သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA ပွဲစဉ်မှာ တောင်အမေရိကအသင်းကို ပထမဆုံးနိုင်တဲ့ အာရှအသင်း ဂျပန် ခြေစွမ်း


ဇွန်လ၁၉ရက်နေ့တုန်းက ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေမှာ ဂျပန်အသင်းက ကိုလံဘီယာအသင်းကို ၂ဂိုး၁ဂိုး နဲ့အနိုင်ရလိုက်တာကြောင့် ဘောလုံးလောကမှာ တအံ့တသြဖြစ်ခဲ့ရပါတယ်။ ဂျပန်အသင်းရဲ့အရည်အသွေးကိုလည်း ကမ္ဘာက သတိထားမိလိုက်ပါတယ်။ ဂျပန်အသင်း ထိုက်ထိုက်တန်တန်နဲ့ အနိုင်ရလိုက်တာလို့ မြန်မာ့လက်ရွေးစဉ် ဘောလုံးသမားဟောင်း တဦးကပြောပါတယ်။ ဂျပန်နိုင်ငံမှာလည်း မနေ့ညက ဘောလုံးပရိတ်သတ်တွေအကြီး အကျယ် ပျော်ရွှင်ပြီး အောင်ပွဲခံခဲ့ကြတဲ့အကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

ဂျပန်နဲ့ကိုလံဘီယာကစားကြမယ့်ပွဲကို အများစုခန့်မှန်းကြတာက ကိုလံဘီယာနိုင်မယ်၊ မနိုင်ရင်တောင် သရေကျမယ်လို့ တွက်ခဲ့ကြတာပါ။ ဂျပန်အသင်းက အာရှအသင်းတွေထဲမှာ ထိပ်တန်းအသင်းတခုဖြစ်တယ်ဆိုပေမဲ့ Fifa ကမ္ဘာ့ဘော်လုံး အဖွဲ့ချုပ်ရဲ့ အဆင့်သတ်မှတ်ချက်တွေအရ ကိုလံဘီယာက အဆင့် ၁၆ ဂျပန်က အဆင့် ၆၁မှာရှိနေတာပါ။ ဒါကြောင့် လည်း ၂ဂိုး၁ဂိုးနဲ့ ဂျပန်အသင်းအနိုင်ရလိုက်လို့ ကမ္ဘာ့ဘောလုံးပရိတ်သတ်အတွက် တအံ့တ သြဖြစ်စေခဲ့တာပါ။

ဂျပန်မြို့ကြီးတွေက လူစည်ကားတဲ့ နေရာတွေမှာ ကမ္ဘာ့ဖလားဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်ချက်ကို စုဝေးပြီး အားပေးနေခဲ့ကြတာပါ။ ကိုလံဘီယာအသင်းက ဂျပန်အသင်း ကို လျှော့တွက်ခဲ့ပုံရတယ်လို့ အမေရိ ကန်ပြည်ထောင်စု မေရီလန်းပြည်နယ်က မြန်မာ့ လက်ရွေးစဉ်ဘောလုံသမား ဟောင်း ကိုရင်ထွေးကယူဆပါတယ်။

"ကိုလံဘီယာအသင်းကိုကြည့်မယ်ဆိုရင် ကွင်းထဲဝင်လာတဲ့အချိန် အားလုံးက လွတ်လွတ်လပ်လပ် မြူးကြွနေတယ် သူ့တိုသဘောကတော့ ဒီဂျပန်အသင်း၊ အာရှအသင်းကို ဘယ်အချိန်ကစားစား နိုင်လို့ရတယ် စိတ်ကြီးဝင်နေတာ၊ ကျနော့်အမြင်ကို ပြောပြတာနော်။ ဒါပေမယ့် ဘော်လုံးပွဲကစားတဲ့အခါမှာ ကြည့်လိုက်တာကတော့ ဂျပန်အသင်းက ဖွင့်ကစားတယ်၊ စည်းစည်းလုံးလုံးကစားတယ်၊ နောက်ပြီး လူငယ်တွေအများစုကို ဖွဲ့စည်းထားတဲ့အသင်း ဒါပေမယ့် မထင်မှတ်ပဲ ဘာဖြစ်သွားလဲဆိုတော့Penalty ပေးလိုက်ရတယ်။ ကျနော့်အမြင်ကတော့ Penalty ပေးရင် အဝါကဒ်ပဲပေးမယ်ထင်တာ ၊ ဒါပေမယ့် အနီကဒ်ပေါ့နော် ဒါကတော့ မဖြစ်သင့်ဘူးလို့ထင်တာ ။ ပထမဦးဆုံးပွဲမှာ Warning ပေးတဲ့အနေနဲ့ အဝါကဒ်ပဲပေးရင်ရပါတယ်။ ဒါပေမယ့် ဒိုင်စည်းကမ်းအရ ပြန်ကြည့်မယ်ဆိုရင် ဘောလုံးကို လက်နဲ့လည်းထိတယ်၊ ဂျပန်ရှေ့တန်းလူကိုလည်း လက်နဲ့ ကာထားတဲ့အတွက် ဒိုင်လူကြီးကလည်း တချိန်တည်းမှာ ဆုံးဖြတ်ရတဲ့အတွက် ချက်ချင်းဆုံးဖြတ်လိုက်တယ်။ အာရှအသင်း စပြီးတော့ နိုင်တဲ့အတွက်ကြောင့် ကျနော်တို့လည်း အာရှလူမျိုးဆိုတော့ နည်းနည်းတော့ ဂုဏ်ယူတာပေါ့နော်။

