သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင် ဆန့်ကျင်ရေးနဲ့ စင်ကာပူရောက် မြန်မာတွေရဲ့ ပံ့ပိုးပါဝင်မှု


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းယူလိုက်တဲ့ စစ်တပ်က ဆန္ဒပြ ပြည်သူတွေကို အင်အားသုံး အကြမ်းဖက် ပစ်ခတ် နှိမ်နင်းတာ၊ တရားလက်လွတ် ရိုက်နှက်ဖမ်းဆီး သတ်ဖြတ်နေတာတွေနဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာတွေကြားမှာ စိုးရိမ်မှုတွေနဲ့ မကျေနပ်မှုတွေ ရှိနေကြသလို မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်မှုကိုပြတာ၊ မြန်မာပြည်သူတွေ အတွက် ပြည်ပကနေ ပံ့ပိုးကူညီမှုတွေ ပေးနိုင်အောင် လှုံ့ဆော် လှုပ်ရှားတာတွေလည်း ရှိနေပါတယ်။ ဒီအထဲမှာ စင်ကာပူရောက် မြန်မာတွေလည်း ပါ ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ မြန်မာပြည်တွင်းက ပြည်သူတွေ အတွက် ပြည်ပရောက် မြန်မာတွေ ဘာတွေ လှုပ်ရှား ဆောင်ရွက်နေကြတာပါလဲ။ ဘယ်လို ကူညီထောက်ပံပေးတာတွေ ရှိနေတာပါလဲ။ စင်ကာပူနိုင်ငံမှာ နေထိုင်နေတဲ့ မမေဝင်းနိုင်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထား ပါတယ်။

မမေဝင်းနိုင် တို့လို စင်ကာပူနိုင်ငံမှာရှိနေကြတဲ့ မြန်မာတွေ အနေနဲ့ မြန်မာနိုင်ငံတွင်း အခြေအနေနဲ့ပတ်သက်လို့ ပြည်ပကနေ တတ်နိုင်သလောက် ပံ့ပိုး ကူညီတာတွေ ရှိတယ်လို့ိသိရပါတယ်။ အခုလက်ရှိ ဘယ်လိုပုံစံနဲ့ အကူအညီတွေ ပေးနေပါလဲ။ ပြည်ပကနေ ဘာတွေ လုပ်ဆောင်ပေးနေတာရှိပါလဲ။

“ကျမတို့က စင်ကာပူမှာက အမေရိကား တို့၊ ယူကေ တို့၊ သြစတြေးလျ တို့မှာလို ဆန္ဒပြလို့မရဘူး။ အဲ့ဒီတော့ စင်ကာပူမှာ နေနေတဲ့သူတွေက လုပ်နိုင်တာက အဓိက နှစ်မျိုးပဲရှိပါတယ်။ တခုက အွန်လိုင်းတိုက်ပွဲ ပေါ့နော်။ အွန်လိုင်းပေါ်ကနေ သတင်းတွေဖြန့်ပေးမယ်။ သတင်းတွေ ဘာသာပြန်ပေးမယ်။ တချို့က petition တွေ လုပ်ပေးမယ်။ အီးမေးတွေ ပို့ပေးမယ်။ social punishment အတွက်ကို သက်ဆိုင်ရာကျောင်းတွေ ဖြစ်ဖြစ်၊ သံရုံးတွေဖြစ်ဖြစ် တောင်းဆိုပေးတာမျိုး ရှိပါတယ်။ နောက်တမျိုးကတော့ လိုအပ်တဲ့နေရာမှာ ငွေကြေးအရ အကူအညီလိုခဲ့ရင် ပံ့ပိုးပေးတာမျိုးပေါ့။ ငွေကြေးအရမှာ ကျမတို့အခုလုပ်နေတာ သုံးမျိုးရှိပါလိမ့်မယ်။ တခုက CDM အလုပ်သမားတွေ အတွက် ဘယ်နေရာမှာပဲလိုလိုပေါ့။ တချို့ကလည်း ငွေကြေးတိုက်ရိုက် လှူပါတယ်။ တချို့ကလည်း အစားအသောက်ကို ဝယ်ပြီးတော့ ပို့တာမျိုးလည်း ရှိပါတယ်။ နောက်တခုက ကျဆုံးသွားတဲ့သူတွေရယ်၊ ဒဏ်ရာရပြီး ကျန်ရစ်ခဲ့တဲ့သူတွေရယ်၊ ကျန်ရစ်သူ မိသားစုတွေရယ် ကိုလည်း ပံ့ပိုးမှုတွေ လုပ်နေတာရှိပါတယ်။ နောက်ဆုံးတခုကတော့ အခု ဆန္ဒပြနေတဲ့သူတွေမှာ အများသောအားဖြင့်က ရာဘာကျည်ကို ကာဖို့တောင်မှ ဟဲလ်မက် တို့ ဒိုင်းကာတို့ လုံလုံလောက်လောက် မရှိကြပါဘူး။ အဲ့ဒီအတွက်ကြောင့် အဲ့ဒါမျိုးတွေ ပံ့ပိုးပေးတာမျိုး၊ သဲအိတ်တွေကအစ စီစဉ်ပြီးတော့ ပို့ပေးတာမျိုး ရှိပါတယ်။”

ဟုတ်ကဲ့။ အခုက အခြေအနေတွေက ပိုပြီးတော့ ဆိုးလာတာတွေ ရှိပါတယ်။ ပြည်တွင်းမှာ အသွားအလာတွေ၊ ပစ္စည်းပို့တာတွေကအစ ခက်ခဲနေတဲ့ အချိန်မျိုးမှာ အပြင်ကနေ အခုလို ကူညီတဲ့အခါမှာရော ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။

“ပိုက်ဆံ နဲ့ပတ်သက်လို့ သတိထားရတာ အဓိက က ဟိုဘက်မှာ လုပ်ပေးနေတဲ့သူတွေကို တဘက်ကလာပြီး သတိမထားမိအောင်ပေါ့နော်။ အခုဆိုရင်ကြားရတာက ပိုက်ဆံတွေ အလုံးအရင်းနဲ့ ဝင်လာတယ်ဆိုရင် သူတို့ သတိထားမိမယ်။ သတိထားမိရင် သူတို့ အဲ့ဒီလူကို ဖမ်းတာတို့ဘာတို့ ရှိနိုင်တယ်ဆိုတော့ ပိုက်ဆံကို ခွဲပို့တာမျိုး လုပ်ပေးရပါတယ်။ တခါတလေကျရင် ဒီဘက်မှာ ပိုက်ဆံရောက်နေ ပေမဲ့ ဟိုဘက်ကို လွှဲမပေးရဲသေးတာမျိုး ရှိပါတယ်။ နောက်တခုကတော့ ခုနကပြောသလိုပဲ တကယ်လို့သာ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲလို့ အိမ်အရောက် မပို့နိုင်တာမျိုးပေါ့နော်။ အဲ့ဒါမျိုးလဲ တခါတလေ ရှိပါတယ်။ ပစ္စည်းတွေမှာလဲ အတူတူပါပဲ။ ကာကွယ်ရေးပစ္စည်းတွေ ပို့ပေးတဲ့အခါကျရင် ရပ်ကွက်ကို အရင် အသိပေးရပါတယ်။ များသောအားဖြင့် ရပ်ကွက်က ဒီမှာ သူတို့ ကားတွေဘာတွေ စစ်လိုက်တဲ့အခါမှာ လူ တယောက် နှစ်ယောက်ပဲ ပါတယ်။ ကာကွယ်ရေးပစ္စည်းတွေ ပါတယ်။ အစားအသောက်တွေ ပါတယ်ဆိုရင် သူတို့ကိုယ်တိုင် လမ်းပြပြီးတော့ လိုက်ပို့ပေးပါတယ်။ ဒါပေမဲ့ တခါတလေ ကျရင်တော့လဲ လမ်းတွေပိတ်ထားတဲ့အတွက်ကြောင့် အခက်အခဲရှိတယ်။ နောက်တခုက လှူနေတဲ့လူတွေက ကျမတို့ချည်းပဲ ပိုက်ဆံ စုပြီးလှူတာ မဟုတ်တော့ သူစိမ်းတွေက စပြီးလှူလာတဲ့အခါမှာ သူတို့ကို စာရင်းတွေ ပြန်တင်ရတာမျိုး။ ပြီးတော့ သူတို့မြင်ရအောင်လို့ ဘယ်နားမှာ ဘယ်လိုလှူခဲ့တယ်ဆိုတာမျိုး ပြောပြရတာတွေ ရှိတဲ့အခါမှာ ပို့စ်တင်တဲ့ အခါမှာ receipt တွေ ဘာတွေကို ကျမတို့က ဆိုင်နာမည်တွေ ဖျက်ပြီးတော့မှ တင်ပါတယ်။ မဟုတ်ရင် ဆိုင်တွေကိုပါ သဲဆိုင်ကအစ လိုက်ဖမ်းနေတယ် ဆိုတာမျိုးတွေ သိရလို့ပါ။”

အခု အကူအညီတွေ ကိုယ်ပေးပြီးသလောက်မှာ ထိထိရောက်ရောက် ပေးနိုင်တယ်လို့ရော ထင်ပါသလား။ အကူအညီတွေရော ဘယ်လောက်အထိ ပေးခဲ့ပြီးပါပြီလဲ။

“ကျမ အခုလုပ်နေတာက ကိုယ်ယုံရတဲ့သူ၊ ကိုယ်နဲ့အရမ်းရင်းနှီးတဲ့သူတွေကနေ တဆင့် မိသားစု မိတ်ဆွေကတဆင့်ပဲ လုပ်နေတာပါ။ တခြား အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ နောက်ပြီးတော့ ကျောင်းသားဟောင်းအဖွဲ့အစည်းတွေ၊ alumni အဖွဲ့အစည်းတွေပေါ့နော်။ ဥပမာ အင်ဂျင်နီယာအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ဘူမိဗေဒ ပညာရှင်များ အဖွဲ့အစည်းပဲဖြစ်ဖြစ် သူတို့ကလည်း သူတို့ သက်ဆိုင်ရာကနေ တဆင့် တဆင့် လှူတာတွေ ကျမ သိပါတယ်။ ဆိုတော့ သူတို့တွေ ဘယ်လောက် ကူညီပေးပြီး ပြီလဲတော့ ကျမတို့ မခန့်မှန်းတတ်ပါဘူး။ ဒါပေမဲ့ ကျမ ပတ်ဝန်းကျင်မှာတော့ လူ တဦးချင်းစီက အနည်းဆုံး ၅ သိန်းကနေ သိန်း ၂၀ ၊ သိန်း ၃၀ အထိ တယောက်တည်း တဦးစီက ဒီရက်ပိုင်း လပိုင်းအတွင်းမှာ ပို့ပေးကြတယ်ဆိုတာ ကျမ သိပါတယ်။”

ဆိုတော့ စင်ကာပူမှာရှိနေတဲ့ မြန်မာတွေ အတော်များများ ကတော့ ဝိုင်းဝန်းပြီးတော့ ကူညီပေးနေကြတယ်ဆိုတဲ့ သဘောပေါ့။ ဆိုတော့ အခုအချိန်မှာ ဘယ်လို အကူအညီမျိုးက အထိရောက်ဆုံး ဖြစ်မယ်လို့ရော ထင်ပါသလဲ။ ပြည်တွင်းက ပြည်သူတွေ တကယ်လိုချင်တဲ့ဆန္ဒတွေပြည့်ဝဖို့ ပြည်ပမှာရှိတဲ့သူတွေ အနေနဲ့ ဘယ်လိုကူညီ ထောက်ပံ့မှုမျိုးက ခုချိန်မှာ အထိရောက်ဆုံး ဖြစ်မယ်လို့ ထင်ပါသလဲ။

“ဟုတ်ကဲ့။ ပြည်ပမှာရှိတဲ့သူတွေက အထောက်ပံ့နိုင်ဆုံးကတော့ ငွေရေးကြေးရေး ဖြစ်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ CDM ကလည်း ဆက်သွားရမှာပါ။ CDM က အထိရောက်ဆုံးပါ။ လောလောဆယ် လမ်းပေါ်မှာ ထွက်တဲ့သူတွေလည်း နည်းနည်း နည်းသွားတယ်။ အဓိက ကတော့ ထွက်ရင်လဲ ကိုယ့်ဘက်က ဘာလက်နက်မှ မရှိတဲ့အတွက်ကြောင့်မိုလို့ ကိုယ်က သွားပြီးတော့ သူတို့ကို စတေးခံရသလို ဖြစ်နေတာ။ ပြီးတော့ ထိထားတဲ့သူတွေကလည်း အကူအညီတွေ အများကြီး လိုပါတယ်။ တချို့ မိသားစုတွေ တော်တော်ချို့တဲ့တယ်။ ဆေးတွေ ကုပေးရမယ်။ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေမှာ သူတို့ရဲ့ ဝင်ငွေ နည်းသွားတာမျိုးတွေလည်း ရှိမယ်ဆိုတော့ ပြည်ပကလူတွေက ငွေရေးကြေးရေး ဆက်ပြီး ထောက်ပံ့နေဖို့ လိုပါလိမ့်မယ်။ အဲ့ဒီအတွက် ကျမတို့ ဒီမှာ အလုပ်တွေ ဆက်လုပ်နေရမယ်။ ပြီးတော့ ပိုက်ဆံတွေ ဆက် စုနေရမယ်။ တန်းသွားလို့မရဘူးပေါ့နော်။ အဲ့ဒီလိုမျိုး ကျမ မြင်ပါတယ်။ ဒါပေမဲ့ ကျမတို့ အခုလုပ်နေတဲ့ နောက်တခု ဖြစ်တဲ့ သဲအိတ်တွေ ပို့တာမျိုး၊ ဒိုင်းကာတွေ ဝယ်ပြီးတော့ လိုက်ပို့ပေးတာမျိုး။ အဲ့ဒါမျိုးတွေကလည်း လုပ်ပေးရမယ်လို့ ကျမ မြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လောလောဆယ် ကျမတို့ပံ့ပိုးနိုင်တဲ့ အကာအကွယ် ပစ္စည်းတွေက ကျည်အစစ်ကို မနိုင်ပေမဲ့လို့ အနည်းဆုံးတော့ ရာဘာကျည်ထိပြီးတော့ ဒဏ်ရာတွေ အများကြီး မရတာမျိုးပေါ့။ အနည်ဆုံးတော့ နည်းနည်းပါးပါးတော့ အကာအကွယ် ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ဒီတော့ ကျမ ကတော့ ဒီနှစ်ခုကို ဆက်သွားရမယ်လို့ မြင်ပါတယ်။”

တဆက်တည်းပဲ မေးချင်တာက ကိုယ်က အပြင်မှာ ရောက်နေတဲ့သူတယောက် အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကိုရော ကိုယ့်အနေနဲ့ ဘယ်လိုခံစားရလဲ။ ဘယ်လိုမြင်မိပါလဲ။

“ပြောရရင်တော့ စ စချင်းမှာတော့ ကျမ ကတော့ လုံး၀ မယုံနိုင်ဘူးပေါ့။ အခုထက်ထိလဲ မယုံနိုင်သေးဘူး။ အခု မြန်မာပြည်မှာ ဘာမှ တရားဥပဒေ စိုးမိုးရေး မရှိဘူး။ သူတို့ လုပ်ချင်တိုင်း လုပ်လို့ရနေတယ်။ မာရှယ်လော ပဲပြောပြော၊ ၁၄၄ ပဲပြောပြော ရှိသမ ျှလူ ဝင်သတ်လို့ရနေတယ်။ လုပ်ချင်သလို လုပ်လို့ရနေတယ်ဆိုတော့ အဲ့ဒါက ဘယ်လိုမှကို လက်ခံလို့မရဘူး။ ဘယ်လိုမှကို မခံစားနိုင်တဲ့ အခြေအနေပါ။ အဲ့ဒီတော့ ရှေ့ဆက်လည်း ဆက်တော့ သွားရမယ်။ ဒါပေမဲ့ တခါတလေကျရင် ပြည်ပရောက်နေတဲ့သူ တယောက် အနေနဲ့ ဒါလုပ်ပါ။ ဟိုဟာလုပ်ပါ လို့လည်း တိုက်တွန်းလို့မရဘူးလို့ ကျမ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မြေပြင်ပေါ်မှာ သူတို့နဲ့အတူတူ ရှိမှရှိမနေဘဲ။ အသတ်ခံရတာလဲ ကိုယ်မဟုတ်ဘူး။ ပြီးတော့ ညဘက် သေနတ်တွေ တဒိုင်းဒိုင်း လာဖောက်ရင် ကြောက်ပြီးတော့ အိမ်ထဲမှာပုန်းနေရတာလဲ ကိုယ်မဟုတ်ဘူး။ အဲ့ဒီတော့ အပြင်မှာက တအားကို စိတ်ဆိုး ဒေါသထွက်။ ပြီးတော့ ဘာလုပ်ရမှန်းမသိ ကူရာမဲ့ အဲ့ဒီလိုမျိုး ခံစားရတယ်။ အဲ့ဒီအတွက်ကြောင့်မိုလို့လဲ အသံ အများဆုံး ထွက်နိုင်ပေးဖို့ ကြိုးစားတယ်။ ဒါပေမဲ့ နောက်ဆုံးကျရင်တော့ ကျမက မြန်မာပြည်တွင်းက ပြည်သူတွေရဲ့ဆန္ဒကသာ အဓိကလို့ ထင်ပါတယ်။ ပြီးတော့ သူတို့ရဲ့ဆန္ဒပြည့်သွားအောင် ကိုယ်က အနောက်ကနေ အစွမ်းကုန် ပံ့ပိုးပေးဖို့သာ အဓိကလို့ ထင်ပါတယ်။”

ကိုယ်က စင်ကာပူမှာရောက်နေတယ်ဆိုတော့ စင်ကာပူနိုင်ငံဆိုတာလဲ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဒေသတွင်း နိုင်ငံတခုဖြစ်ပါတယ်။ စင်ကာပူအစိုးရ အနေနဲ့ရော၊ စင်ကာပူပြည်သူတွေ အနေနဲ့ရော ဘာတွေ အခုအချိန်မှာ လုပ်ပေးသင့်တယ်လို့ ထင်ပါသလဲ။

“စင်ကာပူအစိုးရ အနေနဲ့ ကျမတို့ တောင်းဆိုနေတာ နည်းနည်းတော့ ကြာပါပြီ။ စ စချင်းကဆိုရင်တော့ ၃ ပတ် ၄ ပတ်လောက်တော့ ရှိပြီထင်တယ်။ ဒီမှာ ကျမတို့သိထားသလောက် တချို့ ဘဏ်စာရင်းတွေ၊ ဘဏ်အကောင့်တွေ ရှိတယ်။ အစိုးရ ဘဏ္ဍာငွေတွေ ရှိတယ်လို့ သိထားတယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့်မိုလို့ ကျမတို့က စင်ကာပူ အစိုးရကို အဲ့ဒီဘဏ္ဍာငွေတွေကို အခုလက်ရှိ စစ် အကြမ်းဖက်အုပ်စုကို မထုတ်ပေးဖို့။ အဲ့ဒါမျိုး တောင်းဆိုထားတာ ရှိပါတယ်။ စင်ကာပူနိုင်ငံသားတွေ အတွက်ကတော့ ဘာလုပ်ပေးနိုင်မလဲ ဆိုတာ ကျမကတော့ အများကြီး မမေ ျှာ်လင့်ထားဘူး ရှင်းရှင်းပြောရရင်တော့။ ဘာဖြစ်လို့လဲဆိုတော့ စင်ကာပူနိုင်ငံသားတွေက ဒါမျိုးတွေလဲ မခံစားဖူးဘူး။ ကျမတို့ အရင်တုန်းက တိုင်းရင်းသားတွေကို စစ်သားတွေက အကြမ်းဖက်တာကို ကျမတို့ နားမလည်သလိုပဲ စင်ကာပူနိုင်ငံသားတွေကလည်း တခါမှ ဒါမျိုး မကြုံဖူး မတွေ့ဖူးဘူး။ အဲ့ဒီတော့ သူတို့အတွက်က စပ်စုရုံကလွဲလို့ သိပ်ပြီးတော့ မပိုဘူးလို့ ထင်ပါတယ်။ အဲ့ဒါကြောင့် ကျမ ဘာမှလဲ မမေ ျှာ်လင့်ဘူး။ သူတို့ဆီက လွန်ရောကျွန်ရော ရရင် ငွေကြေး အကူအညီလောက်ပဲ ရမယ်လို့ ပါတယ်။”

အခုမြန်မာနိုင်ငံမှာဆိုရင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လူငယ်တွေ၊ လူလတ်တွေ လူကြီးတွေ အားလုံး ပါ ဝင်တယ်ဆိုပေမဲ့ အဓိက လူငယ်တွေကတော့ အများကြီး ရှေ့တန်းမှာ တက်တက်ကြွကြွ ပါဝင်နေကြပါတယ်။ အသက်ပေးလိုက်ရသူတွေလည်း ရှိပါတယ်။ သူတို့ကိုတွေ့တဲ့အခါမှာရော ဘယ်လိုမြင်မိ ခံစားမိပါလဲ။

“သူတို့ကို လေးလည်း လေးစားတယ်။ အရမ်းလည်း အားရတယ်။ အားရတယ်ဆိုတာက သူတို့ ဇွဲလည်း ကောင်းတယ်။ ကြောက်စိတ်လည်း နည်းတယ်။ အဲ့ဒီမှာ ကျမ တွေ့တာက သူတို့က တကယ်ပဲ သေနိုင်တယ် ဆိုတာလဲ သိတယ်။ အဲ့ဒါကိုလည်း စိတ်က ဆုံးဖြတ်ထားပြီးသား။ လူတွေက တကယ်ကို ဒီတိုက်ပွဲ အောင်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပဲ လုပ်နေတာပါ။ အဲ့ဒီအတွက်ကိုလည်း အားလုံးကို အရမ်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကိုယ် ကိုယ်တိုင် သူတို့နဲ့ မပါရတာကိုလည်း တော်တော် စိတ်မကောင်းပါဘူး။ မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့သူတွေက ဆက် တိုက်နေသ၍ ကျမတို့က နောက်ကနေပြီးတော့ အစွမ်းကုန် ပံ့ပိုးပေးဖို့ အဆင့်သင့်ရှိပါတယ်လို့။”

ဟုတ်ကဲ့။ အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။
“ဟုတ်ကဲ့ပါ။”

တိုက်ရိုက် လင့်ခ်

===================================

[Unicode Version]


















XS
SM
MD
LG