သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းတာကို LGBT တွေကရော ဘာကြောင့်ဆန့်ကျင်ကြသလဲ


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ဆန္ဒပြပွဲတွေ မြို့ကြီး မြို့ငယ် နေရာအနှံ့ ဖြစ်နေတာမှာ ဒီလို အာဏာရှင်ကို ဆန့်ကျင်သူတွေထဲ လိင်စိတ်ခံယူမှုကွဲပြားသူ လိင်တူစုံမက်သူ LGBT တွေလည်း ရှေ့တန်းကနေ ပါဝင်နေကြပါတယ်။ LGBT တွေ အနေနဲ့ စစ်အာဏာရှင်စနစ်လက်အောက်မှာ ခါးသီးတဲ့ အတွေ့အကြုံတွေ အများကြီး ခံစားခဲ့ရပြီးပြီမို့ နောက်တကြိမ် စစ်တပ်က အုပ်ချုပ်တာကို မခံနိုင်တဲ့အတွက် ကန့်ကွက် ဆန္ဒပြနေကြတာလို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုယ်တိုင်က LGBT တယောက်ဖြစ်တဲ့ မရှင်းသန့်ကပြောပါတယ်။ မရှင်းသန့်ကိုဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်အမျိုးသမီးကဏ္ဍကို မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။


မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေနေရာအနှံ့မှာ ဖြစ်နေတယ်။ အာဏာပိုင်တွေဘက်က အင်အားသုံးနှိမ်နင်း ပစ်ခတ်လို့လည်း လူတချို့သေဆုံးတာ၊ ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာတွေကလည်း ရှိနေပါတယ်။ ဒီလို အခြေအနေတွေကြားမှာ မရှင်းသန့်တို့လိုလိင်စိတ်ခံယူမှု ကွဲပြားသူတွေ၊ လိင်တူစုံမက်သူ LGBT အများအပြား သိသိသာသာ ရှေ့ထွက်လာတာကိုတွေ့လာရပါတယ်။ မရှင်းသန့်တို့အနေနဲ့ ဘယ်လို ခံယူချက်တွေနဲ့ ခုလို တက်တက်ကြွကြွ ရှေ့တန်းကနေပါဝင်ဖြစ်တာပါလဲ။

