သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရှောင်ကချင်အမျိုးသမီးတွေရဲ့ခေါင်းဆောင်နိုင်မှု စွမ်းဆောင်ရည် ကချင်လူငယ်အမျိုးသမီး Lahpai Nang Sam Awngနဲ့ မေးမြန်းချက်


ကချင်လူငယ်အမျိုးသမီး Lahpai Nang Sam Awng
ကချင်လူငယ်အမျိုးသမီး Lahpai Nang Sam Awng

(Zawgyi/Unicode)

ကချင်စစ်ပွဲ ၈နှစ်ကျော် ၉နှစ်ကာလအတွင်း ရောက်ရှိလာပေမဲ့ နယ်မြေတွင်း စစ်ရေးတင်းမာမှုတွေ ကလည်း အရှိန်မလျော့သေးလို့ သိန်းချီတဲ့ ကချင်စစ်ရှောင်ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေထဲမှာပဲ ခိုလှုံနေရသေးချိန် ကချင်စစ်ရှောင်အမျိုးသမီးတွေမှာ သူတို့ဘဝအတွက် မျှော်လင့်ချက်တွေရှင်သန်ဆဲ အမျိုးသမီးတွေရဲ့စွမ်းဆောင်နိုင်စွမ်းရည်မြင့်တင်နိုင်ဖို့ ကချင်အမျိုးသမီးတွေကိုယ်တိုင်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေကို ယုံကြည်သူကတော့ ကချင်လူငယ်အမျိုးသမီး Lahpai Nang Sam Awng ပဲ ဖြစ်ပါတယ်။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေက ကချင်ပြည်နယ် မိုင်ဂျာယန်က ကချင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေဆီက ကချင်အမျိုးသမီးတွေကို ကိုယ်တိုင် သွားရောက် လေ့လာမေးမြန်းပြီး The Role Of Civil Society Organizations in Women’s Empowerment ဆိုတဲ့စာတမ်းကို ပြုစုနိုင်တာဟာ Nang Lahpai ဟာ သူငယ်ဘဝတုန်းက အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ တာလို့ဆိုပါတယ်။ ကချင်လူငယ်အမျိုးသမီး Lahpai Nang Sam Awng ကို ဗွီအိုအေမြန်မာပိုင်းရဲ့ စတူရီယိုမှာ တွေ့ဆုံမေးမြန်းထားတဲ့ မဆုမွန်က ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားတာ နားဆင်ပါ။

မဆုမွန်။ ။ Lahpai Nang Sam Awng အနေနဲ့ပေါ့နော် The Role Of Civil Society Organizations in Women’s Empowerment ဆိုပြီးတော့မှာ ကချင် စစ်ရှောင် စခန်းတွေပေါ့နော် အထူးသဖြင့် မိုင်ဂျာယန်မှာ ရှိတဲ့ ကချင်စစ်ဘေး စစ်ရှောင်စခန်းထဲမှာ ရှိတဲ့ အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ သွားပြီးတော့ လေ့လာခဲ့တယ်။ လေ့လာပြီးတော့မှ စာအုပ်စာတမ်း တခုပြုစုခဲ့တယ်လို့သိရပါတယ်။ အဲ့တော့ ကချင်စစ်ရှောင် စခန်းတွေထဲမှာ ရှိတဲ့ ကချင်အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည် နောက်ပြီးတော့ သူတို့ရဲ့ လုပ်နိုင်စွမ်းပေါ့နော် အဲ့တာတွေကို စာတမ်းပြုစုဖို့ နန်းလဖိုင်အနေနဲ့ ဘယ်လိုစိတ်ကူးရခဲ့တာပါလဲရှင့်။

Lahpai Nang Sam Awng။ ။ ဟုတ်ကဲ့ ကျမ ဒီစာတမ်းကို မပြုစုခင် ကျမ တခု စဉ်းစား တယ်။ ဒီစစ်ပွဲပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ကျမလည်း တကယ် စိတ်ဝင်စား တယ်။ နောက်ပြီးတော့ ကျမ ဒီ Research လုပ်ဖို့ စဉ်းစားတဲ့အချိန်မှာ ဒီစစ်ပွဲပဋိပက္ခတွေက လူတော်တော်များများကိုလည်း ဒုက္ခရောက်စေတယ်။ သူတို့မှာ လုံခြုံမှု မရှိတော့ဘူး ဘဝ အာမခံချက် မရှိတော့ဘူးပေါ့နော်။ ဒါပေမဲ့ ဒီစစ်ပွဲကနေပဲပေါ့ ဒီအမျိုးသမီးတွေ ဒီကချင်အမျိုးသမီးစစ်ရှောင်အမျိုးသမီးတွေ သူတို့ရဲ့မျှော်လင့်ချက်တွေ ရှင်သန်အောင် သူတို့ ဘာတွေ လုပ်နိုင်ခဲ့သလဲ။ ဘယ်လိုလုပ်ဆောင်နိုင်တဲ့ စွမ်းအင်တွေ ရှိလာသလဲဆိုတာနဲ့ပတ်သက်ပြီးတော့ ကျမ အဲ့ဒီ့စိတ်ကူးလေးနဲ့ လုပ်ဖြစ်ခဲ့တာဖြစ်တယ်။

အမျိူးသမီးတွေဟာ ပဋိပက္ခတွေနဲ့ကြုံတွေ့လာရတဲ့အချိန် သူတို့မှာ အများကြီး ဒုက္ခရောက်ကြရတာရှိတယ်။ အဓိက အားဖြင့်တော့ Gender-based Violence လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခံရတာရှိတယ် နောက်ပြီးတော့ ပဋိပက္ခဖြစ်ပြီးတော့ ထွက်ပြေးရတဲ့အချိန်တွေမှာ မိသားစုတွေ နဲ့ပြေးကြရတယ် များသောအားဖြင့်။ အဲ့ဒီ့လိုပြေးရတဲ့အချိန်မှာ ကိုယ့်မိသားစုအတွက် မိသားစု စားသောက်နိုင်ဖို့အတွက် အစားအစာရှာရတယ် ပြီးတော့ မိသားစု လုံခြုံရေး အတွက်လည်း လုပ်ပေးရတယ် ဒါတွေ အကုန်လုံးက သူတို့အတွက် အသစ်ဖြစ်နေ တယ်ပေါ့။ ကျမတို့ကချင်အမျိုးသမီးတွေက တကယ်တမ်းကျတော့ ပဋိပက္ခတွေနဲ့ ကြုံတွေ့လာရတဲ့အချိန်တွေမှာ သူတို့ Responsibility တာဝန်အပြည့်ယူရတဲ့အချိန်မှာ သူတို့မှာ သူတို့တကယ်ပဲ မလုပ်နိုင်ဘူးလို့ ထင်ထားခဲ့တဲ့အရာတွေကို လုပ်နိုင်ခဲ့တယ် ဆိုတာကို တကယ်ပဲ ကျမ သိချင်လို့ပေါ့နော်။

နောက်ပြီးကျတော့ ဒီအမျိုးသမီးတွေက ဒုက္ခသည်စခန်းတွေမှာဆိုရင် ၅၅% လောက်ပါဝင်တယ်ဆိုတော့ ဒီလိုပါဝင်တဲ့အမျိုးသမီးတွေ တကယ်ပဲ သူတို့ဘဝအတွက် သူတို့ရဲ့ လူမှုပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိတဲ့အလုပ်တွေ လုပ်နိုင်ခဲ့သလဲ ဆိုတာနဲ့ပတ်သက်ပြီး တကယ်ပဲ သိချင်လို့ ဒီလိုစာတမ်းပြုစုခဲ့တာဖြစ်ပါတယ်။

မဆုမွန်။ ။ ဒီလိုမျိုး ကချင်စစ်ရှောင်စခန်းတွေအထိကို ကိုယ်တိုင်ကွင်းဆင်းပြီး လေ့လာခဲ့တယ်ပေါ့နော်။ အဲ့ဒီ့အထဲမှာမှ မိုင်ဂျာယန်ကို ကိုယ်တိုင်သွားခဲ့တယ်။ အဲ့လိုကိုယ်တိုင် ကွင်းဆင်းပြီး သွားလေ့လာတဲ့အခါမှာ အမျိုးသမီးတွေရဲ့ နေ့စဉ်လူနေမှုဘဝတွေ သူတို့ လုပ်နိုင်စွမ်းရည်ရှိတာတွေကို သွားပြီး စုံစမ်းတဲ့အခါမှာ သူတို့အတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာကို တွေ့ခဲ့ရလဲ။ သူတို့မှာ ဘယ်လိုအခက်အခဲတွေရှိနေတယ်ဆိုတာကိုရော မြင်ခဲ့ရပါလဲရှင့်။

Lahpai Nang Sam Awng။ ။ ဟုတ်ကဲ့ မိုင်ဂျာယန်ဆိုတာကတော့ KIA Control Area ကချင်လွတ်မြောက်ရေးတပ်ရဲ့ KIA ထိန်းချုပ်နယ်မြေဖြစ်တယ်ပေါ့။ ဒုက္ခသည်စခန်းနှစ်ခုထဲမှာမှ ဒီ Pa Kahtawng ပါ့ကထောင့် ဒုက္ခသည်စခန်းကို ရွေးခဲ့တယ်ပေါ့။ အဲ့ဒီ့စခန်းက လူပေါင်း ၃၅၀၀ လောက်ရှိတယ်။ ဆိုတော့ ကျမက အဲ့ဒီ့မှာ လူပေါင်း ၅၀လောက်ကို အင်တာဗျူးပြီးတော့ ဒီ Research လုပ်ခဲ့တာပေါ့နော်။ ကျမက ဒီ Focus Group တွေ တွေ့တယ် နောက် လူတဦးတယောက်ချင်း နောက် Case Study နဲ့ အမေးအဖြေနဲ့ နောက် သူတို့ကို Training ပေးတဲ့ CSO တွေကို အင်တာဗျူးပြီးတော့ ကျမ လုပ်လာခဲ့တယ်ပေါ့။ ကျမ သွားလေ့လာတဲ့အချိန်မှာ ဒီ ၃ခုပေါ့နော် တခုက ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့အမြင်တွေ၊ နောက်ပြီးကျတော့ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ နောက် သူတို့လုပ်ကိုင်နိုင်တဲ့ စွမ်းရည်တွေ နောက်ပြီးကျတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ သူတို့သိလာတဲ့အမြင်တွေကို ကျမ တွေ့ခဲ့တယ်။


ဥပမာ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ Independence ဖြစ်တယ်။ သူတို့ကိုသူတို့ တကယ်ပဲ စီးပွားရေးလုပ်မယ့် ဒီကမ့်ထဲမှာပဲဖြစ်ပါစေ။ စီးပွားရေးလုပ်မယ့် အခွင့်အလမ်းလေးတွေကို လေ့လာသင်ယူနိုင်ခဲ့တယ်။ နောက်ပြီးကျတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ ဒီ Gender နဲ့ပတ်သက်ပြီးတော့ သူတို့သေချာလေးကို သိခဲ့တယ်။ နောက်ပြီးကျတော့ Decision Making တွေကို အိမ်ထဲမှာရော ကိုယ့်ပတ်ဝန်းကျင်မှာရော ပိုပြီးတော့ သိလာခဲ့တယ်။ အစတုန်းကဆိုရင် ဒီပညာရပ်တွေက ဒီ CSO တွေ မလာခင် သူတို့ ဘာမှ မသိခဲ့ဘူး။ သူတို့က ဟိုးဘက် တောတွေ တောင်တွေထဲမှာပဲ နေတဲ့အမျိုးသမီးတွေဆိုတော့ ဒါတွေကို သူတို့မသိခဲ့ဘူးပေါ့နော်။ ဒါပေမဲ့ CSO တွေ လာပြီးတော့ သူတို့ကို Training ပေးတယ်။ နောက် လိုအပ်တဲ့ပစ္စည်းတွေ စောင့်ရှောက်မှုတွေ ပေးတဲ့အတွက် ဒါတွေကို လေ့လာခဲ့တာတွေကို တွေ့ခဲ့ရတယ်ပေါ့နော်။

မဆုမွန်။ ။ အဲ့တော့ နန်းလဖိုင် မေးတဲ့အခါမှာ သူတို့ကိုယ်တိုင်က သူတို့ရဲ့ လေ့လာသင်ယူခဲ့တာတွေ သူတို့ပိုပြီးတော့မှ သိ နားလည်ခဲ့ရတဲ့ပညာရပ်တွေ အသိပညာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော် အမျိုးသမီးတွေကနေတဆင့် အကျိုးပြုလုပ်ငန်းတွေကို ပြန်လုပ်ဖို့ သူတို့မှာ ဘာစိတ်ကူးတွေရှိတယ်ဆိုတာကိုရော ပြောပြခဲ့တာရှိလား။ အဲ့တာလည်း နည်းနည်းပြန်မျှဝေပေးပါဦး။

Lahpai Nang Sam Awng။ ။ ဟုတ်ကဲ့ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့မှာ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ လုပ်လာတဲ့အခွင့်အလမ်းတွေကို အတိုင်းအတာတခုအထိ လုပ်နိုင်ခဲ့တယ်ပေါ့နော်။ Income ဝင်ငွေ အများကြီးမရပေမဲ့ သူတို့နေ့စဉ်ဘဝ ရှင်သန်ရေးအတွက်ပေါ့နော် တခုခုလုပ်ရမယ်ဆိုပြီးတော့ သူတို့သိပြီးတော့ တကယ်ပဲ ဥပမာ ဆပ်ပြာလေး လုပ်တာပဲဖြစ်ဖြစ် သို့မဟုတ် ယက်ကန်းယက်တာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ တနိုင်တပိုင်စီးပွားရေးကို လုပ်နိုင်ခဲ့တယ်။ နောက်ပြီးကျတော့ အမျိုးသမီးအခွင့်အရေးဆိုရင်လည်း အစတုန်းကဆို သူတို့ နားမလည်ခဲ့ဘူးပေါ့။ ကျမတို့ကချင်တွေမှာက ယောက်ကျားကိုပဲ ဦးထိပ်ထားရမယ်ဆိုတဲ့ ရိုးရာအစဉ်အလာကနေ လာတဲ့အတွက် ဒါတွေကို အော်.. အမျိုးသမီး အခွင့်အရေးတွေလည်း ရှိပါလား။ ကိုယ်ကလည်း တကယ်ပဲ ဆုံးဖြတ်ချက်တွေ ချနိုင်ပါလား ဆိုတာတွေကို နားလည်သဘောပေါက်ခဲ့တယ်။ ကိုယ့်အပေါ် မတရားလုပ်တာတွေ မတရား အနိုင့်အထက်စီးနင်းလုပ်တာတွေကို ပြောဆိုတာတွေကိုလည်း သတ္တိရှိလာတယ်ပေါ့နော်။ နောက်ပြီးကျတော့ အဲ့လိုသတ္တိရှိလာရုံတင်မကဘူး ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ရှိလာရုံတင်မကပဲနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့အမျိုးသမီးတွေက သူတို့ စုစည်းပြီးတော့ အဖွဲ့အစည်းသေးသေးလေးတွေ ကမ့်ထဲမှာ သူတို့ လုပ်လာနိုင်ခဲ့တယ်။

ဒါပေမဲ့ ကျမ စာတမ်းပြုစုပြီးနောက်ပိုင်းမှာ ဘာကို တွေ့လာရသလဲဆိုတော့ ကိုယ့်မှာ အသိပညာရတယ် ကိုယ့်ရဲ့ အမျိုးသမီး အခွင့်အရေးတွေကို သိရှိတယ်ဆိုပေမဲ့ ကိုယ့်ရဲ့အိမ်ထဲမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာက ဆုံးဖြတ်ချက် ချနိုင်ဖို့အတွက်ကို အဆင့်မှာ အဲ့ဒီ့မှာ Limitation တွေ ရှိနေသေးတာကို တွေ့ခဲ့ရတယ်။ နောက်ပြီးတော့ ဒုက္ခသည်စခန်းတွေထဲက ကော်မတီတွေထဲမှာလည်း အရေအတွက်အရ ပါဝင်မှု နည်းနေသေးတယ်။ နောက်ပြီးကျတော့ တကယ်ပဲ ဆုံးဖြတ်ချက် ချတော့မလားဆိုတဲ့အချိန်မှာလည်း သူတို့ကို ဆုံးဖြတ်ချက်ချခွင့် မပေးသေးတဲ့ အခြေအနေမျိုးတွေ ရှိနေသေးတယ်ဆိုတာကို တွေ့ရတယ်။ အဲ့တာကြောင့်မို့လို့ ကျမပြောချင်တာက အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ပေးတဲ့သင်တန်းတွေ အထောက်အပံ့တွေနဲ့တင် မရပဲနဲ့ အပြင်မှာရှိတဲ့ပတ်ဝန်းကျင်ဘက်ကလည်း ပံ့ပိုးမှု ရှိဖို့ လိုတယ်ပေါ့နော်။ အဲ့တာကြောင့်မို့လို့ အကုန်လုံး လက်တွဲ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ပေါ့နော်။

မဆုမွန်။ ။ အဲ့တော့ နန်းလဖိုင်အနေနဲ့ ကချင်မှာရှိတဲ့ စစ်ပြေးစစ်ရှောင်စခန်းတွေကို ကိုယ်တိုင်လည်း သွားပြီးတော့ လေ့လာခဲ့တယ်။ ဒီစာတမ်းကို ဖတ်ရှု့လေ့လာရတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ပေါ့နော် အမျိုးသမီးဆိုရင်လည်း အမျိုးသမီးအလျောက် အမျိုးသား ဆိုရင်လည်း အမျိုးသားအလျောက် ခေါင်းဆောင်ပိုင်းတွေ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့သူတွေ အဖွဲ့အစည်းတွေအတွက်ပေါ့နော် ဒီစာတမ်းကနေ တဆင့်ပေါ့ ဒီကချင်အမျိုးသမီးတွေရဲ့ကိုယ်စား ဘယ်လိုသတင်းစကားမျိုးတွေ ပါးနိုင်မယ်လို့ မျှော်လင့်လဲ။

Lahpai Nang Sam Awng။ ။ ဟုတ်ကဲ့။ The Role Of Civil Society Organizations in Women’s Empowerment ဆိုတဲ့စာအုပ်လေးကို တကယ်ပဲ ဒီ Pa Kahtawng ပါ့ကထောင့် ဒုက္ခသည်စခန်းမှာ သွားပြီးတော့ လေ့လာခဲ့ပြီးပြီ။ ဒီစာအုပ်လည်း ထွက်ခဲ့ပြီ။ ဒီစာအုပ်လေးကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ သွားရှာလို့လည်းရတယ်။ အွန်လိုင်းမှာလည်း ကြည့်ရှု့လို့ရတယ်ပေါ့နော်။ ဒီစာအုပ်လေးဟာဆိုရင် တကယ်ပဲ အသိပညာပေးတဲ့စာအုပ်လေးပေါ့နော်။ ကျမတို့ ကချင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခသည်အမျိုးသမီးလေးတွေ ရဲ့ဘဝကို ပိုစာနာလာဖို့အတွက်ရယ် နောက်ပြီးကျတော့ အခုလာမယ့် အမျိုးသမီးတွေအတွက် ခွန်အားဖြစ်စေမယ့်စာအုပ်လေးလို့လည်း ကျမ ယုံကြည်ပါတယ်။ ဒီစာအုပ်လေးဟာ ဒုက္ခသည် အမျိုးသမီးတွေရဲ့ ဘဝ အကုန်လုံးကို လွှမ်းခြုံထားတာ မဟုတ်ပေမဲ့ပေါ့နော် သူတို့အတွက် ရှေ့ဆက်ဖို့အတွက် ခွန်အားပေးမယ့် စာအုပ်လေးလို့လည်း မျှော်လင့်ပါတယ်။ ကျမတို့ကချင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေထဲမှာ နေနေကြတဲ့ အမျိုးသမီးတွေ အားလုံး သူတို့ ဘေးကင်းလုံခြုံပြီးတော့ ဂုဏ်သိက္ခာရှိစွာနဲ့ အားလုံး အိမ်ပြန်နိုင်ကြပါစေလို့ ကျမ ဆုတောင်းပါတယ်။

The Role Of Civil Society Organizations in Women’s Empowerment ဆိုတဲ့စာတမ်းပြုစုသူ ကချင်လူငယ်အမျိုးသမီး Lahpai Nang Sam Awng ကို ဗွီအိုအေမြန်မာပိုင်းရဲ့ စတူရီယိုမှာ တွေ့ဆုံမေးမြန်းထားတဲ့ မဆုမွန်က ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားတာဖြစ်ပါတယ်။

..........

{Unicode}
















XS
SM
MD
LG