သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာတလွှား အကူအညီပေးရေး ဝန်ထမ်းတွေ သေဆုံးမှုအတွက် ကုလရှုတ်ချ


ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် World Central Kitchen အကူအညီပေးရေးအဖွဲ့မှ အလုပ်သမား ၇ ဦး သေဆုံးခဲ့ (ဧပြီ ၂၊ ၂၀၂၄)
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် World Central Kitchen အကူအညီပေးရေးအဖွဲ့မှ အလုပ်သမား ၇ ဦး သေဆုံးခဲ့ (ဧပြီ ၂၊ ၂၀၂၄)

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ပြီးခဲ့တဲ့နှစ်ထဲ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်း စုစုပေါင်း ၂၈၀ ဦး စံချိန်တင် သေဆုံးခဲ့တဲ့အထိ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတာဟာ လက်ခံနိုင်စရာ မရှိကြောင်းကုလသမဂ္ဂက ဒီနေ့ပဲ ရှုတ်ချလိုက်ပါတယ်။

ဂါဇာမှာဖြစ်နေတဲ့ အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲကြောင့်ဒီနှစ်အတွင်း သေဆုံးမှုပိုတိုးလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အကူအညီပေးရေးဝန်ထမ်းတွေအပေါ် အကြမ်းဖက်တာဟာ လုပ်ရိုးလုပ်စဉ်တခုလိုဖြစ်လာနေတာ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိတာတွေဟာ အသိဉာဏ်ကင်းမဲ့လွန်းတဲ့ လုပ်ရပ်ဖြစ်ပြီး ဒီလုပ်ရပ်တွေကြောင့် အကူအညီပေးရေး လုပ်ငန်းတွေဟာ နေရာတိုင်းမှာ အန္တရာယ်ဖြစ်စေတယ်လို့ လည်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ယာယီ ညွှန်ကြားရေးမှူး Joyce Msuya က ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လူသားချင်း စာနာထောက်ထားမှုနေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

၂၀၂၂ ခုနှစ်က အကူအညီပေးရေး လုပ်သား ၁၁၈ ဦး သေဆုံးခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၂၈၀ အထိသေဆုံးခဲ့ ရတာ ဖြစ်တဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၁၃၇ ရာခိုင်နှုန်း တိုးလာတယ်လို့ UNOCHA ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၃ ခုနှစ်မှာ သေဆုံးခဲ့ရတာရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ လူပေါင်း ၁၆၃ ဦးဟာ ဂါဇာမှာ သေဆုံးခဲ့ရတဲ့ အကူအညီပေးရေးလုပ်သားတွေဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အများဆုံး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

တောင်ဆူဒန်မှာ ၃၄ ဦး၊ ဆူဒန်မှာ ၂၅ ဦး၊ အစ္စရေးနဲ့ ဆီးရီးယားတို့မှာ ၇ ဦးစီ၊ အီသီယိုပီးယားနဲ့ ယူကရိန်းမှာ ၆ ဦးစီ၊ ဆိုမာလီယာမှာ ၅ ဦး၊ မြန်မာနဲ့ ကွန်ဂိုနိုင်ငံတွေမှာ ၄ ဦးစီသေဆုံးခဲ့ရတာဖြစ်ပြီး၊ ပဋိပက္ခဖြစ်တဲ့နေရာမှာ သေဆုံးခဲ့ရတဲ့သူတွေ အားလုံးဟာ ဒေသခံ ဝန်ထမ်းတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့ကို ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့အဖြစ် နှစ်စဉ်ကျင်းပလေ့ရှိပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကတော့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို အဆုံးသတ်ရေး၊ အကူအညီပေးရေး လုပ်သားတွေကို ကာကွယ်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG