သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်ပွဲစဉ် ခန့်မှန်းချက်


ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွေအားလုံး ပြီးသွားပြီးတဲ့နောက် လာမယ့်စနေ ဇွန်လ ၃၀ ရက်နေ့ကစပြီး ဒုတိယ ဆင့် ရှုံးထွက်ပွဲတွေကို ယှဉ်ပြိုင်ကစားကြရတော့မှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ဂျာမနီ အုပ်စုအဆင့်ကနေ ထွက်သွားရပြီးတဲ့ နောက် ဒုတိယအဆင့်ကိုကျော်ပြီး ဘယ်အသင်းတွေ ကွာတားဖိုင်နယ်အဆင့်ရောက်ဖို့ အလားအလာရှိနေပါသလဲ။ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မြန်မာစံတော်ချိန် ဇွန်လ ၂၉ ရက်နေ့ သောကြာနေ့မနက်အစော ၁၂ နာရီခွဲမှာ အုပ်စု G က အင်္ဂလန်နဲ့ ဘယ်လ်ဂျီယမ်၊ ပနားမားနဲ့ တူနီးရှားတို့ ကစားပြီးတဲ့နောက် အုပ်စုပွဲစဉ်တွေအားလုံး အဆုံးသတ်သွားပြီဖြစ်ပြီး စနေနေ့မှာ ဒုတိယအဆင့် ရှုံးထွက် ပွဲတွေကို ယှဉ်ပြိုင်ကစားကြရတော့မှာဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ဘယ်လ်ဂျီယမ်ပွဲမှာ ဘယ်လ်ဂျီယမ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတာကြောင့် အုပ်စုပထမနဲ့ ဒုတိယအဆင့်ကို တက်သွားပြီး ပနားမားနဲ့ တူနီးရှားပွဲမှာ တူနီးရှားက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပေမဲ့ နှစ်သင်းလုံး ပြိုင်ပွဲကနေ ထွက်သွားရပါပြီ။

အုပ်စုပွဲတွေမှာ အကျိတ်အနယ်ကစားပြီး ဒုတိယအဆင့်ကို တက်လာကြတာမို့ ၁၆ သင်းစလုံးမှာ အားသာချက် အားနည်ချက်တွေ ရှိနေကြတာပါပဲ။ ဒီထဲက ဘယ်အသင်းတွေများ ကွာတားဖိုင်နယ်အဆင့်ကို ရောက်သွားနိုင်ပါသလဲ၊ မြန်မာ့လက်ရွေးစင် ဂိုးသမား ဟောင်း ကိုယဉ်ထွေးရဲ့ အကြိုက်တွေကတော့ -

"ကျနော် ဒီ ၁၆ အသင်းပတ်လည်ကနေပြီးတော့ quarter final တက်မယ်လို့ထင်လို့ရတဲ့ ၈ သင်းပေါ့နော် ကျနော်ထင်တာကတော့ အာဂျင်တီးနား ၊ ပေါ်တူဂီ၊ စပိန်၊ ခရိုအေးရှား၊ ဘရားဇီး၊ ဘယ်ဂျီယမ်၊ ဆွီဒင်နဲ့ အင်္ဂလန်လို့တွက်ထားတယ်ခင်ဗျ။"

ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာ ဂျာမနီအသင်းဟာ အုပ်စုအဆင့်ကိုမကျော်နိုင်တဲ့ လက်ရှိချန်ပီယံစာရင်းထဲ ဝင်သွားပြီး ဒုတိယအဆင့် တက်တဲ့ ၁၆ သင်းထဲမှာ တသင်းတည်းသော အာရှဇုံအသင်းကတော့ ဂျပန်ပါပဲ။

ဘောလုံးအားကစား ဝေဖန်သုံးသပ်သူ ကိုဝင်းကျော်မင်း စိတ်ကြိုက်ရွေးထားတဲ့ ကွာတားတက်နိုင်ခြေ ၈ သင်းကလည်း ကိုယဉ်ထွေးနဲ့ သိပ်မကွာလှပေမဲ့ သူ့စိတ်ကြိုက်ထဲမှာ အင်္ဂလန်အသင်း မပါပါဘူး။

" quarter final ကိုသေချာပေါက် တက်မယ်လို့ ကျနော့်အနေနဲ့ ယူဆတဲ့အသင်းကတော့ အထူးသဖြင့်တော့ ထိပ်သီးသင်းအများစုပေါ့။ ဥရုဂွေးပါမယ်။ အာဂျင်တီးနား နောက်ပြီးတော့ အိမ်ရှင် အသင်းနဲ့ကန်မယ့် စပိန်ကိုလည်းကြိုက်တယ်။ ဂိုးလယ်ကစားသမားကောင်းတွေပါတဲ့ ခရိုအေးရှားရှိမယ် နောက်ပြီးတော့ ချန်ပီယံအတွက် ရေပန်းအစားဆုံး ဘရာဇီးကိုလည်းကြိုက်တယ်၊ နောက်ပြီးတော့ အာရှအသင်းနဲ့ ကစားရမယ့် ဘယ်ဂျီယံကိုလည်းquarter final ကိုတက်မယ့်အသင်းအနေနဲ့ ရွေးချင်တယ်။ ဆီဒင်ကို ကျနော်ပိုပြီးတော့ ကြိုက်တယ်ခင်ဗျ။ ကိုလံဘီယာနဲ့ အင်္ဂလန်မှာလည်း ကိုလံဘီယာကို ကျနော်ရွေးချယ်ချင်ပါတယ်။

ဇွန်လ ၂၈ ရက်နေ့ အုပ်စု H က နောက်ဆုံးပွဲစဉ်တွေမှာတော့ ပိုလန်က ဂျပန်ကို တဂိုး ဂိုးမရှိ၊ ကိုလမ်ဘီယာက ဆီနီဂေါလ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီးအနိုင်ရကြတာကြောင့် ကိုလမ်ဘီယာက အုပ်စုပထမ၊ ဂျပန်က အုပ်စုဒုတိယနဲ့ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေ ကို တက်သွားကြတာပါ။

ကွာတားဖိုင်နယ် အဖွင့်ပွဲအဖြစ် ဇွန်လ ၃၀ ရက်နေ့မှာ ပြင်သစ်နဲ့ အာဂျင်တီးနား၊ ဥရုဂွေးနဲ့ ပေါ်တူဂီ၊ ဇူလိုင်လ ၁ ရက်နေ့မှာ စပိန်နဲ့ ရုရှား၊ ခရိုအေးရှားနဲ့ ဒိန်းမတ်၊ ဇူလိုင်လ ၂ ရက်နေ့မှာ ဘရာဇီးလ်နဲ့ မက္ကဆီကို၊ ဘယ်လ်ဂျီယမ်နဲ့ ဂျပန်၊ ဇူလိုင် လ ၃ ရက်နေ့မှာ ဆွီဒင်နဲ့ ဆွစ်ဇာလန်၊ ကိုလမ်ဘီယာနဲ့ အင်္ဂလန်တို့ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။

ဒီအဆင့် ရှုံးထွက်အဆင့်ဖြစ်တာကြောင့် မိနစ် ၉၀ ထိ သရေကျနေမယ်ဆိုရင် အချိန်ပို ၁၅ မိနစ်စီ အပြည့်ဆက်ကန်ရမှာဖြစ်ပြီး အဲဒီမှာမှ ဆက်ပြီးသရေကျနေရင်တော့ ပယ်နယ်လ်တီကန်သွင်းပြီးတော့ အဆုံးအဖြတ်ယူကြရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG