သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး အမျိုးသမီးဒုသမ္မတဖြစ်လာဖို့ သေချာနေတဲ့ Kamala Harris


အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး ဒုသမ္မတဖြစ်လာဖို့ သေချာနေတဲ့ Kamala Harris (ဓာတ်ပုံ - အေအက်ဖ်ပီ)
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး ဒုသမ္မတဖြစ်လာဖို့ သေချာနေတဲ့ Kamala Harris (ဓာတ်ပုံ - အေအက်ဖ်ပီ)

(Zawgyi/Unicode)

အမေရိကန်သမ္မတသစ် ဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ ဂျိုးဘိုင်ဒန်နဲ့အတူ လာမယ့် ၄ နှစ်သက်တမ်း ဒုသမ္မတတာဝန် ထမ်းဆောင်မယ့် Kamala Harris ဟာဆိုရင် နှစ်ပေါင်း ၂၀၀ ကျော် အမေရိကန်ပြည်ထောင်စု သမိုင်းမှာတော့ ပထမဆုံး အမျိုးသမီး ဒု သမ္မတဖြစ်လာမယ့်သူပါ။ ဒါ့အပြင် ရွှေ့ပြောင်းမိဘနှစ်ပါးကနေ မွေးဖွားလာတဲ့ လူဖြူမဟုတ်တဲ့ အမျိုးသမီးတယောက် တိုင်းပြည်ရဲ့ ဒုတိယအမြင့်ဆုံး တာဝန်ကို ထမ်းဆောင်မှာလည်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု သမိုင်းမှာ ဒါက ဘယ်လောက်အထိ ထူးခြားပါသလဲ။ ပထမဆုံး အမေရိကန် ဒုသမ္မတဖြစ်လာဖို့ သေချာသလောက် ရှိနေတဲ့ Kamala Harris အကြောင်းကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ဆက်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲ နောက်ဆုံး မဲရလဒ်တွေကို တရားဝင် ထုတ်ပြန် မကြေညာရသေးပေမဲ့လို့၊ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန်က အနိုင်ရဖို့ သေချာတဲ့ ထောက်ခံမဲအရေအတွက် ရထားပြီးဖြစ်သလို၊ မစ္စတာ ဘိုင်ဒန် ကိုယ်တိုင်ကလည်း နိုဝင်ဘာလ ၇ ရက်နေ့ညက အနိုင်ရမိန့်ခွန်း ပြောကြားခဲ့ပါတယ်။ သူနဲ့အတူ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရဖို့ ရှိနေတဲ့ Kamala Harris ကတော့ အမေရိကန်ပြည်ထောင်စု သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဒု သမ္မတဖြစ်လာမယ့်သူပါ။ ဒါဟာ အမေရိကန်သမိုင်းမှာတော့ ထူးခြားတဲ့သမိုင်းမှတ်တိုင် တစ်ခုပါပဲလို့ ဟာဝိုင်အီအခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်စင်တာက ပါမောက္ခ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။

“ဒါက အရမ်းထူးခြားတာပေါ့နော်။ ဘာလို့လဲဆိုတော့ ဒါက ပထမဦးဆုံး အမျိုးသမီးတယောက်။ အမြင့်ဆုံး Highest Office (ရာထူးတာဝန်တခုကို) အမေရိကန်နိုင်ငံမှာ အမျိုးသမီးတယောက် ဝင်လာနိုင်တယ်ဆိုတာ အရမ်းထူးခြားပါတယ်။ နောက်ပြီးတော့လည်း တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ်က အမျိုးသမီးများရဲ့ မဲပေးဖို့ အခွင့်အရေး ရခဲ့တာ နှစ် ၁၀၀ ပြည့်နှစ်ပါပဲ။ ဆိုတော့ အဲဒီ အမေရိကန်အမျိုးသမီးတွေက နှစ် ၁၀၀ ကျော်ကျော် ဒီလိုမျိုး တိုက်တွန်းပြီးတော့ ကြိုးစားလာရတာ အခုမှ ပထမဦးဆုံး နိုင်ငံရေးနဲ့ ပတ်သက်ပြီး အမြင့်ဆုံး office တခုကို အမြင့်ဆုံး position နေရာကိုရောက်လာတာပေါ့နော်။ ဆိုတော့ အဲဒါ အရမ်းထူးခြားတယ်။ ဒါပေမဲ့လည်း ပိုပြီးတောင်မှ ထူးခြားသွားတာက ဒီအမျိုးသမီးအတွက်ကျတော့ သူက အဖြူမဟုတ်တဲ့ အမျိုးသမီး ၊ သူ့အဖေအမေတွေက immigrant တွေ၊ တခြားနိုင်ငံကနေ ရွှေ့ပြောင်း အခြေချနေထိုင်လာတဲ့လူတွေ ဆိုတော့ ပိုပြီးတောင်မှ ထူးခြား တာပေါ့နော်။”

နှစ်ပေါင်း ၂၀၀ ကျော် ရှိလာပြီဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု သမိုင်းမှာ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တွေ၊ အမျိုးသမီးလွှတ်တော်အမတ်တွေ၊ အမျိုးသမီး တရားရေးအရာရှိတွေ အများအပြား ရှိပေမဲ့လို့ အုပ်ချုပ်ရေးပိုင်းမှာ အမြင့်ဆုံးနေရာဖြစ်တဲ့ သမ္မတ အိမ်ဖြူတော်မှာ သမ္မတ ဒါမှမဟုတ် ဒုသမ္မတ တာဝန် ထမ်းဆောင်ဖူးတဲ့ အမျိုးသမီးဆိုတာတော့ တယောက်မှ မရှိသေးပါဘူး။ ဗာဂျီးနီးယား တက္ကသိုလ်က Barbara Perry က ခုလိုပြောပါတယ်။

“တရားရုံးချုပ်မှာ အမျိုးသမီး တရားသူကြီးတွေ ရှိပါတယ်။ ကွန်ဂရက်စ်လွှတ်တော်မှာ ဆိုရင်လည်း အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရှိပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ဒုသမ္မတ အမျိုးသမီးဆိုတာတော့ ကျမတို့မှာ မရှိသေးပါဘူး။ သမ္မတ လည်း မရှိသေးပါဘူး။ အမျိုးသမီးဆိုတာအပြင် ပိုမိုကောင်းမွန်တဲ့ ဘဝတခုရှာဖွေဖို့အတွက် တခြားနိုင်ငံတွေက ရွှေ့ပြောင်း ရောက်လာကြတဲ့ မိဘနှစ်ပါးကနေ မွေးဖွားလာတဲ့ လူဖြူမဟုတ်တဲ့ အမျိုးသမီးတယောက်ပါ။”

Kamala Harris ရဲ့ မိခင်ဟာ အိန္ဒိယနိုင်ငံကနေ ပြောင်းရွှေ့လာသူတဦးဖြစ်ပြီး ဖခင်ကတော့ ဂျမေးကားနိုင်ငံကနေ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ ဒီလို ရွှေ့ပြောင်း မိဘနှစ်ပါးကနေ ကယ်လီဖိုးနီးယားပြည်နယ် Oakland မြို့မှာ သူ့ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံး တက္ကသိုလ်ဘွဲ့ကိုတော့ လူမည်းကျောင်းသူကျောင်းသားတွေ အများဆုံးတက်ရောက်တဲ့ မြို့တော် ဝါရှင်တန်က Howard တက္ကသိုလ်ကေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ကယ်လီဖိုးနီးယာတက္ကသိုလ်မှာ ဥပဒေဘွဲ့ ထပ်ယူခဲ့ပြီး ၂၀၀၄ ခုနှစ်မှာတော့ San Francisco မြို့မှာ အစိုးရရှေ့နေ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ပထမဆုံး လူမည်း အမျိုးသမီး ရှေ့နေချုပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ဒီပြည်နယ်ရဲ့ ကိုယ်စားပြု အထက်လွှတ်တော်အမတ် အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရသူဖြစ်ပါတယ်။ Kamala Harris ရဲ့ အကြောင်းကတော့ အမေရိကန်ပြည်ထောင်စု ဆိုတာကို အကောင်းဆုံး ဖော်ပြနိုင်တဲ့ ဥပမာ တခုပါပဲလို့ ပါမောက္ခ ဒေါ်မီမီဝင်းဘက်က ပြောပါတယ်။

“Kamala Harris ရဲ့ စတိုရီ ကတော့ အမေရိကန် စတိုရီ လို့ပြောလို့ရတာပေါ့နော်။ သူ့ရဲ့ မိဘတွေက တခြားနိုင်ငံကနေ ရွှေ့ပြောင်းပြီးတော့ အမေရိကန်ပြည်ထောင်စုကို လာတယ်။ သူ့အဖေကတော့ Scholar (ပညာရှင်) ပေါေ့နာ်။ ပါမောက္ခတယောက် ဖြစ်တယ်။ သူ့အမေကတော့ သိပ္ပံပညာရှင်တယောက်ဖြစ်တယ်။ သူတို့ အမေရိကန်ပြည်ထောင်စုကို လာတယ်။ သူတို့ ဒီမှာ တွေ့ပြီးတော့ အိမ်ထောင်ကျပြီးတော့ သမီ ၂ ယောက်ကို ရတယ်ပေါ့နော်။ Kamala နဲ့ သူ့ရဲ့ ညီမလေးတယောက် ရှိတယ်။ ဆိုတော့ Kamala Harris ရဲ့ စတိုရီ ကတော့ အမေရိကန် စတိုရီ ပဲ ဒါက။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကားက များသောအားဖြင့် နိုင်ငံတကာက ရွှေ့ပြောင်းလာတဲ့သူတွေ များတဲ့ နိုင်ငံတခုဖြစ်တယ်ပေါေ့နာ်။ နောက်တခုကတော့ Kamala Harris ကိုယ်တိုင်ကလည်း အရမ်းထက်မြက်တဲ့၊ စိတ်ခိုင်မာတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။”

အသက် ၅၆ နှစ်အရွယ် Kamala Harris ဟာ နောင်လာနောက်သား လူငယ်အမျိုးသမီးတွေ အတွက်တော့ လေးစား အတုယူစရာ၊ အားကျစရာ ရှေ့ဆောင် နမူနာ ဖြစ်ပါတယ်လို့လည်း ပါမောက္ခ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။

“စံနမူနာပေါ့နော်။ အဲဒီလိုရှိတဲ့အခါကျတော့ အမျိုးသမီးတွေက ငါတို့လည်း ဒီလိုဖြစ်နိုင်ပါလား။ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ စိတ်တွေ ပျောက်သွားလိမ့်မယ်။ အဲ့ဒါက အရမ်း အရမ်းကြီးတယ်။ ဆိုတော့ အန်တီတို့အတွက်တော့ အမေရိကားမှာ အမျိုးသမီးတွေအတွက် တကယ် ကောင်းမြတ်တဲ့ ထူးခြားတဲ့ သမိုင်းဝင်နိုင်တဲ့ နေ့ပါပဲ။ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေအတွက်လည်း ဒါက အရမ်းကောင်းတဲ့ စံနမူနာပေါ့နော်။ ဆိုတော့ အန်တီတို့ကတော့ ဝမ်းသာအားရ celebrate လုပ်နေကြတယ်။”

ဒီနှစ်ဟာ တိုက်တိုက်ဆိုင်ဆိုင် အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေ မဲပေးခွင့်ရတာခဲ့တာ နှစ် ၁၀၀ ပြည့်တဲ့နှစ် ဖြစ်ပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၇ ရက်နေ့က အနိုင်ရမိန့်ခွန်းပြောကြားချိန်မှာ Kamala Harris က တချိန်က အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့လို့၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တခုကို ပြည်သူတွေရဲ့ စွမ်းအားနဲ့ တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်လို့ အလေးအနက်ထား ပြောဆိုသွားပါတယ်။

