သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခတွင်း အရပ်သားသေဆုံးမှုများ ကုလ ဝေဖန်ရှုတ်ချ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၊ လက်ထောက်ပြောခွင့်ရသူ Farhan Haq
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၊ လက်ထောက်ပြောခွင့်ရသူ Farhan Haq

မြန်မာနိုင်ငံမှာ လတ်တလောသီတင်းပတ်တွေအတွင်း အကြမ်းဖက်မှုတွေတိုးလာပြီး အရပ်သားအများအပြား သေဆုံးခဲ့ရတဲ့အေပေါ် ကုလသမဂ္ဂက အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။

ရခိုင်ပြည်နယ်မောင်တောနဲ့ ရှမ်းပြည်နယ်လားရှိုးတို့မှာ ပေါ်ပေါက်နေတဲ့တိုက်ပွဲတွေကနေတိမ်းရှောင်ဖို့ ကြိုးပမ်းကြတဲ့အရပ်သားတွေ သတ်ဖြတ်ခံနေကြရတယ်ဆိုတဲ့ စိုးရိမ်စရာသတင်းတွေကြားနေရပြီး ဒီဖြစ်ရပ်တွေဟာ ပြင်းထန်လာတဲ့ပဋိပက္ခတွေကြား စိုးရိမ်စရာအလွန်ကောင်းတဲ့အခြေအနေတရပ်ဖြစ်သလို သန်းနဲ့ချီတဲ့ပြည်သူတွေက စစ်ပွဲကြားကမြေဇာပင်ဖြစ်ကြရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၊ လက်ထောက်ပြောခွင့်ရသူ Farhan Haq က နေ့စဥ်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ရမယ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေကို ပဋိပက္ခမှာပါဝင်ပတ်သက်သူ အားလုံးလေးစားလိုက်နာကြဖို့လည်း ကုလက တိုက်တွန်းသွားပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေကို ဘေးကင်းစွာပေးပို့နိုင်အောင် အရေးတကြီး ခွင့်ပြုပေးသင့်တယ်လို့လည်း ပြောခွင့်ရသူက တိုက်တွန်းတောင်းဆိုသွားတာပါ။

မြန်မာနိုင်ငံတွင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် အခြေအနေတွေပိုမိုဆိုးရွားလာနေတဲ့အတွက် ကလေးငယ် ၆ သန်းအပါအဝင် လူသားချင်းစာနာမှုအကူအညီလိုအပ်သူ ၁၈.၆ သန်းရှိနေတယ်လို့လည်း ပြောခွင့်ရသူ Farhan Haq ကနေ့စဥ်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။​ အကူအညီတွေ အဲဒီလောက်ထိ လိုအပ်နေ ပေမယ့် ၂၀၂၄ လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်နဲ့ တုံ့ပြန်ရေးစီမံချက်အတွက် လိုအပ်နေတဲ့ရံပုံငွေ ဒေါ်လာ ၉၉၄ သန်းမှာ ၂၁၄ သန်းသာရရှိထားတယ်လို့လည်း ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG