အစ္စရေးက ထိုးစစ်ဆင်နေတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဒေသခံတွေဟာ ဗုံးကြဲခံထားရတဲ့ အဆောက် အအုံပျက်တွေ၊ ဒါမှမဟုတ် ဧရာမ အပျက်အစီး အမှိုက်ပုံကြီးတွေရဲ့ ဘေးက ယာယီ တဲစခန်းတွေမှာသာ နေထိုင်နေရကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောပြီး ပိတ်ဆို့ ဝန်းရံခံထားရတဲ့ အဲဒီ ဒေသမှာ အခြေအနေတွေက လက်သင့်မခံဖွယ် အနေအထား ဖြစ်နေတယ်လို့ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
ဂါဇာ အလယ်ပိုင်းမှာ ရောက်နေတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေကို ပံ့ပိုးပေးနေတဲ့ ကုလသမဂ္ဂအေဂျင်စီ UNRWA က ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး Louise Wateridge က သောကြာနေ့က ဂျီနီဗာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို အင်တာနက် ဗွီဒီယိုက တဆင့် တက်ရောက်ခဲ့ပြီး ဂါဇာက အလွန်ဆိုးရွားနေတဲ့ နေထိုင်မှုအခြေအနေတွေကို ထောက်ပြခဲ့ကာ “ဒါဟာ လုံးဝကို သည်းခံနိုင်ဖွယ် အခြေအနေမဟုတ်ဘူး” လို့ သတိပေးပါတယ်။
ဂါဇာထဲကို လောင်စာဆီတွေ ဘေးကင်းကင်းနဲ့ တင်သွင်း ပို့ဆောင်နိုင်ဖို့လည်း သူက တောင်းဆိုခဲ့ပြီး လောင်စာဆီ မရှိရင် အကူအညီပေးရေး လုပ်ငန်းစဥ်တွေ တကယ့်ကို ထိခိုက် ရပ်တန့်နေရကြာင်း Wateridge က ပြောပါတယ်။ "လက်ရှိမှာကို အဆိုးဆုံးဖြစ်နေပြီး လာမယ့်ရက်တွေမှာ ဒီထက်ပို ဆိုးရွားသွားဖို့ပဲ ရှိတယ် ဆိုတာ သံသယဖြစ်စရာ မရှိဘူး" လို့ သူက ဆိုပါတယ်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲ ၉ လ လနီးပါးကြာ အချိန်အတွင်းမှာ ဂါဇာကမ်းမြောင်ဟာ ပျက်စီးသွားခဲ့ရပြီးဖြစ်ကြောင်း ပြောပါတယ်။
သူ ဂါဇာအလယ်ပိုင်းက ခန်းယူနစ် (Khan Yunis) မြို့ကို ပြန်ရောက်သွားချိန်မှာ အဆောက်အအုံး အားလုံး ပြိုကျ ပျက်စီးနေတာကို တွေ့မြင်ရပြီး အဲဒီ အပျက်အစီးကြားမှာ လူတွေက နေထိုင်နေရတယ်လို့ သူ့ရဲ့ မျက်မြင် အခြေအနေကို Wateridge က ရှင်းပြပါတယ်။ "အဲဒီမှာ ရေနဲ့ မိလ္လာစနစ် မရှိသလို စားစရာလည်း မရှိဘူးလို့ သူက ပြောပါတယ်။
တပြိုင်တည်းမှာပဲ အစ္စရေးတပ်တွေ ဂါဇာ တောင်ပိုင်း အီဂျစ်နယ်စပ်က ရာဖာဂိတ်ကို မေလအစောပိုင်း သိမ်းပိုက်ပြီး နယ်စပ်ဖြတ်ကျော်မှုကို ပိတ်ထားခဲ့ပြီးနောက်ပိုင်း ဂါဇာကနေ အိမ်နီးချင်း အီဂျစ်နိုင်ငံကို ပထမဆုံး ဆေးဘက်ဆိုင်ရာ ရွှေ့ပြောင်းမှုတွေကို ကြာသပတေးနေ့မှာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်မှာ လူနာ ၁၀,၀၀၀ ဝန်းကျင်ဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ အထူး လိုအပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း သတိပေးထားတာဖြစ်ပါတယ်။
Forum