“ရှင်သန့်တို့ကကျတော့လိင်တူချစ်သူ LGBT တွေ ဖြစ်နေတာမို့ လူ့အခွင့်အရေးကို တန်းတူ ပြည့်ပြည့်၀၀ ရချင်တယ်။ ဒီမိုကရေစီ ပြည့်ပြည့်၀၀ သွားတာလိုချင်တယ်။ ၁၀ နှစ်ဆိုတဲ့ အတိုင်းအတာ တခုမှာ ဒီမိုကရေစီရဲ့အရသာ အနှစ်သာရကို သိခဲ့ပြီးပြီ။ အဲ့ဒီ ၁၀ နှစ်မတိုင်ခင် LGBT တွေရဲ့ ဘဝက ဘယ်လောက်အထိခက်ခဲလဲ။ ဒီမိုကရေစီ ပထမ ၅ နှစ်သက်တမ်းမှာလည်း ဘယ်လို ဖိနှိပ်ချုပ်ချယ်မှုတွေရှိခဲ့လဲ။ ဘယ်လို ကန့်သတ်ခံရမှုတွေ ရှိခဲ့သလဲ ဆိုတာက ကိုယ်တိုင် ကြုံခဲ့ရတယ်။ အာဏာပိုင်တွေရဲ့ညှင်းပမ်းနှိပ်စက်တာ၊ လိင်အမြတ်ထုတ်တာ၊ ကျင်စက်တွေနဲ့ တို့တာကအစ လူသတ်မှုတောင် မကျူးလွန်ဘဲနဲ့ မှောင်ရိပ်ခိုတယ်၊ မိတ်ကပ်လိမ်းတယ်ဆိုရင်လည်း ရုပ်ဖျက်တယ်ဆိုပြီး LGBT ၁၀ ယောက်မှာ ၄ ယောက်လောက်က ထောင်ကျဖူးတဲ့သူတွေချည်းပဲ။ ဒါတွေက ရှင်းသန့် တို့ဘဝမှာ ခါးသီးခဲ့တယ်။ ဒီမိုကရေစီ ၅ နှစ်သက်တမ်း အတွင်းမှာဆိုရင် ဒီလိုအမှုအခင်းတွေ လျော့ပါးလာတယ်။ လွတ်လပ်စွာပြောဆိုခွင့်တွေ ရှိလာတယ်။ အရင်တုန်းကဆိုရင် အရာရာမှာ ခေါင်းငုံ့ခံပြီးနေရတဲ့ ဘဝကနေဒီမိုကရေစီရဲ့အောက်မှာ ရဲရဲဝံ့ဝံ့ ရှိလာတယ်။ အကြောက်တရားတွေ ကင်းမဲ့လာတယ်။ အကြောက်တရားကင်းမဲ့တယ်ဆိုတာ respect မရှိဘူးလို့ ပြောတာ မဟုတ်ဘူး။ ကိုယ့်ရဲ့အခွင့်အရေးကို သိလာတဲ့အခါကောင်းကောင်းမွန်မွန် နေနိုင်လာတယ်။ အဲ့ဒီလိုဆက်ပြီးနေချင်တဲ့အတွက် အရပ်သားအစိုးရ၊အရပ်သားအစိုးရထဲမှာမှ ကျမတို့အတွက်ကို ရပ်တည်ပေးခဲ့တဲ့ NLD အစိုးရ။ NLD အစိုးရလက်ထက်မှာဆိုရင်LGBT တွေ parade တွေ လုပ်ခွင့်ရတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ လူငယ့်ရေးရာမူဝါဒလိုမူဝါဒရေးဆွဲတဲ့နေရာတွေမှာ ပါဝင်နိုင်ခဲ့တယ်။ ကလေးသူငယ်အခွင့်အရေး ဆိုရင်လည်း LGBT နဲ့ပတ်သက်တဲ့အချက်အလက်တွေ၊လိင်တူချစ်သူ ကလေးငယ်တွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ အချက်တွေ လုပ်ဆောင်နိုင်တဲ့အတွက် အရပ်သားအစိုးရထဲမှာမှ NLD အစိုးရကို မဲပေး ရွေးချယ်ခဲ့ကြတာဖြစ်တယ်။ အဲ့ဒီတော့ ကိုယ့်ရဲ့မဲဆန္ဒမဲနဲ့ရွေးချယ်ထားတဲ့ အစိုးရကို စစ်တပ်ကနေ အာဏာပြန်ထိန်းတယ်ပဲ ပြောပြော အာဏာပြန်သိမ်းတယ်ပဲပြောပြောဒါကြီးကို လက်ခံဖို့ဆိုတာက ဘယ်လိုမှကို မဖြစ်နိုင်ဘူး။ ကျမတို့ ပေးထားတဲ့မဲတွေကို မလေးစားဘဲနဲ့ခုလို လုပ်တယ်လို့ ခံစားရတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အရပ်သား အစိုးရကို ပြန်ပြီးတော့အာဏာနှင်းအပ်စေချင်တဲ့အတွက် ပါဝင်ရခြင်းဖြစ်ပါတယ်။”

LGBT တွေဆိုတာ မြန်မာလူမှုအသိုင်းအဝိုင်းမှာ နှိမ်ချ ဆက်ဆံခံရတဲ့သူတွေထဲမှာပါ ပါတယ်။ အလွယ်တကူ ပစ်မှတ်ထား ခံရလေ့ရှိတဲ့ သူတွေပါ။ အခုလဲ ဆန္ဒပြပွဲတွေမှာ ပါလာတဲ့အခါကိုယ့်ကို အလွယ်တကူ ပစ်မှတ်ထားပြီး နှိပ်ကွက်တာ၊ ဖမ်းဆီးတာမျိုးတွေ ဖြစ်လာမှာကို မစိုးရိမ်ဘူးလား။

