ထိုင်းနိုင်ငံ အလယ်ပိုင်း ဆူဖန်ဘူရီခရိုင်၊ စန်ချပ်မြို့က ဟန်ပြ ကာရာအိုကေတခုကို ပြည့်တန်ဆာ အဖြစ် ရောင်းစားခံနေရတဲ့ မြန်မာနဲ့ လာအို နိုင်ငံသူ (၁၂)ဦးကို ထိုင်းရဲတပ်ဖွဲ့ ကကယ်ဆယ်ခဲ့ ကြောင်းနဲ့ ကယ်ဆယ်ခံရသူတွေအထဲ အသက်မပြည်သေးတဲ့ မိန်းကလေးတွေ လည်း ပါဝင်ကြောင်း ထိုင်းလူကုန်ကူးမူ တိုက်ဖျက်ရေးတာဝန်ရှိသူတွေက ဇူလိုင်လ ၁၈ရက်နေ့က ပြောပါတယ်။
ဒီကာရာအိုကေ ဆိုင်ထဲကို အရပ်သား အယောင်ဆောင်တဲ့ ရဲနှစ်ဦးက သွားရောက်လည်ပတ်ပြီး အသက်အငယ်ဆုံး မြန်မာ မိန်းကလေးနှစ်ဦးကို ပျော်ပါးဖိုဆိုပြီး ဘတ်ငွေ တထောင်ပေးပြီး ဟော်တယ်လာပို့ခိုင်းခဲ့တာပါ။ ပြည့်တန်ဆာခေါင်းဖြစ်သူ နိုင်ခွမ်ချိုင်း က မိန်းကလေးတွေ ဆိုင်ကယ်နဲ့ ခေါ်လာပြီး တည်းခိုးခန်းလာပို့တဲ့အချိန်မှာ ရဲတွေက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
လူကုန်ကူးမူတိုက်ဖျက်ရေး ရဲမှူး မာရတ်ကန်ချနာတာစကွန်က ကာရာအိုကေတွေဟာ ဟန်ပြဖြစ်ပြီး မိန်းကလေးတွေဟာ လူကုန်ကူးခံ ရောင်းစားခံထားရတာဖြစ်ကြောင်းနဲ့ ပြည့်တန်ဆာအဖြစ် ခိုင်းစားခံနေရတဲ့ မြန်မာနိုင်ငံသား မိန်းကလေးတွေဖြစ်တဲ့ မဝါ နဲ့ မပန် ဆိုတဲ့ မိန်းကလေးတွေဟာအသက် ၁၄ နဲ့၁၇ နှစ် အရွယ်သာရှိကြောင်း လည်းလူကုန်ကူးမူတိုက်ဖျက်ရေး အာဏာပိုင်တွေက ဆိုပါတယ်။ ကာရာအိုကေ ဆိုင်ရှင် အသက် ၆၇နှစ်အရွယ် အမျိုးသမီး ကိုတော့ ဖမ်းဆီးလိုက်ပါတယ်။