ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေအခြေအနေတွ ကျဆင်းလာတယ်လို့ အစိုးရတွေနဲ့ ဖွဲ့စည်းထားတဲ့ စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။
မဲပေးသူအရေအတွက် နည်းလာတာနဲ့ ရွေးကောက်ပွဲရလဒ်တွေအပေါ် အငြင်းပွားမှုတွေကြောင့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှုတွေ ကျဆင်းလာစေပြီး ၂၀၂၃ ခုနှစ်ဟာ ဒီမိုကရေစီစနစ် ၈ နှစ်မြောက် ဆက်တိုက် ကျဆင်းလာတဲ့နှစ်ဖြစ်ပြီး မှတ်တမ်း စတင်ကောက်ယူတဲ့ ၁၉၇၅ ခုနှစ်နောက်ပိုင်း ကာလအရှည်ကြာဆုံး ကျဆင်းမှုဖြစ်တယ်လို့ ဆွီဒင်နိုင်ငံ၊ Stockholm မြို့အခြေစိုက် နိုင်ငံတကာ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ အကူအညီပေးရေးအဖွဲ့ (IDEA) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ကိုယ်စားပြုမှု၊ အခွင့်အရေး၊ တရားဥပဒေစိုးမိုးမှုနဲ့ ဝင်ရောက် ပါဝင်မှု စတဲ့အချက်တွေအပါအဝင် ဒီမိုရေစီစနစ် တိုးတက်မှုနဲ့ ဆုတ်ယုတ်ကျဆင်းမှုနဲ့ ပတ်သက်လို့ အခြေခံအချက် ၁၀၀ အပေါ်မူတည်ပြီး စစ်တမ်းကောက်ယူခဲ့တာပါ။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ၂၀၀၈ ခုနှစ်မှာ မဲပေးသူအတွက် ၆၅% ကျော် ရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာတော့ ၅၅% ကျော်ကို ကျဆင်းသွားခဲ့ပြီး ၂၀၂၀ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အကြား ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေရဲ့ ၂၀% နီးပါးမှာ ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း၊ ဒါမှဟုတ် ပါတီဘက်က ရလဒ်ကို လက်မခံ ပယ်ချခဲ့တယ်လို့ ဖော်ပြပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အခြေအနေ အတိုင်းအတာတခုအထိ ပြန်ပြီးတိုးတက်လာတယ်လို့ ဆိုလို့ရနိုင်ပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သမ္မတဟောင်း Donald Trump ကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည်မှု ဖြစ်ခဲ့တာကြောင့် အန္တရာယ်တော့ ရှိနေဆဲဘဲလို့ နိုင်ငံတကာ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ အကူအညီပေးရေးအဖွဲ့ IDEA က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Forum