“ခုလို ဒီနေရာကို သူ ရောက်လာတာဟာ တချိန်က အမျိုးသမီးတွေရဲ့ ရုန်းကန်လှုပ်ရှားမှု၊ သူတို့ရဲ့ စိတ်ဓာတ် ခိုင်မာမှုနဲ့ အမြင်ကျယ်မှုတွေကြောင့်ဖြစ်ပြီး ဒီအမျိုးသမီးတွေက ပုခုံးထမ်းတင်ပေးခဲ့လို့သာ ခုလို အခြေအနေမျိုး ရောက်လာရတာပါ” လို့ Delaware ပြည်နယ် Wilmington မြို့မှာကျင်းပခဲ့တဲ့ အောင်ပွဲခံမိန့်ခွန်းမှာ ပြောသွားတာပါ။ အမျိုးသမီးတွေ ခုလို ခေါင်းဆောင်မှု နေရာ ရဖို့အတွက် နှစ်ပေါင်းများစွာ ပေးဆပ် ရုန်းကန်ခဲ့ကြရတာ ဖြစ်တယ်လို့ ပါမောက္ခ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။

“အမေရိကန် အမျိုးသမီးတွေ မဲပေးခွင့်ရတာက နှစ် ၁၀၀။ အဲ့ဒီလို မဖြစ်ခင်မှာ ဒီမဲပေးနိုင်ခွင့် အခွင့်အရေး ရအောင်အတွက်ကို အမျိုးသမီးတွေလုပ်ရတာက ၇၅ နှစ်။ ၇၅ နှစ် သူတို့ ဇွဲရှိရှိနဲ့ တိုက်လာတော့မှ ၁၉၁၉ မှာ ပထမဆုံး မဲပေးခွင့်တောင်းဆိုတဲ့ ဥပဒေကို တင်ခွင့်ရတယ်။ အဲ့ဒီကနေ ၁၉ ၂၀ မှာ သူတို့ မဲပေးပိုင်ခွင့် ရရှိလာတာ။ Kamala Harris ခုလို ဒုသမ္မတ ဖြစ်သွားနိုင်တဲ့ဟာက ဒီအမျိုးသမီးတွေ သူတို့လုပ်ထားပေးလို့။ အနှစ် ၁၀၀ ကျော် ၁၇၅ နှစ်လောက်ကတည်းက သူတို့ လုပ်ထားပေးလို့။”

တချိန်တုန်းကတော့ အမျိုးသမီးတွေဟာ ခုလို နိုင်ငံရဲ့ အမြင့်ဆုံးနေရာ မပြောနဲ့ မဲပေးခွင့်တောင် တန်းတူ ရခဲ့ကြတာ မဟုတ်ပါဘူး။ ဒီကနေ့ တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်လာဖို့ဆိုတာမှာ အမေရိကန်ပြည်ထောင်စု ဟာလည်း အဆင့်ဆင့် တိုးတက်မှုတွေ ရအောင် ဖြတ်သန်းခဲ့ရတာဖြစ်ပြီး ခုထိလည်း ပိုမိုကောင်းမွန်အောင် ကြိုးပမ်းနေရဆဲပါပဲလို့ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ် ။

“အမေရိကန်ဒီမိုကရေစီက အားလုံး perfect (ပြည့်စုံနေတာ) မဟုတ်ဘူး။ အဲ့ဒီဥစ္စာက အမြဲတမ်း နေ့တိုင်း နေ့တိုင်း ပြည်သူလူထုက ကြိုးစားပြီးတော့ အဲ့ဒါကိုရအောင် လှမ်းနေရတယ်။ အဲ့ဒါက ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ ဒီမိုကရေစီ က process (ဖြစ်စဉ်)။ အဲ့ဒီလိုမျိုး တလှမ်းချင်း တလှမ်းချင်း လှမ်းရင်း သွားရင်းနဲ့ ပို ပိုပြီးတော့ ကောင်းလာမယ်။ ဒါပေမဲ့လည်း ပတ်ဝန်းကျင်က အမြဲတမ်း ပြောင်းနေတယ်။ တနေ့ထက်တနေ့ ပိုမို ကောင်းလာအောင်။ တဆက်နဲ့တဆက် generation (မျိုးဆက်) တခုနဲ့ တခု ပိုပြီးတော့ ကောင်းလာအောင် လုပ်ဖို့ လိုအပ်တယ်။ အဲ့ဒါကြောင့်မိုလို့လဲ သူတို့ပြောတာက အမေရိကန်တွေ အတူတကွ လာပြီးတော့ စုပေါင်းလုပ်ကြလို့ တိုးတက်လာတာ။ ဒီမိုကရေစီဆိုတာဟာ သူ့ဟာဟူ နေ နေတာ မဟုတ်ဘူးတဲ့။ လူတွေ တည်ဆောက်တဲဥစ္စာ။ လူတွေပါဝင်တော့မှ ဒီမိုကရေစီ ဆိုတဲ့ဥစ္စာက ခိုင်ခိုင်မာမာဖြစ်တာတဲ့။”

လူဖြူ အမျိုးသားတွေ ကြီးစိုးတဲ့ ဝါရှင်တန် နိုင်ငံရေးမှာ လူမည်းနဲ့ တောင်အာရှနွယ်ဖွား အမျိုးသမီး တယောက် အမြင့်ဆုံး အုပ်ချုပ်ရေးရာထူး နေရာတခုကို ရောက်လာတာကတော့ တကယ့်ကို ထူးခြားတဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်နေတာပါ။ ဒီသမိုင်းမှတ်တိုင်ကို သူနဲ့ စပေမဲ့ သူနဲ့ အဆုံးသတ် မသွားစေရပါဘူးလို့ Kamala Harris ကပြောပါတယ်။

“သူဟာ အမေရိကန် ဒုသမ္မတအဖြစ် ပထမဆုံး တာဝန်ထမ်းခွင့်ရသူသာ ဖြစ်မယ်။ နောက်ဆုံး ဆိုတာတော့ ဖြစ်မှာမဟုတ်ပါဘူး။” - လို့ Kamala Harris က ပြောသွားတာပါ။

ဒါ့အပြင် ဒီကနေ့ အောင်ပွဲကို ကြည့်နေကြတဲ့ မိန်းခလေးငယ်တွေ အားလုံး ဒီတိုင်းပြည်မှာ ဒီလို ဖြစ်နိုင်တယ်ဆိုတာကို မြင်တွေ့ ခဲ့ကြရပါပြီ။ ရည်ရွယ်ချက် အပြည့်ထားပြီး ခိုင်မာတဲ့ယုံကြည်ချက်နဲ့ ကြိုးစားအားထုတ်ပါ။ ဘယ်သူမှ ထင်မထားတဲ့ နေရာတခုကို ရလာပါလိမ့်မယ်လို့လည်း Kamala Harris က နောင်လာနောက်သား မျိုးဆက်တွေကို အားပေးစကား ပြောကြားသွားခဲ့ပါတယ်။ သူပြောသလိုပါပဲ။ ဘယ်သူမဆို ကြိုးစားအားထုတ်ရင် အားထုတ်မှုရဲ့ အကျိုးကို ခံစားကြရစမြဲပါပဲ။ ဒါကြောင့် ခိုင်မာတဲ့ ယုံကြည်ချက်ထားပြီး ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်အရောက် လေ ျှာက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

တိုက်ရိုက် လင့်ခ်

============================================
[Unicode Version]
ပထမဆုံး အမြိုးသမီးဒုသမ်မတဖွဈလာဖို့ သခြောနတေဲ့ Kamala Harris (အမြိုးသမီးကဏ်ဍ)


















XS
SM
MD
LG