မေး။ ။ဆိုတော့ ဒီပွဲမှာ ဂျပန်က ထိုက်ထိုက်တန်တန် နဲ့ နိုင်ခဲ့တာလား။ ကံကောင်းလို့ နိုင်ခဲ့တာလား။

ဖြေ။ ။ သူ့ဘက်ကလည်း သွင်းမယ်၊ ကိုယ့်ဘက်ကလည်းသွင်းမယ်ဆိုရင် ဂျပန်က အများဆုံး ၃-၄ ဂိုးလောက်ရနိုင်တယ်။ ကိုလံဘီယာလည်း ဒီလိုပဲ အများဆုံး ၃ ဂိုးလောက်တော့ရနိုင်တယ်။ ဒါပေမယ့် ဂိုးသမားကာတာနဲ့ နောက်တန်းက ဖြတ်ထုတ်တာနဲ့ ဂိုးလွဲချော်တာတွေနဲ့တော့ ဂျပန်က ဒီပွဲကတော့ ထိုက်ထိုက်တန်တန် နဲ့ နိုင်တဲ့ပွဲလို့ သတ်မှတ်ရမှာပေါ့နော်

မေး။ ။ကိုလံဘီယာအသင်းက ဂျပန်နဲ့ ယှဉ်မယ်ဆိုရင် သူတို့ခြေက အတွေ့အကြံရော အစဉ်အလာရော ရှိခဲ့တဲ့အသင်းက ဘယ်လိုဖြစ်တာလဲ ဒီတခေါက်။

ဖြေ။ ။ ကိုလံဘီယာအသင်းလည်းကြိုးစားတယ်။ ဒါပေမယ့် ဘော်လုံးကန်လွဲတာတို့၊ ဂျပန်နောက်တန်းရဲ့ ဖြတ်ထုတ်တာတို့ ဂိုးသမား ကာတာတွေ ကောင်းတဲ့အခါကျတော့ သူတို့ ထင်သလောက်မပေါက်ခဲ့ဘူး။ သူတို့ထင်ထားခဲ့တဲ့ တရေးနိုးပြီးထကစားရင် နိုင်မယ်ဆိုတဲ့အသင်းကို ရှုံးသွားတဲ့အတွက် သင်ခန်းစာတခုတော့ရသွားမယ်။

မေး။ ။ကိုရင်ထွေးအနေနဲ့ ဘယ်လိုခန့်မှန်းသလဲ ဂျပန်အသင်းရဲ့ အလားအလာ။

ဖြေ။ ။ အာရှဘော်လုံးသမားတွေရဲ့ အရပ်အမောင်း ၊ ကိုယ်လုံး ၊ ကြိုးစားမှုတွေက ဒီ European အသင်းတွေနဲ့ ယှဉ်လိုက်ရင် တော်တော်ကြီးကို ကွာတာတွေ့ရတယ်။ ကျနော်တို့ အာရှဘော်လုံးသမားတွေက ပုပုလေးတွေ ၊ အခုဂျပန်မှာလည်းကြည့်လို့ ပုပုညှက်ညှက်ကလေးတွေ ဒါပေမယ့် ကြိုးစားပြီးတော့ ကန်တာတွေ့ရတယ်။ ဒါပေမယ့် European အသင်းတွေနဲ့ တောင်အမေရိကလိုအသင်းတွေ နဲ့ တွေ့ရင်တော့ ကြိုးစားရင် ကြိုးစားသလောက်တော့ ဖြစ်လာမှာပေါ့နော်။ ဒါပေမယ့် အများဆုံးမျှော်လင့်လို့ရတာကတော့ ဒုတိယအဆင့်အထိလောက်ပဲ မျှော်လင့်ရပါတယ်ခင်ဗျ။"

အုပ်စု Hက ဂျပန်အသင်းနဲ့ ဆီနီဂဲလ်အသင်းတို့ ဇွန်လ ၂၄ရက်နေ့ကျရင် ကစားဖို့ရှိ ပါတယ်။ ဆီနီဂဲလ်အသင်းဟာ အာဖရိကအသင်းတွေထဲမှာ ထိပ်တန်းအသင်းတခုဖြစ်တာ ကြောင့် ဒီပွဲကလည်း ကြည့်ကောင်းမယ့်ပွဲတခုလို့ ခန့်မှန်းရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG