက်တယ်ဆိုတာကိုလည်း မပြောပါ ဘူး။ အဲဒီအစား ထောင်ဒဏ်ချမှတ်လိုက်တယ်လို့သာ ပြောပြီးတော့ ကိုယ့်ဖာသာစုံစမ်းဖို့ ရိုက်တာသတင်းထောက်ကို ပြန်ပြောပါ တယ်။

ဒုရဲမှူးမိုးရန်နိုင်ရဲ့ဇနီးဖြစ်သူ မတူးတူးကို ရိုက်တာက ဆက်သွယ်မေးမြန်းတဲ့အခါ သူ့ခင်ပွန်း ထောင်ဒဏ်ချမှတ်ခံရတဲ့ကိစ္စ သူ့ကို အကြောင်းကြားတာ မရှိသေးကြောင်းနဲ့ သူ့ခင်ပွန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့ကတည်းက တွေ့ခွင့်မရတဲ့အကြောင်း ပြောပါ တယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အထက်အမိန့်အရ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဧပြီလ ၂၀ ရက်နေ့ တရားခွင်မှာ ဒုရဲမှူးမိုးရန်နို်င်က ထွက်ဆိုခဲ့ပါတယ်။ အဲဒီအထက်အမိန့်ဆိုတာကို ရဲမှူးချုပ်တင်ကိုကိုက ညွှန်ကြားခဲ့တာလို့လည်း ပြောပါတယ်။

ဒုရဲမှူးမိုးရန်နိုင်ရဲ့ အဲဒီထွက်ဆိုချက်နဲ့ပတ်သက်ပြီး သူဟာ ယုံကြည်ထိုက်တဲ့သက်သေတဦး ဟုတ် မဟုတ် လာမယ့် ဗုဒ္ဓဟူးနေ့မှာ တရားရုံးက ဆုံးဖြတ်ချက်ပေးဖို့ရှိပါတယ်။

သူ အဲဒီလိုထွက်ဆိုပြီး နောက်တနေ့မှာ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ နေအိမ်လိုင်းခန်းကနေ ဒုရဲမှူးမိုးရန်နိုင်ရဲ့ မိသားစုကို ရဲတပ်ဖွဲ့က ဖယ်ရှားခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုဖယ်ရှားခိုင်းတာဟာ ရဲတပ်ဖွဲ့ရဲ့ စည်းကမ်းသတ်မှတ်ချက်အတိုင်း လုပ်တာသာဖြစ် တယ်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ယောက်ကို ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ဖမ်းဆီးပြီးတဲ့နောက် ကိုဝလုံးနဲ့ ဆက်သွယ်ပြောဆိုခဲ့ဖူးတဲ့ ရဲတပ်ဖွဲ့ ဝင်တွေကိုလည်း ထိန်းသိမ်း စစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီထဲကမှ ဒုရဲမှူးမိုးရန်နိုင်နဲ့ တပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုပဲ ဆက်ပြီး ဖမ်းဆီးခဲ့တာပါ။ တပ်ကြပ်ကြီးခင်မောင်လင်းနဲ့ပတ်သက်တဲ့ သတင်းတခုခုကိုတော့ အခုချိန်ထိမသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG