သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရတဲ့ အမျိုးသမီးသတင်းထောက်တချို့


Myanmar Now သတင်းဌာနက မကေဇွန်နွေး ဖမ်းဆီးခံရစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁) ဓာတ်ပုံ - အေအက်ဖ်ပီ
Myanmar Now သတင်းဌာနက မကေဇွန်နွေး ဖမ်းဆီးခံရစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁) ဓာတ်ပုံ - အေအက်ဖ်ပီ

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဒီလ ၂ ရက်နေ့အထိ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ သတင်းသမား ၂၂ ယောက်ထက် မနည်းရှိတယ်လို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး နိုင်ငံတကာ အဖွဲ့တခုဖြစ်တဲ့ CPJ က ပြောပါတယ်။ ပြည်တွင်းက သတင်းမီဒီယာသမားတွေကတော့ ဒီလ ၂ ရက်နေ့နောက်ပိုင်းမှာကိုပဲ ထပ်မံ ဖမ်းဆီးခံရသူတွေလည်း ရှိနေတာကြောင့် နောက်ဆုံးဖမ်းဆီးခံရတဲ့ သတင်းထောက် အရေအတွက်က ၃၀ ကျော်လောက်အထိ ရှိနိုင်တယ်လို့ ပြောဆိုကြပါတယ်။ ဒီလို ဖမ်းဆီးခံရသူတွေ၊ တရားစွဲဆိုခံရတဲ့ သတင်းထောက်တွေထဲမှာ အမျိုးသမီးတွေလည်း ပါပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်ပြီး သတင်းယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးသတင်းထောက် တချို့ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးကတင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁,၇၀၀ ကျော် ရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေက ပြောပါတယ်။ အများစု ပြန်လွတ်လာတာ ရှိပေမဲ့ တရားစွဲဆို ခံထားရသူတွေ၊ ဆက်ပြီး ဖမ်းဆီးခံထားရသူတွေ လည်း အများအပြား ရှိနေပါတယ်။ ဒီအထဲမှာ သတင်းမီဒီယာသမားတွေလည်း ပါ ပါတယ်။ အာဏာသိမ်းမှုအပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သတင်းသမား၂၀ ကျော် ရှိပြီး ဒီအထဲမှာ တဝက်နီးပါးလောက်က ဆက်လက် ထိန်းသိမ်းခံထားရဆဲပဲလို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း သတင်းမီဒီယာသမားတွေကို ပစ်မှတ်ထားဖမ်းဆီးတာတွေ ပိုတွေ့လာနေရပြီး သတင်းရယူတဲ့နေရာမှာ အန္တရာယ် ပို များလာနေတယ်လို့ ဖေဖော်ဝါရီလ၂၇ ရက်နေ့က ဖမ်းဆီး ခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာတဲ့ မကွေး မြေလတ်သတင်းဌာနက မဇာဇာက ပြောပါတယ်။

“ကျမတို့ကတော့ သတင်းသမားတွေ အတွက် အန္တရာယ်ရှိတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ အဖမ်းခံရတဲ့နေ့ကဆိုရင် ကျမ ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်မှာ သတင်းမီဒီယာ ဆိုပြီး ထင်ထင်ရှားရှား နှစ်ဘက်စလုံးမှာ ဘေးတဘက်တချက်မှာ ပါတယ်။ ဒါပေမဲ့လည်း သူတို့ဖမ်းတယ်ဆိုတော့ ကျမတို့ သတင်းသမားတွေက သတင်းသွားယူနေတဲ့ အချိန်မှာ သတင်းထောက်လို့ ထင်ထင်ရှားရှား အမှတ်အသား ပါတာနဲ့သွားရင် အဆင်မပြေတဲ့သူက ပစ်မှာကြောက်ရတယ်။ မပါဘူးဆိုရင်လဲ ပြည်သူတွေက ကျမတို့ကို မေးတာ ကြုံဖူးပါတယ်။ ကျမတို့ကို ဘာလဲပေါ့။ ကင်မရာနဲ့ ဓာတ်ပုံရိုက်တယ်။ ဘယ်သူလဲဆိုတာမျိုးတွေ ကျမတို့ကို ပြောတယ်။ ကျမတို့မှာ ခုချိန်ကတော့ တော်တော်ကို အန္တရာယ်များပါတယ်။”

မြေလတ်သတင်းဌာနက သတင်းထောက်တဦးဖြစ်တဲ့ မဇာဇာ ဟာ ပြီးခဲ့တဲ့လ၂၇ ရက်နေ့က မကွေးမြို့ မှာ သတင်းယူရင်း ဖမ်းဆီးခံခဲ့ရတာပါ။

“မနက် ၁၀ နာရီလောက်ပေါ့လေ။ ကျမကလည်း သတင်းယူဖို့ စ ထွက်လာတဲ့အချိန်။ ဆန္ဒပြသံ မကြားရသေးဘူး။ ဆန္ဒ ဘယ်သူမှ မပြကြသေးဘူး။ သူတို့က လူစုစု ရှိနိုင်မယ်လို့ သူတို့ထင်တဲ့နေရာတွေမှာ ရဲတွေက လူစုခွဲနေတဲ့ပုံစံ။ အဲ့ဒီနေရာမှာ ကျမတို့ကြားလိုက်တာက အမျိုးသမီး၃ ယောက် အဖမ်းခံရပြီဆိုတော့ အဲ့ဒီ အဖမ်းခံရတဲ့ဆိုတဲ့ နေရာကို သတင်းသွားယူတာပေါ့လေ။ သတင်းသွားယူတဲ့ အချိန်မှာ ရဲတွေနဲ့ တွေ့တယ်။ လမ်းသွားလမ်းလာတွေတော့ ရှိတယ်။ ကျမက ဆိုင်ကယ်နဲ့ရှေ့က တယောက်ရှိတယ်။ ကျမက နောက်ကနေ စီးတယ်။ နောက်ကနေ ဆိုင်ကယ်စီးရင်း ကင်မရာနဲ့ ရိုက်နေတဲ့အချိန်မှာပဲသူ့ကိုဖမ်း သူ့ကိုဖမ်း ဆိုပြီးတော့ ကျမကို နာမည်နဲ့တပ်ပြီးတော့ ပြောတယ်။ အဲ့လိုနာမည်တပ်ပြောတော့ကျမကလည်း ပြေးတာ။ ပြေးတော့ ကျမ နောက်ကနေ ၉ ယောက် ၁၀ ယောက်လောက်က လိုက်ပြီးဖမ်းတယ်။ ရဲအင်အား ၉ ယောက်လောက် ရှိမယ်ထင်တယ်။ အဲ့ဒီလို အဖမ်းခံလိုက်ရတယ်ပေါ့လေ။”

ဖမ်းဆီးခံရတဲ့အချိန် တခြားလုပ်ဖော်ကိုင်ဖက် သတင်းသမားတွေကိုဆက်သွယ် အသိပေးနိုင်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ သူ့ကို ပြန်လွတ်ခဲ့တယ်လို့လည်း မဇာဇာက ပြောပါတယ်။

မဇာဇာ လို ဖမ်းဆီးခံရတဲ့ သတင်းထောက်တိုင်း ပြန်လွတ်လာတာတော့မဟုတ်ပါဘူး။ အမျိုးသမီးတချို့ အပါအဝင် ဖမ်းဆီးခံထားရဆဲ သတင်းထောက် ၁၀ ယောက်ဝန်းကျင်လောက် ရှိနေပြီး သူတို့ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ တချို့ ပြန်လွတ်လာပြီးမှ တရားရင်ဆိုင်နေရသူတွေလည်း ရှိပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးခံရပြီး အာမခံနဲ့ ပြန်လွတ်လာတဲ့ မုံရွာ ရုပ်သံသတင်းဌာန MCN က ဒေါ်တင်မာဆွေ ကတော့ မုံရွာမြို့မှာ မီးကွင်းပစ်တဲ့ လူငယ်တယောက်ကို ရပ်ကွက်က တွေ့ရှိပြီး မေးမြန်း စစ်ဆေးနေတဲ့ ဗွီဒီယိုကို သတင်းမှာ ဖော်ပြခဲ့ပြီးတဲ့နောက် ဒီလူငယ်က စစ်တပ်က ခိုင်းလို့ လုပ်ဆောင်ရတာပါလို့ ပြောဆိုတာနဲ့ပတ်သက်ပြီး စစ်အာဏာပိုင်တွေဘက်က တုံ့ပြန်ချက်ရဖို့ အတွက် ရဲစခန်းကို သွားရောက် ဆက်သွယ် မေးမြန်းချိန်မှာ Voice သတင်းဌာနက ဒေါ်ခင်မေဆန်းနဲ့အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

“အများပြည်သူ သိသင့်သိထိုက်တယ်ဆိုတဲသတင်းကို ကျမတို့ဌာနက လွှင့်ပေးခြင်း ဖြစ်တယ်။ ကျမတို့က ဒါကို အကွက်ကျ စီစဉ်ဆောင်ရွက်ပြီးတော့ ရိုက်တဲ့သတင်းလည်းမဟုတ်ဘူး။ စစ်ဆေးနေတဲ့ ရပ်မိရပ်ဖတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရှေ့နေတွေလည်းပါတယ်။ ပညာရှင်တွေပေါ့ရှင်။ အဲ့ဒါတွေကို ကျမတို့က အရှိ ပကတိအတိုင်းကို အများပြည်သူတွေ သတင်းမှန်ကို သိရှိဖို့ပေါ့နော်။ သတင်းရဲ့ဖြစ်စဉ်ကို သိရှိဖို့ ကျမတို့က ရိုက်ကူး တင်ဆက်ပေးခြင်းဖြစ်တယ်။ ဒါကိုမှ ကျမတို့က ၅၀၅ (က) နဲ့ အစွဲ ခံရတယ်။ အများပြည်သူ ထင်ရောင်ထင်များဖြစ်အောင် လုပ်ခြင်း၊ နိုင်ငံတော်ကို အကြည်ညိုပျက်အောင် လုပ်ခြင်း၊ နိုင်ငံတာဝန် ထမ်းဆောင်နေတဲ့ သူတွေကို ပြည်သူတွေက မလိုမုန်းထားဖြစ်အောင် သွေးထိုး လှုံ့ဆော်ခြင်းလို့ အဲ့ဒီအချက် သုံးချက်ကို ကျမ တွေ့ပါတယ်။ အဲ့ဒါတွေနဲ့ ကျမ လုံး၀ မညှိပါဘူးရှင့်။ ကျမ ကိုယ်တိုင်ကလည်း မညှိတဲ့အကြောင်းကို သက်သေ အခိုင်အမာ ပြနိုင်တယ်။ မီဒီယာသမားတယောက် အနေနဲ့ အပြစ်မရှိဘူး ဆိုတာကိုလည်း ယုံကြည်တယ်။ အဲ့ဒါကြောင့် သူတို့က တရားစွဲ တင်တော့မယ်ဆိုရင် ကျမက အချုပ်ထဲ ပြန်ဝင်ရလိမ့်မယ်။ အဲ့ဒီအခါကျရင်ကျမတို့က ဥပဒေအတိုင်း ရင်ဆိုင်ရမှာပေါ့ရှင့်။”

သူနဲ့ ဒေါ်ခင်မေဆန်းတို့ နှစ်ဦးကို ဖမ်းဆီးချိန်မှာ ၅၀၅(က) နဲ့ တရားစွဲတယ်လို့ ပြောပြီး ဖမ်းခဲ့တာပါ။ ဒီပုဒ်မနဲ့ ဖမ်းဆီးခံရသူတွေကို အာမခံနဲ့ပြန်လွှတ်ပေးလို့ မရပေမဲ့ သူတို့ကိုတော့ သိန်း ၅၀ စီနဲ့ အာမခံပေးခဲ့တာလို့ ဒေါ်တင်မာဆွေကပြောပါတယ်။ ပြန်လွှတ်ပေးပြီးမှ ခေါ်ယူ စစ်ဆေးမေးမြန်းတာတွေ၊ သူတို့ရဲ့ သတင်းဖော်ပြချက်နဲ့ ပတ်သက်လို့တောင်းပန်ဖို့ ဖိအားပေးတာတွေလည်း ရှိတယ်လို့ ဒေါ်တင်မာဆွေက ပြောပြပါတယ်။

“ကျမတို့ကို ၂၅ ရက်နေ့မှာ ဖမ်းပြီးတော့ ၂၆ ရက်နေ့မှာ အာမခံနဲ့ပြန်လွှတ်ပေးလိုက်တယ်။ ၂၇ ရက်နေ့ကျတော့ ကျမတို့ကို အမှတ် (၁) ရဲစခန်းကို လာခဲ့ဖို့ ခေါ်တယ်။ ကျမနဲ့ မခင်မေဆန်းနဲ့ နှစ်ယောက် သွားကြတယ်။ အဲ့လိုသွားတဲ့အခါမှာ စစ်တပ်က တာဝန်ရှိပုဂ္ဂိုလ်လို့ ပြောတယ်။ သူ့ နာမည်နဲ့ ရာထူးတော့ မပြောဘူး။ သူက ကျမတို့ကို စခန်းမှူးရဲ့ အခန်းထဲမှာတံခါးပိတ်ပြီးတော့ ခေါ်တွေ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းကြည့်ရှုသူကလည်း များတယ်ပေါ့။ ၃ သန်းကျော်တောင် ဖြစ်သွားတယ်ပေါ့။ အဲ့ဒီအခါကျတော့စစ်တပ်အနေနဲ့လည်း အများကြီး ဂုဏ်သိက္ခာ ကျဆင်းရတယ်။ ဂုဏ်သိက္ခာ ကျဆင်းရတဲ့အတွက် ဒါကိုသူတို့ကို တောင်းပန်ပေးပါ။ ဒီမှာ မြဝတီ သတင်းဌာနကလည်း ခေါ်ထားတယ်ပေါ့။ အခုတောင်းပန်ပါ။ မြဝတီသတင်းဌာနက ရိုက်ကူးမယ်။ တခါတည်းလွှင့်မယ်လို့ ပြောပါတယ်ရှင့်။ ကျမ အနေနဲ့ အဲ့ဒီလို ရိုက်ကူးပြီးတော့ လွှင့်မှာကို လက်သင့် မခံပါဘူး။ တောင်းလည်း မတောင်းပန်နိုင်ပါဘူးလို့ ပြောပါတယ်ရှင့်။ အဲ့ဒါဆိုရင် ကျမ တဦးတယောက်ရဲ့ ဆန္ဒ သဘောထားအရ သီးခြား တောင်းပန်ရမယ်လို့လည်း ခိုင်းပါတယ်ရှင့်။ အဲ့ဒီလို သီးခြား မတောင်းပန်နိုင်ပါဘူးလို့ ကျမ ပြောခဲ့ပါတယ်။”

ခုလို သတင်းသမားတွေကို ဖမ်းဆီးတာ အကျပ်ကိုင်တာတွေဟာ သတင်းမီဒီယာတွေရဲ့လွတ်လပ်စွာ သတင်းရယူခွင့်ကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ဒေါ်တင်မာဆွေ က ပြောပါတယ်။

“ကျမတို့ရဲ့ သတင်းလွတ်လပ်ခွင့်ကို ဖျက်ဆီးတယ်။ ဖိနှိပ်တယ်။ ချုပ်ချယ်တယ်လို့ပဲ ကျမ အနေနဲ့ ယူဆပါတယ်။ ကျမတို့က နှစ်ဘက်အမြင် ပါဖို့အတွက် ရဲစခန်းကိုသွားတဲ့အခါမှာ နှစ်ဘက်အမြင် ပါဖို့ ပြောသွားတဲ့သူကို ဆီး ဖမ်းတယ်ဆိုတာ ကျမ အနေနဲ့ ဒီကိစ္စကိုလုံး၀ လက်သင့်မခံနိုင်ပါဘူး။ မခံနိုင်တဲ့အကြောင်းကိုလည်း ကျမ သူတို့ကို ပြောပါတယ်။ ပြောတဲ့အခါကျတော့ ဒီလောက်တောင် ဖြစ်ရလား ဆိုပြီး ကျမ ဖုန်းကိုယူပြီးတော့ မက်ဆင်ဂျာတွေကအစ တခုချင်း ဖွင့်ကြည့်ပါတယ်။ အဲ့ဒီအခါမှာလည်း ကျမက ကျမဟာ သတင်းထောက်တယောက် ဖြစ်တယ်။ ကျမဟာ တရားခံတယောက် မဟုတ်ဘူး။ ကျမရဲ့ ကိုယ်ရေးကိုယ်တာအရ မက်ဆင်ဂျာထဲမှာ ပြောထားတာတွေကို ကြည့်ခြင်းသည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ။ လုံး၀ မလုပ်ပါနဲ့လို့ ပြောပြီး ဖုန်းကို ဒုတိယအကြိမ် ပြန်လုပါတယ်။ အဲ့ဒါလည်း မရခဲ့ပါဘူး။ အခုဆိုရင် ကျမရဲ့ဖုန်းနဲ့ ကျမရဲ့ကင်မရာကိုလည်း သိမ်းထားပါတယ်။ လွယ်တဲ့ ဟန်းဘတ်အိပ်ကိုလည်း သိမ်းထားပါတယ်။ ဆိုင်ကယ်လိုင်စင်ရော၊ သတင်းထောက်ကဒ် ကိုလည်း သိမ်းထားပါတယ်။ အဲ့ဒီအတွက်ဒါက သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တယ်လို့ ကျမ အနေနဲ့ ယူဆပါတယ်။”

စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း တလ အတွင်းမှာပဲ သတင်းလွတ်လပ်ခွင့် သိသိသာသာကန့်သတ်ခံလာရတာတွေ ရှိတယ်လို့ မြေလတ်သတင်းဌာနက မဇာဇာ ကလည်း ပြောပါတယ်။

“သတင်းလွတ်လပ်ခွင့်ကတော့ ကျမတို့ ဆုံးရှုံးတာပေါ့။ ကိုယ့်အမြင်ကို အမြင်အတိုင်း ရေးလို့မရတာတွေလည်း ရှိတယ်။ အခုအချိန်ကတော့ သတင်းရေးတာတင် မဟုတ်ဘဲ ကိုယ်တွေလူလုံးထွက်ရင်ကိုပဲ သူတို့က အဆင်မပြေတဲ့ပုံစံမျိုး ဆိုတော့ လုပ်သာလုပ်နေရတယ် စိတ်ရောလူရောမလုံခြုံပါဘူး။”

အာဏာသိမ်းယူထားတဲ့ မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီဟာ သူတို့ကို အာဏာသိမ်းအစိုးရ၊ စစ်အစိုးရ၊ စစ်ကောင်စီ လို့ သုံးနှုန်း ရေးသားတာတွေမလုပ်ဖို့လည်း သတင်းမီဒီယာတွေကို အသိပေးစာ ထုတ်ပြန်ထားသလို၊ သတင်းသမားတွေအပေါ် တိုက်ခိုက်တာတွေလည်း ပိုပြီး တွေ့လာနေရတာပါ။ လက်ရှိ အခြေအနေမှာအခက်အခဲတွေ ရှိနေေပေမဲ့ သတင်းသမားတယောက် အနေနဲ့ အလုပ်တွေကိုတော့ ဆက်လုပ်သွားမယ်လို့ မဇာဇာက ပြောပါတယ်။

“ကျမတို့ကတော့ ကိုယ့်ဖာသာ ဂရုတစိုက်နဲ့ ကြည့်ရှောင်ပြီးတော့ ကိုယ်လုပ်နိုင်တဲ့ဘက်ကနေ ဆက်လုပ်သွားမယ်။ ဒါ ကျမတို့က ကျမတို့အလုပ်ကို လုပ်ရမှာပဲလေ။ ဘာလို့လဲဆိုတော့ ကျမတို့ဒေသက ဖြစ်ပျက်နေတာတွေကို တခြား ရန်ကုန်ကလူတွေက လာပြီးတော့ သတင်းယူဖို့ မေးဖို့ဆိုတာ ခက်ခဲတယ်။ကျမတို့ ဒေသအကြောင်းကို ကျမတို့ဒေသမှာ ဖြစ်ပျက်နေတာတွေကိုတော့ ကျမတို့က ကျမတို့ ဒေသခံတွေကမှ မဖော်ပြလို့ရှိရင် ကျယ်ကျယ်ပြန့်ပြန့် သိကြမှာ မဟုတ်ဘူး။ အဲ့ဒီအတွက် ကျမတို့ကတော့ ကျမတို့လုပ်နိုင်တဲ့ အခြေအနေအထိ ဂရုတစိုက်နဲ့ လုပ်သွားဖို့ရှိပါတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်း ဆန္ဒပြ လှုပ်ရှားမှုတွေ ဖြစ်လာပြီး ဒီလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွင်းမှုတွေကြားမှာ စွန့်စွန့်စားစား သတင်းယူနေကြတဲ့ သတင်းသမားတွေထဲ အမျိုးသမီးတွေလည်း အများအပြား ပါတယ်လို့လည်း မဇာဇာက ပြောပါတယ်။

“အမျိုးသမီး သတင်းထောက်တွေကလည်း ဒီကာလကြီးမှာ သူတို့တွေ သွေးနည်းပြီးတော့ သတင်းမယူဘူးလားလို့ ဆိုတော့ မဟုတ်ဘူး။ အကုန်လုံးက သူ့အလုပ်ကို သူ တာဝန်ကျေအောင် အမျိုးသမီးဖြစ်ပေမဲ့လို့ အမျိုးသမီးသတင်းသမားတွေ ခက်ခက်ခဲခဲ ကာလကြီးတွေထဲမှာ ထွက်ပြီးတော့ သတင်းယူနေတာကို တွေ့ရပါတယ်။ မန္တလေးမှာဆိုလို့ရှိရင်လည်း ပစ်တာခတ်တာတွေ ကြားထဲက ပုန်းလိုက်ကွယ်လိုက်နဲ့ပဲ ကင်မရာနဲ့ သူတို့ မှတ်တမ်းလေးတွေ ရိုက်ပြီးတော့ သတင်းယူနေတာတွေကိုလည်း ကျမတို့ ကြားသိရပါတယ်။”

ဒီလိုခက်ခက်ခဲခဲ သတင်းရယူနေတဲ့ သတင်းထောက်တွေကို စစ်အာဏာပိုင်တွေဘက်ကဖမ်းဆီးတာ၊ သတင်းလွတ်လပ်ခွင့်နဲ့ အခြေခံ ဒီမိုကရေစီ အခွင့်အရေးတွေကို ထိန်းချုပ် ကန့်သတ်လာနေတာတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေ ကတော့ လက်မခံနိုင်ဘူးလို့ ပြောဆိုတာတွေ ရှိနေကြပါတယ်ရှင်။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါ။ ကျမ ခင်ဖြူထွေး ပါရှင်။

တိုက်ရိုက် လင့်ခ်

==============================================

[Unicode Version]






















XS
SM
MD
LG