သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဲ့အကြမ်းဖက်မှုများ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များ ကန့်ကွက်ရှုတ်ချ


အရပ်သားတွေအပေါ် ပုံစံမျိုးစုံနဲ့ အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက အပြင်းအထန် ကန့်ကွက်လိုက်ပြီး မြန်မာ့အရေး အာဆီယံနဲ့ ကုလသမဂ္ဂကြား ပူးပေါင်းဆောင်ရွက်ဖို့ အထူးသံတမန်တွေ ခန့်အပ်ရေးကိစ္စကိုလည်း တိုက်တွန်းလိုက်ပါတယ်။ မအင်ကြင်းနိုင်က တင်ပြမှာပါ။

စစ်ကောင်စီရဲ့အကြမ်းဖက်မှုများ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များ ကန့်ကွက်ရှုတ်ချ

အရပ်သားတွေအပေါ် ပုံစံမျိုးစုံနဲ့ အကြမ်းဖက် တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက တနင်္လာနေ့မှာ အပြင်းအထန် ကန့်ကွက်လိုက်ပြီး မြန်မာ့အရေး အာဆီယံနဲ့ ကုလသမဂ္ဂကြား ပူးပေါင်းဆောင်ရွက်ဖို့ အထူးသံတမန်တွေ ခန့်အပ်ရေးကိစ္စကိုလည်း တိုက်တွန်းလိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၅ ရက် တနင်္လာနေ့က လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က တင်ပြမှာပါ။

--------------------

နယူးရောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲကို တနင်္လာနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီက ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံနဲ့ လက်ရှိ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ Guyana နိုင်ငံကနေ ကမကထ ပြုလုပ်ခဲ့ကြတာပါ။ အစည်းအဝေးမှာ အလှည့်ကျ အာဆီယံဥက္ကဌဖြစ်တဲ့ လာအိုနိုင်ငံရဲ့ အထူးသံတမန် Alounkeo Kittikhoun က မြန်မာအရေး ဖြေရှင်းဆောင်ရွက်မယ့် အာဆီယံအစီအစဉ်တွေကို တင်ပြဖို့ရှိနေပြီး ကုလသမဂ္ဂရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ပတ်သက်လို့ ကုလ လက်ထောက်အတွင်းရေးမှူးချုပ် Khiari က အစီရင်ခံမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က တံခါးပိတ် အစည်းအဝေးမတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

ဒါအပြင် မြန်မာစစ်တပ်ကနေ အရပ်သားပြည်သူတွေ ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက် ေနတာကို အပြင်းအထန်ကန့်ကွက်ထားတဲ့ ဗြိတိန်အပါအဝင် အီကွေဒေါ၊ ပြင်သစ်၊ ဂျပန်၊ မော်လတာ၊ တောင်ကိုရီးယား၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်ကိုလည်း သံအမတ်ကြီး Woodward က အခုလို ပြောကြားခဲ့ပါတယ်။

" မြန်မာ စစ်တပ်ဟာ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့တာ အခု ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုရင် သုံးနှစ်ပြည့်ခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့အခြေအနေ ဆိုးရွားနေဆဲပါ။ စစ်တပ်ကနေ အရပ်သားတွေကို ခွဲခြားမှုမရှိပဲ လေကြောင်းကနေ ဆက်ပြီး ဗုံးကြဲ အကြမ်းဖက် တိုက်ခိုက်နေတဲ့လုပ်ရပ်ကို ကျမတို့ အပြင်းအထန် ရှုတ်ချပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေအပေါ် ထိခိုက်နစ်နာမှုတွေ ရှိနေတာပါ။ ဒါ့အပြင် အာဆီယံက မြန်မာစစ်တပ်ကို တောင်းဆိုထားတဲ့အတိုင်း အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို ချက်ခြင်းရပ်တန့်ဖို့ဆိုတဲ့ အချက်ကို ကျမတို့လည်း ထောက်ခံပါတယ်။"

ဒါ့အပြင် လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ မှာပါတဲ့ အချက်တွေကို လိုက်နာဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံရဲ့ ကြေညာချက်မှာ စစ်ကောင်စီကို တိုက်တွန်းထားကြောင်း သံအမတ်ကြီး Woodward ကပြောပါတယ်။

"ပုံစံမျိုးနဲ့ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်ဖို့၊ တင်းမာမှုတွေကို လျော့ချပြီး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ စတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ မှာ ပါတဲ့ တောင်းဆိုချက်တွေကို လိုက်နာဖို့ စစ်ကောင်စီကို ထပ်ပြီး တိုက်တွန်းပါတယ်။ နောက်ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့လည်း စစ်ကောင်စီကို တိုက်တွန်းပါတယ်။"

မြန်မာ့အကျပ်အတည်းဖြေရှင်းရာမှာ အာဆီယံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို လုံခြုံရေးကောင်စီက ထောက်ခံထားတဲ့အချက်ကို အဲဒီကြေညာချက်မှာ ထပ်လောင်း ထောက်ခံထားပြီး အာဆီယံရဲ့ ဘုံသတောတူညီချက်ငါးရပ်ကို အကောင်အထည်ဖေါ်ပါမယ်လို့ ကတိပေးထားတဲ့ စစ်ကောင်စီအနေနဲ့ ကတိအတိုင်းလုပ်ဖို့ တိုက်တွန်းထားပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂကြား အနီးကပ် ညှိနှိုင်းဆောင်ရွက်ရေးမှူး တဦးနဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်အပ်ဖို့ကိစ္စကို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ တိုက်တွန်းထားကြောင်းလည်း သံအမတ်ကြီး Woodward က အခုလိုပြောသွားပါတယ်။

"အာဆီယံနဲ့ ကုလသမဂ္ဂကြား နီးကပ်စွာ အချိန်နဲ့တပြေးညီ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးတဦးနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်တဦး ခန့်အပ်ဖို့ ကျမတို့ မျှော်လင့်ထားပါတယ်။"

မနေ့က ပြုလုပ်တဲ့ လုံခြုံရေးကောင်စီက မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲဟာ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေပဲဖြစ်ပေမယ့် အစည်းအဝေးမတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေး ထိရောက်အောင်ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အပေါ်မှာ အခုလို ဝေဖန်ထောက်ပြခဲ့ပါတယ်။

" မြန်မာ့အရေး ဆုံးဖြတ်ချက်ကို စစ်ကောင်စီ လိုက်နာအကောင်အထည်ဖေါ်ဖို့ အခုချိန်ထိ လုံခြုံရေးကောင်စီက ဖိအားပေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို မဖြစ်မနေ လိုက်နာဖို့ဆိုရင် အရေးယူမှုတွေပါတဲ့ ဆုံးဖြတ်ချက်မျိုး လုံခြုံရေးကောင်စီအ ေနနဲ့ ချမှတ်ဖို့ လိုအပ်ပါတယ်။ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို စစ်တပ်က ဆက်ပြီး အသုံးပြုနေပါတယ်။"

တနင်္လာနေ့က လုံခြုံရေးကောင်စီအစည်းအဝေးပြုလုပ်မှာကို သိနေတဲ့ စစ်ကောင်စီဟာ အရေးမစိုက်ဘူးဆိုတာကို ပြသဖို့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ကလေးစာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေ သေဆုံးခဲ့ရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေဘက်က နယ်မြေတွေ သိမ်းပိုက်လာနိုင်တဲ့အခြေအနေဟာ သာလွန်နေပြီး စစ်ကောင်စီဘက်က ကျရှုံးနေကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။ လက်ရှိတော်လှန်ရေးဟာ ပြည်သူတွေပေါ်မှာပဲ အခြေခံတာဖြစ်ပေမယ့် လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပူးပေါင်းထောက်ခံမှု လိုအပ်နေကြောင်း အခုလို တိုက်တွန်းသွားပါတယ်။

" ဒါကြောင့် ကျနော် ဒီနေရာမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ထပ်ပြီး မေတ္တာရပ်ခံလိုပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်တွေကို အချိန်မီ ကယ်ဆယ်ဖို့ မဖြစ်မနေ လိုက်နာရမယ်ဆိုတဲ့ နောက်ဆက်တွဲ မြန်မာ့အရေးဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီကနေ ချမှတ်ပေးဖို့ ကျနော်တောင်းဆိုပါတယ်။"

လုံံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးတံခါးပိတ် အစည်းအဝေးမတိုင်ခင် အဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၉ နိုင်ငံရဲ့ မြန်မာ့အရေးပူးတွဲကြေညာချက် ထွက်လာတာကိုကြည့်ရင် တံခါးပိတ်အစည်းအဝေးကနေ လုံခြုံရေးကောင်စီဥက္ကဌရဲ့ကြေညာချက်ထွက်ပေါ်လာနိုင်ခြေ နည်းနေကြောင်း ကုလသမဂ္ဂနဲ့နီးစပ်သူတွေက ဗွီအိုအေကိုပြောပါတယ်။ တဖက်မှာလည်း ကုလသမဂ္ဂမှာ ပါလက်စတိုင်းနဲ့ အစ္စရေးအပါအဝင် အခြားနိုင်ငံတကာ ပဋိပက္ခတွေအရေး လွှမ်းမိုးနေချိန် အခုလို မြန်မာကိစ္စကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံရဲ့ကြေညာချက်မှာ- ရခိုင်ပြည်နယ်တွင်း ပဋိပက္ခအခြေအနေတွေ ဆိုးရွားနေတဲ့အပေါ်မှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စိုးရိမ်နေပြီး ရိုဟင်ဂျာတွေရဲ့အခြေအနေ တိုးတက်လာခြင်း မရှိဘူးလို့လည်း ဖေါ်ပြထားပါတယ်။

ဒါအပြင် စစ်အာဏာသိမ်းခဲ့တဲ့ သုံးနှစ်အတွင်း လူပေါင်း ၁၈ သန်းကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး ၂.၆ သန်းဟာ ကိုယ့်နေရပ် အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေသူတွေဆီ အတားအဆီးမရှိ ရောက်ရှိရေး လုံခြုံရေးကောင်စီက တောင်းဆိုထားတာကိုလည်း ကြေညာချက်မှာ ထပ်မံ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG