သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်ထုမေ


ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး အဖြစ် ရွေးကောက်ခံထားရသူ ဒေါ်ထုမေ။
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး အဖြစ် ရွေးကောက်ခံထားရသူ ဒေါ်ထုမေ။

(Zawgyi/Unicode)

နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးအတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ အများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့၊ အနိုင်ရ တသီးပုဂ္ဂလကိုယ်စားလှယ်ကတော့ ၄ ဦးပဲ ရှိပါတယ်။ ဒီအထဲမှာ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ မထုမေ ပါ ပါတယ်။ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတယောက် အနေနဲ့ ကိုယ့်ရဲ့တိုင်းရင်းသား မျိုးနွယ်စုတွေ၊ ပြည်သူတွေ အတွက် ဘာတွေ လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပါလဲ။ အခုလို အခြေအနေအထိ ရောက်လာဖို့အတွက် ဘာတွေ ကြိုးပမ်းအားထုတ်ခဲ့ရသလဲ ဆိုတာတွေကို မထုမေကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

မထုမေက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာ ဝင်ပြိုင်တာ အနိုင်ရခဲ့ပါတယ်။ တခြား အင်အားကြီး နိုင်ငံရေးပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်သူတွေ ကြားထဲမှာ ကိုယ်က တသီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခုလို အရေးပါတဲ့ နေရာတခုကို အနိုင်ရခဲ့တာ ဘာကြောင့်လို့ ထင်ပါလဲရှင့်။ ပြည်သူတွေရဲ့ ကိုယ့်အပေါ် ယုံကြည်အားကိုးမှုက ဘာများဖြစ်ပါမလဲရှင့်။

“အဓိက ကတော့ နိုင်ငံရေးလမ်းကြောင်းကို မှန်မှန်ကန်ကန် လေ ျှာက်လှမ်းလို့ ပြည်သူက ကျမကို နိုင်ငံရေးထဲမှာ ရှိစေချင်တယ်ဆိုတဲ့ ဆန္ဒကို သူတို့ ထုတ်ဖော်ပြလိုက်တာလို့ပဲ ကျမ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမ နိုင်ငံရေးလောကထဲကို စပြီးရောက်ကတည်းက ကျမ ပြည်သူတွေအတွက် နိုင်ငံအတွက် ကိုယ့်ရဲ့မဲဆန္ဒနယ်အတွက် မားမားမတ်မတ် ရပ်တည်ခဲ့တယ်။ ၅ နှစ်တာ အတောအတွင်းမှာ မှန်မှန်ကန်ကန်ပဲ ပြည်သူဘက်က တင်ပြစရာဆိုလို့ရှိရင် တင်ပြခဲ့တယ်။ လွှတ်တော်မှာ တင်ပြလို့ မရတာတွေဆိုရင် မီဒီယာမှာ တင်ပြခဲ့တယ်။ ပြီးလို့ရှိရင် ကိုယ့်ရဲ့အလုပ် လွှတ်တော် ကိုယ်စားလှယ်တဦး အနေနဲ့ ပြည်သူတွေကို တွေ့ဆုံတာကအစ၊ လွှတ်တော်မှာ ဆွေးနွေးတာကအစ၊ ပြည်သူများရဲ့ လိုအပ်ချက်တွေကို လွှတ်တော်မှာ တင်ပြပြီးတော့မှ ဘတ်ဂျက်တောင်းခံတာကအစ နေပြီးတော့ ၅ နှစ်တာမှာ ပွင့်လင်းမြင်သာစွာ အလုပ်လုပ်ခဲ့တယ်။ ဒီလိုမျိုး မှန်မှန်ကန်ကန် လုပ်လာခဲ့တဲ့ ကိုယ်စားလှယ်တဦးက ရခိုင်ပြည်သူကတော့ လွှတ်တော်ထဲမှာရှိနေစေချင်တယ်။ ကျမကို နိုင်ငံရေးထဲမှာ ဆက်ပြီး ရှိနေစေချင်တဲ့ ဆန္ဒသဘောထားတွေကြောင့် ကျမ အနိုင်ရရှိခဲ့တာလို့ပဲ ကျမ သုံးသပ်တယ်ရှင့်။”

မထုမေက ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကတော့ ရခိုင်အမျိုးသားပါတီကနေ ရမ်းဗြဲနဲ့ အမ်းမြို့နယ်တွေရဲ့ ကိုယ်စားပြု အမျိုးသားလွှတ်တော် အမတ်အနေနဲ့ ဝင်အရွေးခံခဲ့ပြီး လွတ်တော်ထဲမှာ ၅ နှစ် တာဝန်ထမ်းခဲ့တဲ့သူပါ။ အခုတကြိမ် ရွေးကောက်ပွဲမှာကျတော့ ဘယ်ပါတီကိုမှ ကိုယ်စားမပြုမဟုတ်ဘဲ တသီးပုဂ္ဂလ အနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖြစ်တာက ဘာကြောင့်ပါလဲရှင့်။

“ဟုတ်ကဲ့ရှင့်။ ကျမတို့ ရခိုင်အမျိုးသားပါတီက နှစ်ပါတီ ပူးပေါင်းထားတာပါရှင့်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှစ်ပါတီကို ၂၀၁၅ မှာ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၆ မတ်လ၊ အစိုးရသစ် ပြန်လည်ဖွဲ့စည်းတဲ့ အခါမှာတော့ ပါတီတွေပြန်ပြီးတော့ မူဝါဒတွေကို လက်မခံနိုင်ကြတော့တဲ့ အခြေအနေမှာရှိတယ်။ ဒါကြောင့်မို့ ပါတီနှစ်ရပ်ကပြန်ပြီးတော့ မိမိပါတီ မိမိ ပြန်လည်ရပ်တည်ကြတဲ့သဘော ရှိပါတယ်။ ကျမကတော့ ကျမရဲ့ ၂၀၀၆ ခုနှစ်ကတည်းက ဝင်ရောက် အလုပ်လုပ်ခဲ့ဲတဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှာပဲ ဆက်နေမယ်ဆိုပြီးတော့ ရခိုင်အမျိုးသားပါတီ ကနေ နုတ်ထွက်စာတင်ခဲ့ပါတယ်။ ဒါ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၄ မှာတင်ခဲ့တယ်။ ဒါပေမဲ့ ရခိုင်အမျိုးသားပါတီက ထွက်လို့မရခဲ့ဘူး။ ထွက်ခွင့်မပေးခဲ့ဘူး။ အဲ့ဒါက ၂၀၂၀ အထိ တန်းလန်းကြီးဖြစ်သွားတယ်။ တသီးပုဂ္ဂလ ဆိုလို့ရှိရင်တော့ ဒီ နှစ်ပါတီစလုံးကနေ ထွက်ရှိပြီးသား ဖြစ်ပြီးတော့ တသီးပုဂ္ဂလ အနေနဲ့ ရပ်တည်ရတဲ့ အခြေအနေဖြစ်သွားတယ်ရှင့်။”

အဲ့ဒီတော့ ဒီလို ဝင်ပြိုင်တဲ့အခါမှာလည်း ဘာကြောင့် ရန်ကုန်တိုင်း ဒေသကြီးရဲ့ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနေရာကို ဝင်ပြိုင်ခဲ့တာပါလဲရှင့်။

“ကိုယ် အမှန်တကယ် အလုပ် လုပ်လို့ရမယ့်နေရာကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်မှာဆိုလို့ရှိရင် တသီးပုဂ္ဂလအနေနဲ့ အဆိုတခု တင်မယ်ဆိုသည့်တိုင်၊ ပြီးခဲ့တဲ့တုန်းက ပါတီ ရှိတာတောင်မှ မတင်နိုင်ခဲ့တဲ့ အဆိုတွေ၊ လွှတ်တော်ဥက္ကဋ္ဌက ခွင့်မပြုတဲ့အဆိုတွေ အများကြီးရှိခဲ့တယ်။ ဒါကြောင့်မိုလို့ ဒီလွှတ်တော်မှာ အလုပ် လုပ်တာထက် စာလို့ရှိရင် ရန်ကုန်တိုင်းဒေသကြီးမှာ ပြောင်းရွှေ့လုပ်ကိုင်လာလို့ရှိရင် ဒီနေရာသည် ပြည်သူ တိုက်ရိုက်ရွေးချယ်တဲ့နေရာ၊ ကိုယ့်ကို ဘယ်သူကမှ ခန့်အပ်တဲ့ သမ္မတက ခန့်အပ်တဲ့၊ ပါတီက ခန့်အပ်တဲ့ ဝန်ကြီးမဟုတ်ဘဲနဲ့ ပြည်သူတိုက်ရိုက် ရွေးချယ်တဲ့ ဝန်ကြီးဖြစ်တယ်။ နံပါတ်နှစ်က ဘာလဲဆိုရင် ကျမ လုပ်ချင်တဲ့ ရခိုင်လူငယ်များရဲ့ ပညာရေးဆိုင်ရာ တည်ဆောက်မှု၊ ရခိုင်ပြည်နယ်အတွက် လိုအပ်မယ့် လူသားစွမ်းအား အရင်းအမြစ်ကို ရန်ကုန်ကနေ တည်ဆောက်လို့ ရတယ်။ ပြီးလို့ရှိရင် ရန်ကုန်ဟာ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ အတွက်ကြောင့်မိုလို့ ရခိုင်ပြည်နယ်မှာ အခုဖြစ်ပျက်နေတဲ့ စစ်ဘေးကြောင့်ဖြစ်စေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့်ဖြစ်စေ။ အခု နိုင်ငံတကာက ပြောနေကြတဲ့ ဝေဖန်နေကြတဲ့ စစ်ရာဇဝတ်မှုနဲ့ပတ်သက်လို့ပဲ ဖြစ်စေ၊ ရန်ကုန်မှာနေပြီးတော့ လူငယ်တွေအများကြီး ရှိတယ်။ သံတမန်ဆက်ဆံရေးကို ကျမတို့ ရန်ကုန်ကနေ ထူထောင်နိုင်မယ်။ ဒီ ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီးတယောက်အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို နိုင်ငံတကာ သိရှိအောင် ဆိုလို့ရှိရင် ရန်ကုန်တိုင်းက ဖြေရှင်းမယ့်နည်းလမ်းတခု။ သို့မဟုတ် နိုင်ငံတကာသိအောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတခု ရှိနိုင်မယ်ပေါ့နော်။ ဒါကြောင့်မိုလို့ ကျမက နိုင်ငံရေးအကျပ်အတည်း အခြေအနေ၊ ပါတီတွေ အကျပ်အတည်း အခြေအနေ။ ဒီအခြေအနေတွေကြောင့်ပဲ ကျမ လွှတ်တော်ကိုယ်စားလှယ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ဘဲနဲ့ လက်တွေ့ အလုပ် လုပ်နိုင်မယ့်၊ အစိုးရအဖွဲ့ထဲမှာ ပါပြီးတော့မှ အလုပ် လုပ်နိုင်မယ့်နေရာကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်ရှင့်။”

ဆိုတော့ ဒီလို တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတယောက်အနေနဲ့ ရန်ကုန်တိုင်းတွင်းမှာရှိတဲ့ ရခိုင်လူမျိုးတွေအတွက်ရော၊ ရခိုင်ပြည်နယ်က ပြည်သူတွေအတွက်ရော ဘာတွေ အကျိုးပြု လုပ်ဆောင်ဖို့ ပြင်ဆင်ထားပါလဲရှင့်။

“ဒီ ရန်ကုန်မှာနေကြတဲ့ ရခိုင်ရယ်မှမဟုတ်ဘူး။ ရခိုင်ပြည်ကလာကြတဲ့ တခြား ကမန်တွေ ရှိတယ်။ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး အစရှိတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ပြည်သူများရဲ့ ဘဝလုံခြုံရေးနဲ့ တရားဥပဒေအကာအကွယ်ကို ရရှိဖို့အတွက် ဥပဒေပညာရှင်များနဲ့ လက်တွဲပြီးလို့ရှိရင် ဒါကို ဥပဒေအရ ဖြေရှင်းဖို့အတွက် အဖွဲ့အစည်းတခုဖွဲ့ဖို့ ကျမ ကတိတခု ပေးခဲ့တယ်။ နောက်တချက်က လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရန်ကုန်တိုင်းကို ပြောင်းရွှေ့လာကြတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့စိန်ခေါ်ချက်နဲ့ အခက်အခဲများကိုတော့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးတယောက် အနေနဲ့ အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးဖို့ ကျမ ကတိကဝတ်လုပ်ထားတယ်။ ရခိုင်ပြည်သူဘ၀ တိုးတက်ရေး၊ အဲ့ဒီကမှတဆင့် ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့လူသားစွမ်းအား အရင်းအမြစ်ကို ရန်ကုန်ကနေ တည်ဆောက်သလိုပဲ ရခိုင်ပြည်နယ်မှာ ရှိလာမယ့် အခက်အခဲကိုလည်းပဲ ရန်ကုန်ကနေ နိုင်ငံရေးအရ ဖြေရှင်းမယ့် နည်းလမ်းကောင်းတွေ ပေါ်ပေါက်လာမယ်။ နည်းလမ်းကောင်းတွေလည်း ကျမ စဉ်းစားထားပြီးသား ဖြစ်တယ်။ ဒါကြောင့်မိုလို့ ဒီအကြောင်းအရာတွေကို ဆောင်ရွက်သွားပါမယ် ဆိုပြီးတော့ ပြည်သူကို ကတိကဝတ်တွေနဲ့ပဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို လုပ်ခဲ့တာဖြစ်တယ်ရှင့်။”

လူငယ်လူလတ်တယောက်၊ အမျိုးသမီး တယောက်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်လာပြီးတော့မှ ပြီးခဲ့တဲ့၅ နှစ်သက်တမ်းဆိုရင်လည်း ဒါ အမျိုးသားလွှတ်တော်မှာ တာဝန်ထမ်းခဲ့တယ်။ အခုဆိုရင်ရင်လည်း ရန်ကုန်တိုင်းဒေသကြီးရဲ့ ပထမဆုံး အမျိုးသမီး ရခိုင်တိုင်းရင်သားလူမျိုးရေးရာ ဝန်ကြီး ဖြစ်လာတော့မယ်။ ဆိုတော့ ဒီလိုအခြေအနေကို ရောက်လာဖို့အတွက် ဖြတ်သန်းတဲ့အခါမှာ အခက်အခဲ ဘာတွေ ကြုံရတာရှိပါလဲ။ အခုနောက်ဆုံး ရွေးကောက်ပွဲမှာရော ဘယ်လိုအခက်အခဲတွေ ရှိခဲ့ပါလဲ။

“အခက်အခဲ ကတော့ အများကြီး ရှိခဲ့တယ်ရှင့်။ ဒီ မြို့နယ်တိုင်းမှာ ၄၅ မြို့နယ်ပေါ့နော်။ ဒါ ကိုကိုကျွန်းကို ဖယ်လိုက်လို့ရှိရင် ၄၄ မြို့နယ်။ ဒီ ၄၄ မြို့နယ်ကနေ data collection တွေလုပ်တဲ့အခါမှာ၊ အချက်အလက်တွေ စုဆောင်းတဲ့အခါမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အချက်အလက်တွေကို မပေးနိုင်တဲ့ အခြေအနေမျိုးမှာ ဆိုလို့ရှိရင် ကျမ အုပ်ချုပ်ရေးကဏ္ဍက အချက်အလက်တွေကို အသုံးပြုပြီးတော့မှ ဘယ်နေရာမှာ ရခိုင်တွေအများကြီး ရှိနေတယ်။ ဘယ်လို အလုပ်အကိုင်တွေ လုပ်ကိုင်ကြတယ်။ ဘယ်လိုနေထိုင်ကြတယ်။ ဒါတွေကို လေ့လာခွင့်ရရှိခဲ့တာပါ။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လေ့လာတဲ့အခါမှာ ကျမအတွက် အများကြီး အခက်အခဲရှိခဲ့တယ်။ နောက်တချက်ကတော့ ကျမနဲ့အတူတူ ကန်ပိန်းတခုလုံးကို ဖြတ်သန်းကြမယ့် လူငယ်လူရွယ်တွေကို ကျမ စုဆောင်းတဲ့အခါမှာလည်း ကိုဗစ်အခက်အခဲကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ကျမ အဲ့ဒီလိုမျိုး ခက်ခဲတဲ့ ကွက်လပ်ကိုတော့ လူမှုကွန်ရက်မှာ ထုမေ ဆန်းဒေးတော့ခ် (Htoot May Sunday Talk) အနေနဲ့ ဘာသာရပ်အသီးသီးမှာ ကျွမ်းကျင်ကြတဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီးတော့မှ ထုမေ ဆန်းဒေးတော့ခ်ကို စီစဉ်ခဲ့ရတဲ့ အခြေအနေတွေ ရှိပါတယ်။”

ကိုယ်လိုပဲ နိုင်ငံရေးမှာ စိတ်ဝင်စားတဲ့၊ ပါဝင်လှုပ်ရှားချင်တဲ့ လူငယ်တွေ အမျိုးသမီးတွေ အများကြီး ရှိနိုင်ပါတယ်။ သူတို့အတွက်ရော ကိုယ်က ရှေ့က ဖြတ်သန်းပြီးသား လူတယောက် အနေနဲ့ ဘာတွေ ဘာ အကြံတွေပေးနိုင်မလဲ။ ဘယ်လိုအားပေးစကားတွေ ပြောနိုင်ပါမလဲရှင့်။

“ဒီ မြန်မာနိုင်ငံမှာပေါ့နော် အမျိုးသမီး နိုင်ငံရေးလုပ်တဲ့အခါမှာ အများသောအားဖြင့် ကျမတို့ခေတ် ဆိုလို့ရှိရင် အရမ်း ဝေဖန်ခံရတယ်။ လူမှုကွန်ရက်ကနေပြီးတော့ ကောင်းတဲ့အကျိုးတွေပေးသလို၊ လူမှုကွန်ရက်ပေါ်မှာ ရပ်တည်တဲ့ အခါမှာလည်း တချို့ အတိုက်အခံတွေက အများကြီး ထိုးနှက်တာတွေ ကြုံရတယ်။ ဒါတွေကို ကျမတို့ဖြတ်သန်းရပါမယ်။ ဒီလိုမျိုး ဖြတ်သန်းတဲ့အခါမှာ စိတ်မလေ ျှာ့ဖို့နဲ့ အဓိက ကိုယ့်နိုင်ငံရေးကို တစိုက်မတ်မတ် လုပ်ဖို့၊ ဒူပေဒဏ်ပေ ခံရမယ်ရှင့်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ ဒီမြန်မာနိုင်ငံမှာက ဒီမိုကရေစီထွန်းကားမှုက အားနည်းသေးတယ်။ ပြီးလို့ရှိရင် ကျမတို့ ဆက်တိုက်ပဲ တပါတီက အနိုင်ရတဲ့စနစ်အပေါ်မှာ အခြေခံသလို ဖြစ်နေတယ်။ ပြီးလို့ရှိရင် ငြိမ်းချမ်းရေး မရသေးဘူး။ ငြိမ်းချမ်းရေးမရသေးတဲ့အပြင် ကျမတို့ ရခိုင်ပြည်နယ်ဆိုရင် ပဋိပက္ခတွေ ပိုပြီးတော့ တိုးပွားလာနေတယ်။ နောက်တခုက ပါတီတွေ အကွဲအပြဲတွေ ရှိတယ်။ ဒီကြားထဲမှာပဲ နေပြီးတော့ အမျိုးသမီးတွေဟာ နိုင်ငံရေးလုပ်မယ်ဆိုလို့ရှိရင် ပရော်ဖက်ရှင်နယ် နိုင်ငံရေးကိုသွားဖို့အတွက် ကျမတို့ ပြင်ဆင်ရပါမယ်။ ကိုယ့်ရဲ့နိုင်ငံရေးခံယူချက် မှန်ကန်မှုကလည်း အရေးကြီးပါတယ်။ အမျိုးသမီးပဲ ဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် နိုင်ငံရေးသီလ မရှိဘူးဆိုရင် ရေရှည်ခံဖို့ခက်ပါတယ်။ ဒါကြောင့်မိုလို့ ကျမတို့ အမျိုးသမီးတွေဟာ သက်လုံကောင်းရပါမယ်။ ပြီးလို့ရှိရင် ကျမတို့ကို အမျိုးသားတွေက နေရာပေးမှ၊တာဝန်ပေးမှဆိုတာထက် ကိုယ်လုပ်နိုင်စွမ်းကို အကောင်းဆုံး ကျမတို့ အလုပ် လုပ်မယ်။ ကျမ ဖြတ်သန်းမှု တလေ ျှာက်မှာဆိုရင် အခက်အခဲ အများကြီး ရှိခဲ့တယ်။ တချို့နေရာမှာ အမျိုးသား အမျိုးသမီး ခွဲခြားဆက်ဆံမှု မရှိဘူးလို့ ထင်ရပေမဲ့လည်း တကယ်တမ်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်နေရာတွေ ရောက်ပြီဆိုလို့ရှိရင် အမျိုးသမီးတွေကို အသက်ငယ်လို့တကြောင်း၊ အမျိုးသမီးဖြစ်လို့ တကြောင်း၊ ပြီးလို့ရှိရင် အမျိုးသားလောက် အချိန်မပေးနိုင်ဘူးလို့ ထင်ကြေးပေးတာကြောင့် တကြောင်းနဲ့ အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချတဲ့နေရာကို မရောက်ရှိလာဘူး။ ဒါကြောင့်မိုလို့ ကျမတို့ အမျိုးသမီးတွေ နိုင်ငံရေးထဲမှာ များများ ပါဝင်ကြပါ။ ပြည်သူ့ကောင်းကျိုးကို ဆောင်ရွက်နေတဲ့ အမျိုးသမီး တယောက် အတွက်ကတော့ ဒီ နိုင်ငံရေးလောကထဲမှာ အမြဲရှိနေအောင်၊ ဦးဆောင်မှုကဏ္ဍမှာ အမြဲရှိနေအောင် ကိုယ့်ကိုယ်ကို ကြိုးစားအားထုတ်ရမှာပါလို့ ပြောကြားလိုပါတယ်ရှင့်။”

တိုက်ရိုက် လင့်ခ်

=========================================

[Unicode Version]














XS
SM
MD
LG