“စိုးရိမ်ပါတယ်။ ဒါပေမဲ့လည်း မထွက်လို့မရတဲ့ အခြေအနေမျိုးမှာကတော့ ဒါက နိုင်ငံသားတယောက်ရဲ့ ခံယူချက်ပေါ့။ တာဝန်ကျေချင်တဲ့အတွက် ထွက်ရတာရှိတယ်။ စိုးရိမ်မှုတွေတော့ရှိတာပေါ့ အစ်မရယ်။ ညဆိုရင် ဖြောင့်ဖြောင့်တန်းတန်း မအိပ်ရဘူး။ အင်တာနက်မရှိတဲ့ အချိန်မှာ တခုခု အရေးပေါ်ဆိုရင် ဘယ်လုပ်လို့ဘာကိုင်ရမှန်းမသိဘူး။ ညပေါင်းများစွာ အိပ်ကောင်းခြင်းမအိပ်ရသလို၊ မနက် နိုးလာပြီဆိုရင်လဲ အဲ့ဒီအတွေးကြီးက တန်းဝင်လာပြီးတော့မှ ရင်တုန်ရတာတွေရှိတယ်။ ပြီးရင် ဘယ်နေ့ ကိုယ့်အလှည့်ရောက်လာမှာလဲ။ ငါ့ရဲ့အချိန်တွေ ဘယ်နေ့ သံတိုင်အောက်မှာကုန်ဆုံးရမလဲ ဆိုတဲ့ အတွေး ကြောက်စိတ်ကတော့ ရှိတယ်။ ဒါက လူတိုင်းမှာလည်း ရှိကြတဲ့အတိုင်းအတာပဲပေါ့။ သို့သော်လည်း ကိုယ့်နိုင်ငံက ကလေးတွေက အသက်လေးတွေ ငယ်ငယ်လေးတွေနဲ့ လမ်းပေါ်မှာ ဆန္ဒတွေပြနေကြတယ်။ သေသွားတဲ့ကလေးတွေ ဆိုရင် အသက်မပြည့်သေးသူတွေတောင် ပါတဲ့အချိန်မှာ ကျမတို့က မျိုးမပွားတော့ပေမဲ့ ကိုယ့်ရဲ့မျိုးဆက်တွေအတွက် တာဝန်ရှိတယ်လို့ ခံစားရတဲ့အတွက် ကြားမှာလည်း မနေနိုင်ဘူး။ သူတို့တွေအတွက် ရှေ့က နေပြီးတော့မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အမြန်ဆုံးဦးတည်နိုင်ဖို့အတွက်ကို ကြောက်ပေမဲ့လည်း ရှေ့ထွက်ရတာပေါ့။ စိုးရိမ်စိတ်တွေကတော့ စက္ကန့်နဲ့အမျှ ရှိတာပေါ့။”

ဆိုတော့ အခုလို အာဏာသိမ်းလိုက်တဲ့အတွက် တိုင်းပြည်အတွက် ဘယ်လိုစိုးရိမ်မှုတွေဖြစ်စေလဲ။ နိုင်ငံအတွက် ဘယ်လောက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လာနိုင်တယ်လို့ ထင်ပါလဲ။

“သူ့ဟာသူ အာဏာသိမ်းတယ်ပဲပြောပြော၊ အာဏာထိန်းတယ်ပဲပြောပြော။ ဒါကို ဒီမိုကရေစီနည်းမကျဘူးလို့ ထင်တဲ့အတွက် အစိုးရဝန်ထမ်းတွေရော ပြည်သူတွေရောက သပိတ်မှောက်တဲ့အတွက် ယန္တရားတွေ မလည်ပတ်တဲ့အတွက် မြန်မာပြည်သည် သေချာပေါက်ကတော့ ဖွံ့ဖြိုးတိုးတက်မှုမှာ နောက်ကျပြီး ခါးပြတ်ပြီး ကျန်နေဦးမယ်လို့ ယူဆတယ်။ ဒီ့ထက် အာဏာသိမ်းတဲ့ သက်တမ်းက ရှည်သွားမယ်ဆိုရင် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ မြန်မာပြည်သည် အထီးကျန်ပြီးတော့မှ နဂို ရှိရင်းစွဲ ဖွံ့ဖြိုးတိုးတက်မှုတွေကနေ ဟိုးအရင် အာဏာရှင်စနစ်မှာ ဆင်းရဲသလို ကုန်ပစ္စည်းတွေ ရှားပါးတာတွေ၊ အဝတ်အထည် ရှားပါးတာတွေ၊ မှောင်ခိုဈေးကွက်တွေ ပေါလာပြီးတော့မှ ပိုက်ဆံရှိတဲ့သူတွေပဲ သုံးနိုင်ဖြုန်းနိုင်ပြီး ပိုက်ဆံမရှိတဲ့သူတွေက ဆင်းရဲသည်ထက် ဆင်းရဲပြီးတော့မှ တရားဥပဒေစိုးမိုးရေးတွေပါ ပျက်ပြားထိခိုက်ပြီး အကျင့်စာရိတ္တပျက်တာတွေအထိတောင် ဖြစ်နိုင်တယ်လို့ယူဆထားပါတယ်။”

မရှင်းသန့်တို့လို LGBT တွေအတွက်ရော ပိုပြီး ခက်ခဲလာနိုင်တဲ့ အခြေအနေတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါသလား။

“ထင်ပါတယ်ရှင့်။ ဘာကြောင့်လို့လဲ ဆိုရင်တော့ အခုဆိုရင် ဆန္ဒပြခေါင်းဆောင်တွေ ထင်ပေါ်ကျော်ကြားပြီး စစ်တပ်နဲ့ မရပ်တည်သူတွေ၊ ရဟန်းသံဃာတွေတောင်မှ ဖမ်းဆီး အရေးယူ ထောင်ချတယ် ဆိုတဲ့အနေအထားမှာ LGBT တွေဆိုတာတော့ နဂိုကတည်းကမှ လူတွေရဲ့ တဆင့်နိမ့်ထားခြင်းကို ခံရတဲ့အတွက် ကျမတို့တွေအတွက်ဆိုရင် ဖမ်းရဆီးရလွယ်တဲ့အတွက် ပိုပြီး ပစ်မှတ်ထားနိုင်တဲ့ အခြေအနေ ပြန်ပြီး ရောက်သွားနိုင်ပါတယ်။ ဥပမာ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဟိုတုန်းက ကျမတို့ငယ်ငယ်ကဆိုရင်အမှုလိုရင် အမှုဖြည့်ခံရတာ။ ပိုက်ဆံလိုတယ်ဆိုရင် ဆတ်ကြေးပေးသလိုမျိုး ငါးသောင်း တစ်သိန်းပေးရတာ။ ပါတဲ့ဖုန်းတွေကို ယူသွားပြီး နောက်တနေ့ကျမှ ပြန်လာရွေး ပိုက်ဆံပေးရမယ်ဆိုတဲ့ အနေအထားမျိုးတွေအထိတောင် ပြန်ရောက်သွားနိုင်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း အများကြီးရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။”

မရှင်းသန့်ဆိုရင် လူ့အခွင့်အရေး၊ LGBT အခွင့်အရေးတွေနဲ့ပတ်သက်လာရင် ရှေ့တန်းမှာ တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့သူ တယောက် ဖြစ်ပါတယ်။ အများကလည်း ကိုယ့်ကို ကောင်းကောင်းသိနေကြတယ်ဆိုတော့ ဒီလိုလူတယောက်အေနေနဲ့ အခုလို အခြေအနေမျိုးမှာ အာဏာပိုင်တွေဘက်က ကိုယ့်ကို ခြိမ်းခြောက်တာမျိုး၊ ဖမ်းဆီးဖို့ကြိုးစားတာမျိုးရော ကြုံရတာရှိပါလား။

“လောလောဆယ်အထိတော့ သူတို့ဘက်ကနေ တစုံတရာ ခြိမ်းခြောက်တာမျိုးတော့မရှိဘူး။ ဒါပေမဲ့ သေချာတာကတော့ ဖမ်းမယ်ဆိုလို့ရှိရင် ချက်ချင်းဝုန်းဒိုင်းဆို ရောက်လာပြီးတော့ ဖမ်းခေါ်သွားမှာပဲ။ ကြိုပြီး notice တွေ ဘာတွေ ပေးမယ်လို့မထင်ဘူး။ အဲ့ဒီအတွက်လည်း အရာရာပြင်ဆင်ထားပါတယ်။ အကောင်းဆုံးရင်ဆိုင်ဖို့။”

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လက်ရှိဆန္ဒပြပွဲတွေမှာ LGBT အသိုင်းအဝိုင်းရဲ့ ပါဝင်မှုကရော ဘယ်လောက် အတိုင်းအတာထိ ရှိတယ်လို့ ပြောနိုင်ပါလဲ။

“LGBT အနေနဲ့ ပြောမယ်ဆိုရင် ဒါက တတိုင်းပြည်လုံး တနှံတလျားမှာရှိနေတဲ့မြို့အသီးသီးက LGBT တွေက သူတို့ကဏ္ဍ အသီးသီးကနေ ပင်မသပိတ်စစ်ကြောင်းတွေနဲ့ ပေါင်းတာသော်လည်းကောင်း၊ သို့မဟုတ် သူတို့ဖာသာသူတို့ ပင်မသပိတ်အနေနဲ့ ထွက်တဲ့ဟာတွေကလည်း ရန်ကုန်၊ မန္တလေးတင်မကဘူး။ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စသဖြင့် LGBT တွေရှိတဲ့နေရာတွေမှာ သူတို့တွေဟာ ပြည်သူလူထုနဲ့အတူ ဆန္ဒထုတ်ဖော်နေတယ်ဆိုတာကို လူမှုကွန်ရက်တွေကနေ တွေ့နိုင်တယ်။ ကျမတို့အချင်းချင်း ချိတ်ဆက်ထားတဲ့ ကွန်ရက်လည်း ရှိပါတယ်။ LGBT Rights Network ကနေပြီးတော့လည်း သူတို့ဘာလုပ်တယ်ဆိုတာတွေကို sharing လုပ်ဖြစ်ပါတယ်။ အကုန်လုံး တက်တက်ကြွကြွ ဒီအချိန်မှာ ပါဝင်တယ်။ ထူးခြားတာတခုကတော့ ဒီအချိန်မှာ ပြည်သူလူထုသည် LGBT ဖြစ်လို့ နှိမ်ချတယ်ဆိုတာ မရှိဘဲနဲ့ LGBT တွေသည် နိုင်ငံရေး ရေချိန်မြင့်မြင့်နဲ့ ဒီလိုမျိုးကဏ္ဍမှာ ပူးပေါင်း ပါဝင်တယ်ဆိုပြီး အထူးကြိုဆိုခြင်းခံရတယ်။ ဒီအချိန်မှာ အထူး ဂုဏ်ပြုခြင်း ခံရပါတယ်။”

အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၁ လနီးပါးရှိလာနေပြီး ဆန္ဒပြပွဲတွေဆိုရင်လည်း သီတင်းပတ်နဲ့ချီနေပါပြီ။ ဒီလှုပ်ရှားမှုမှာ မရှင်းသန့်အနေနဲ့ ဘယ်လိုရပ်တည်ပြီး ဘယ်လိုအခြေအနေမျိုးနဲ့ဆက်ပြီး ပါဝင်သွားပါမလဲ။

“ဒီဟာက အဆုံးထိ တိုက်ရမယ့်တိုက်ပွဲပေါ့။ ကျမတို့ကတော့ တိုက်ပွဲကို ဘယ်လောက်အထိ ရည်ရွယ်ထားသလဲ ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပျက်သုဉ်းပြီးတော့ ကျမတို့တင်မြှောက်တဲ့ အစိုးရ ပြန်လည်အာဏာရရှိပြီး စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရအတွက် ဖွဲ့စည်းပုံ အသစ်ကို ရေးဆွဲနိုင်တဲ့အထိ တိုက်ရမယ်လို့ ဆုံးဖြတ်ထားတယ်။ အဲ့ဒီအတွက် ဘယ်လောက်ကြာမလဲ မပြောနိုင်ဘူး။ ကျမတို့ နွေဦးတော်လှန်ရေးသည် ၁ လ လည်းဖြစ်နိုင်တယ်။ ၁ နှစ်လည်းဖြစ်နိုင်တယ်။၂ နှစ် ၃ နှစ်လည်း ဖြစ်ရင်ဖြစ်သွားမယ်။ အဲ့ဒီတော့ ကျမသည် သံတိုင်နောက်ကို မရောက်သေးသ၍ ပါနေမှာပဲ။ အကယ်၍ ကျမ သံတိုင်နောက်ပါသွားရင်လည်း ကျမသည် ခေါင်းဆောင်မဟုတ်ဘူး။ ဒီအချိန်မှာအားလုံးသည် တဦးတယောက်တိုင်းသည် ခေါင်းဆောင်တွေ ဖြစ်ကြတယ်။ ကျမ ခေါင်းဆောင်တာ မဟုတ်ဘဲ အားလုံးရဲ့အသိစိတ်ဓာတ်နဲ့သွားတဲ့အတွက် ဒီတိုက်ပွဲက သေချာတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ အထဲကိုရောက်ရောက် ဒီတိုက်ပွဲကို ဦးဆောင်မယ့်သူတွေကတော့ ဆက်ရှိနေမယ်။ LGBT တွေထဲမှာလည်း ရှိနေဦးမှာ။ ထွက်ပေါ်နေဦးမှာ။ သူတို့တွေ ဖန်တီးနိုင်တဲ့ စွမ်းအားတွေ သတ္တိတွေက အရင်နဲ့ မတူတော့ဘူးဆိုတော့ ကျမကတော့ အဆုံးထိ တိုက်မယ်။ အဲ့ဒီလိုပဲ LGBT တွေကလည်း အဆုံးထိတိုက်မယ်။ ဘယ်အဆုံးထိလဲဆိုရင် ကျမတို့ ရွေးချယ်တင်မြှောက်တဲ့အစိုးရ ပြန်လည် တက်လာပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမရှိဘဲနဲ့ အသစ်ပြန်လည်ရေးဆွဲတဲ့ စစ်မှန်တဲ့ဒီမိုကရေစီရတဲ့အထိ တိုက်သွားမှာပါ။ ကုလသမဂ္ဂကရော၊ အမေရိကန် အပါအဝင် ဒီမိုကရေစီအင်အားကြီး နိုင်ငံတွေ အနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ ကျမတို့နိုင်ငံအမြန်ဆုံး ဒီမိုကရေစီပြန်ရပြီး ဖမ်းဆီးခံထားရတဲ့သူတွေ လွတ်မြောက်ဖို့အတွက် ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်။”

ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ် မရှင်းသန့်။

တိုက်ရိုက် လင့်ခ်

==============================================

[Unicode Version]

အာဏာသိမျးတာကို LGBT တှကေရော ဘာကွောင့ျဆန့ျကငြျကွသလဲ (အမြိုးသမီးကဏ်ဍ)


















XS
SM
MD
LG