သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနဲ့ အမျိုးသမီးတွေပါဝင်မှု


(Zawgyi/Unicode)

ရွေးကောက်ပွဲနဲ့ အမျိုးသမီးတွေပါဝင်မှု

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ တလေကျော်လေးပဲ လိုပါတော့တယ်။ ဒီအတောအတွင်း ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှုတွေကလည်း တနေ့တခြား ပိုဆိုးလာနေတာကြောင့် အသွားအလာ ကန့်သတ်မှုတွေရှိနေတဲ့ အခြေအနေအောက်မှာ မိသားစု ကျန်းမာရေး၊ စားဝတ်နေရေး အကျပ်အတည်းတွေကလည်း ရှိနေတာပါ။ ဒီလိုအခြေအနေမျိုးမှာ အမျိုးသမီး မဲဆန္ဒရှင်အနေနဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ဘယ်လိုရှိပါလဲ။ ကိုဗစ်နိုင်တင်းကပ်ဘေး အကျပ်အတည်းတွေကြား ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ဘယ်လို ပါဝင်လှုပ်ရှားနေကြသပါလဲ။ ရွေးကောက်ပွဲနဲ့အမျိုးသမီး ပါဝင်မှုတွေနဲ့ပတ်သက်လို့ အစဉ်တစိုက် သုတေသန လုပ်လာခဲ့တဲ့ New Myanmar Foundation အဖွဲ့က ရွေးကောက်ပွဲဆိုင်ရာ အကြံပေး မမြနန္ဒာသင်းကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

မမြနန္ဒာသင်းတို့ရဲ့ New Myanmar Foundation အဖွဲ့က ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သုတေသနလုပ်တာ၊ လူထုစစ်တမ်းကောက်ယူတာတွေ ရှိတယ်ဆိုတော့ အခုဆိုရင်ေ ရွးကောက်ပွဲကျင်းပဖို့ တစ်လကျော်ပဲ လိုပါတော့တယ်။ ဒီအချိန်မှာ ကိုဗစ်နိုင်တင်း ကပ်ရောဂါကလည်း ရှိနေတယ်။ ဆိုတော့ အသွားအလာကန့်သတ်မှုတွေ ရှိတယ်။ ဒီကြားထဲမှာ အလုပ် လုပ်ရတာ၊ မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး ပူပန်နေရတာတွေကလည်း အရင် အခြေအနေနဲ့ မတူတဲ့ အနေအထားတွေ ရှိနေတယ်ဆိုတော့ အခုလို အချိန်မျိုးမှာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့၊ အထူးသဖြင့် အမျိုးသမီးတွေ အနေနဲ့ ခုလိုအချိန်မျိုးမှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုက ဘယ်လိုတွေ့ရပါသလဲရှင့်။

“ဟုတ်ကဲ့ ဆရာမရေ။ ကျမတို့ အခု အမျိုးသမီးတွေရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုဆိုတဲ့ အပိုင်းမှာကျတော့ အခြေအနေေတော့ ကွာနိုင်တာပေါ့နော်။ အခြေအနေ ကွာနိုင်တယ် ဆိုတာက ဒီအမျိုးသမီးတွေထဲမှာလည်း စားဝတ်နေရေးအတွက်ကို ရုန်းကန်လှုပ်ရှားနေရတဲ့၊ နေ့စဉ်အတွက်ကို လုပ်နေရတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ အထူးသဖြင့် ကိုဗစ်နိုင်တင်း အခြေအနေမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အမျိုးသမီးတွေလည်း ရှိတယ်ပေါ့နော်။ ရှိတဲ့အခါကျတော့ ဘာပဲပြောပြော အနည်းနဲ့အများတော့ မဲထွက်ပေးဖို့ အတွက်ကို အမျိုးသမီးတွေရဲ့ စိတ်ထဲမှာလည်း စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုပေါ့နော်။ အဲ့ဒီလို သူတို့မှာ စိုးရိမ်ပူပန်မှုတော့ ရှိတယ်။ ဒါပေမဲ့လည်းပဲ ဒီ မဲ သွားမပေးဘူးလို့တော့ ဆုံးဖြတ်တာ၊ ကျမတို့ရဲ့ စစ်တမ်းတွေ အရဆိုရင်တော့ သိပ်အများကြီး မတွေ့ရဘူးပေါ့နော်။”

ကျမ တခုသိထားတာက မကြာသေးခင်တုန်းကပဲ မမြနန္ဒာသင်းတို့ရဲ့ New Myanmar Foundation ကနေပြီးတော့ လာမယ့်ရွေးကောက်ပွဲအပေါ်မှာ အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှု၊ ရွေးကောက်ပွဲနဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ လူထုစစ်တမ်းတခုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်း နည်းနည်း ပြောပြပေးပါရှင့်။

“အဓိက ကတော့ ဆရာမရေ။ အမျိုးသမီး မဲဆန္ဒရှင်တွေက ကိုဗစ်နိုင်တင်းကာလမှာ သူတို့ မဲသွားပေးမလား။ နောက်ပြီးတော့ သူတို့တွေကရော အမျိုးသမီးကိုယ်စားလှယ် လောင်းတွေအပေါ်မှာ ပိုပြီးတော့မှ ထောက်ခံအားပေးမှု ရှိနေလားပေါ့နော်။ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုအပေါ်ကို အမျိုးသမီး အချင်းချင်းကရော ဘယ်လိုတွေ သဘောထားသလဲပေါ့နော်။ ဒီအခြေအနေတွေ ပေါ်မှာမူတည်ပြီးတော့ တချို့မေးခွန်းလေးတွေပေါ့။ ဒီ အမျိုးသမီး မဲဆန္ဒရှင်တွေနဲ့ပတ်သက်ပြီးတော့မှ မေးခွန်း တချို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။”

အဲ့ဒီတော့ အမျိုးသမီးတွေ အနေနဲ့ ရွေးကောက်ပွဲ အပေါ်မှာ စောစောကပြောတဲ့ မေးခွန်းတွေ အတိုင်းပေါ့နော်။ အမျိုးသမီးတွေ အချင်းချင်း၊ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အပေါ်မှာ ထောက်ခံမှုအား၊ နောက် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူတို့ရဲ့ တုံ့ပြန်မှုပေါ့။ မြင်ရသလောက်ကို နည်းနည်းလောက် ရှင်းပြ ပေးပါလားရှင့်။

“ကျမတို့ စက်တင်လာလထဲမှာပေါ့လေ။ ကျမတို့မှာ ကာလရှည် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့သူတွေ ရှိတယ်ပေါ့နော်။ ပြည်နယ်နဲ့တိုင်း အားလုံးမှာ ကျမတို့ အားလုံးပေါင်း အယောက် ၁၀၀ ပေါ့နော်။ အယောက် ၁၀၀ ရှိပါတယ်။ အယောက် ၄၀ ကတော့ နေ့စဉ် အစီရင်ခံတာတွေ လုပ်နေကြတာပေါ့နော်။ ဆိုတော့ ကျမတို့ရဲ့ ကာလရှည် ရွေးကောက်ပွဲ လေ့လာသူတွေ ကနေပြီးတော့မှ အမျိုးသမီး မဲဆန္ဒရှင်တွေကို မေးမြန်းပြီးတော့မှ အစီရင်ခံစာလေးတွေ ပို့ကြတာပေါ့နော်။ ပို့တဲ့အခါမှာ ကျမတို့ အမျိုးသမီးပေါင်း ၆၅၈ ဦးကို စက်တင်လာအတွင်းမှာ မေးမြန်းဖြစ်ခဲ့တယ်ပေါ့နော်။ မေးမြန်းဖြစ်ခဲ့တဲ့ မေးခွန်းတွေ ထဲမှာတော့ သူတို့ ၂၀၁၅ တုန်းက မဲပေးခဲ့သလား ဆိုတာရယ်။ အခု ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာရော မဲသွားပေးမှာလားပေါ့နော်။ အဲ့ဒီလိုမျိုး မေးခွန်းလေးတွေကို ကျမတို့ မေးဖြစ်ခဲ့ပါတယ်။ ဒီမှာဆိုရင် ဖြေတဲ့အထဲကမှ အမျိုးသမီးတွေရဲ့ ၂၀၁၅ မှာ ၃၀ % လောက်က မဲမပေးခဲ့ဘူးပေါ့နော်။ အဲ့ဒီလို ဖြေခဲ့ပါတယ်။ အခုကတော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲသွားပေးမှာလား ဆိုတဲ့ မေးခွန်းအပေါ်မှာတော့ ၈၀ % ကျော်လောက်ကတော့ မဲသွားပေးမယ်လု့ိ ဖြေတယ်။ တချို့တွေကျတော့လည်း ဒီ ၂၀၂၀ ရွေးကောက်ပွဲအတွက်ကို မဲပေးမယ် မပေးဘူးဆိုတဲ့အပိုင်းကို မဆုံးဖြတ်ရသေးဘူး ဆိုပြီးတော့လည်း ဖြေဆိုကြပါတယ်။ အဓိက ကတော့ မဲပေးမယ် မပေးဘူး လို့ မဆုံးဖြတ်ရသေးတဲ့သူတွေက အဓိက ကတော့ ကိုဗစ် အခြေအနေမှာ လုံခြုံစိတ်ချရမှု ရှိမလားပေါ့နော်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အခြေအနေတွေ။ ကာကွယ်ပေးမှုတွေ အပေါ်မှာ အခြေတည်ပြီးတော့လည်း အခြေအနေကို ကြည့်နေတယ် ဆိုပြီးတော့ ဖြေကြတဲ့သူတွေလည်း ရှိတယ်ပေါ့။”

အမျိုးသမီး ခေါင်းဆောင်တွေ အပေါ်မှာ၊ အမျိုးသမီးနိုင်ငံရေးသမားတွေ၊ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ အပေါ်မှာ အမျိုးသမီး မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုကရော ဘယ်လို တွေ့ရပါလဲရှင့်။

“အဲ့ဒီမှာပေါ့နော် ဒီ ကျမတို့ရဲ့ မေးခွန်းလေးတခုက အမျိုးသမီးတွေ အစိုးရ ခေါင်းဆောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ထင်လားဆိုတဲ့ မေးခွန်းကို ကျမတို့ မေးတဲ့အချိန်မှာ - ခေါင်းဆောင် လုပ်နိုင်ပါတယ်။ ဒီအမျိုးသမီးတွေ ကတော့ အစိုးရပိုင်းမှာလည်း ပါဝင်ပြီးတော့မှ ခေါင်းဆောင် အနေနဲ့လုပ်ဖို့အတွက် အရည်အချင်း ရှိတယ်လို့ ယုံကြည်တဲ့သူက ၉ ၁ % ရှိပါတယ်ပေါ့နော်။ ဆိုတော့ ကျန်တဲ့ ၈ % ၊ ၉ % လောက်ကတော့ မယုံကြည်ဘူး။ မသေချာဘူးပေါ့နော်။ ဒီ အမျိုးသမီးတွေ ခေါင်းဆောင်နိုင်မလားဆိုတဲ့ အပိုင်းကို အဲ့ဒီလို ဖြေကြပါတယ်။ နောက်တခုကကျတော့ ဒီ အမျိုးသမီးတွေသည် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု အရည်အချင်းတွေ ရှိသလားဆိုတဲ့ မေးခွန်းမှာလည်း ၉ ၀ % လောက်က စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်း ရှိတယ် ဆိုပြီးတော့မှ သူတို့ ဖြေကြတယ်ပေါ့နော်။ ဆိုတော့ ဒီအပိုင်းကို ကြည့်တယ်ဆိုလို့ရှိရင်တော့ ဒါက အမျိုးသမီးတွေထဲမှာလည်း အမျိုးသမီး အချင်းချင်းကိုလည်း ထောက်ခံတယ်ဆိုတဲ့ သဘောတော့ ရှိပါတယ်။ နောက်ထပ် မေးခွန်းတခုမှာကျတော့ ကျမတို့က နိုင်ငံရေး ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေပါဝင်တာကို အမျိုးသမီး အချင်းချင်းကရော ထောက်ခံသလားပေါ့နော်။ အချင်းချင်း ထောက်ခံသလား ဆိုတဲ့ အပိုင်းမှာလည်း ၈၃ % လောက်ကတော့ ထောက်ခံတယ်။ ဒါပေမဲ့ ကျန်တဲ့ တချို့ ရာခိုင်နှုန်းတွေကျတော့လည်း ဒါ အမျိုးသမီးတွေ အချင်းချင်း မထောက်ခံဘူးဆိုတဲ့ အခြေအနေမျိုးကိုလည်း ကျမတို့ တွေ့ရတယ်ပေါ့နော်။”

အရင် ရွေးကောက်ပွဲတွေနဲ့ မတူတဲ့၊ အမျိုးသမီးတွေ ပါဝင်မှုနဲ့ပတ်သက်လို့ ထူးထူးခြားခြား အပြောင်းအလဲက ဘာတွေ တွေ့ရသေးလဲရှင့်။ ပါဝင်မှု ဆိုတာက လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ပါဝင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း မဲဆွယ်စည်းရုံး လှုပ်ရှားမှုတွေမှာ နောက်ကနေ ပံ့ပိုးတာပဲဖြစ်ဖြစ်၊ နောက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ထဲမှာ ပါဝင်တာပဲ ဖြစ်ဖြစ်ပေါ့နော်။ ဘယ်လိုပုံစံမျိုးနဲ့ အမျိုးသမီးတွေ အဓိက ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်နေတာရော တွေ့ရလဲ။ ဒီအပေါ်မှာ လေ့လာမိတာ ရှိပါလားရှင့်။

“အခုကတော့လေ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှု ရာခိုင်နှုန်း ကိုယ်စားလှယ်လောင်း စာရင်းသွင်းတာမှာတော့ အဲ့ဒီမှာ ပိုပြီးတော့မှ ပါဝင်မှုပိုများလာတာကို တွေ့ရပါတယ်။ ဥပမာ ပါတီတွေ ဆိုလို့ရှိရင်လည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တို့၊ PPP တို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ ဆိုလို့ရှိရင်လည်း ဒါ ရာခိုင်နှုန်း တော်တော်များများ သူတို့ အမျိုးသမီးတွေကို ထည့်သွင်းပြီး ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်စေတဲ့ သဘောမျိုးလည်း တွေ့ရတယ်။ ဥပမာအားဖြင့်ဆိုရင် ဒီ လူ့ဘောင်သစ်ပါတီ ဆိုရင် သူတို့က အမျိုးသမီး ကိုယ်စားလှယ်လောင်းကို ၅၀ % လောက် ထည့်ထားတယ်ပေါ့နော်။ PPP ဆိုရင်လည်း ၂၁ % လောက် ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုရင်လည်း ၂၀ % အထိ ဒါ တိုးလာတယ်ပေါ့နော်။ အရင်တုန်းက ကျတော့ ကျမတို့ ၂၀၁၅ ရွေးကောက်ပွဲ အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက်ထက်စာရင်တော့ အခုက ပိုပြီးတော့မှ များလာတာကို ကျမတို့ တွေ့ရတယ်ပေါ့နော်။ ဆိုလိုတဲ့ အဓိပ္ပါယ် ကတော့ ဒီနိုင်ငံရေး ပါတီတွေအနေနဲ့ ဒီရွေးကောက်ပွဲဖြစ်စဉ်တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေကို ပိုပြီးတော့မှ အားပေးလာတဲ့သဘောလို့ ကျမတို့ အဲ့ဒီလိုထင်ပါတယ်။”

အဲ့ဒီလိုမျိုး ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ဝင်ရောက်ယှဉ်ပြိုင်တာအပြင်ကို တခြား ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ပိုပြီး ပါဝင်လာတယ် ဆိုတာကိုတော့ ကျမတို့ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ပိုပြီး သိသိသာသာ တွေ့လာရတယ်လို့တော့ ပြောလို့ရမယ် ထင်ပါတယ်နော်။

“ဟုတ်ပါတယ်ရှင့်။ ဟုတ်။ ဥပမာအားဖြင့်ဆိုရင် campaign manager (မဲဆွယ်လှုပ်ရှားမှု တာဝန်ခံ) လုပ်တာမျိုးတို့၊ မဲဆွယ်စည်းရုံးရေးပိုင်းတွေမှာလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ ပိုပြီးတော့မှ အားကောင်းလာတယ်ပေါ့နော်။ အထူးသဖြင့် နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်လှုပ်ရှားနေတဲ့ အမျိုးသမီးတွေ အတွက် စွမ်းရည်မြှင့်တဲ့ သင်တန်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ပူးပေါင်း ဆောင်ရွက်မှုတွေ နဲ့ သူတို့အပေါ်မှာ ပံ့ပိုးမှုတွေ၊ နောက်ပြီးတော့ ပါတီတွေရဲ့ အမျိုးသမီးတွေ အပေါ် ပိုပြီးတော့မှ အားပေးလာမှုပေါ့နော်။ ဒီဟာတွေကလည်း ပိုပြီးတော့ အမျိုးသမီးတွေကို နိုင်ငံရေးဖြစ်စဉ်မှာ ပိုမိုပြီးတော့မှ ပါဝင်လာစေတယ်လို့တော့ ကျမတို့ ထင်တယ်။”

ဒါကတော့ ဒီနှစ် ၂၀၂၀ ရွေးကောက်ပွဲအပေါ် အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှု၊ ပါဝင်မှုတွေနဲ့ပတ်သက်တဲ့ သဘောထားတွေကို လေ့လာ စစ်တမ်းကောက်ယူထားတဲ့ New Myanmar Foundation က ရွေးကောက်ပွဲဆိုင်ရာ အကြံပေး မမြနန္ဒာသင်းကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ မြန်မာနိုင်ငံ လူဦးရေရဲ့ တဝက်ကျော် ရှိတဲ့ အမျိုးသမီးတွေ အခုဆိုရင် နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍတွေမှာ ဘယ်လောက် အတိုင်းအတာအထိ ပါဝင်လာနေကြပါပြီလဲ။ ဦးဆောင်မှုကဏ္ဍမှာ အမျိုးသမီး ပိုမို ပါဝင်လာဖို့ ဘယ်လိုအခြေအနေတွေ ရှိဖို့ လိုအပ်နေပါလဲ။ အနာဂတ်နိုင်ငံရေးမှာ အမျိုးသမီး ခေါင်းဆောင်တွေ ပိုမိုပေါ်ထွက်လာဖို့ အလားအလာ ဘာတွေရှိနေသလဲ ဆိုတာတွေလည်း ရှေ့သီတင်းပတ်မှာ ဆက်လက်တင်ပြ ပေးမှာမို့ စောင့်မေ ျှာ်နားဆင်ကြပါလို့ ဖိတ်ခေါ်ရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

=================================

တိုက်ရိုက် လင့်ခ်

[Unicode Version]

ရှေးကောကျပှဲနဲ့ အမြိုးသမီးတှပေါဝငျမှု (အမြိုးသမီးကဏ်ဍ)















XS
SM
MD
LG