သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာနိုင်ငံတွင်းဥပဒေမဲ့လုပ်ရပ်များ ဒေသတွင်းထိခိုက်”ကုလ အထူးကိုယ်စားလှယ်


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews

မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ တရားဥပဒေပြင်ပလုပ်ရပ်တွေဒဏ်က ဒေသတွင်းကို ထိခိုက်နေပြီး ပြဿနာ ဖြစ်စေတယ်” လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။

“မြန်မာနိုင်ငံ နယ်စပ်မှာ အခြေချပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ အွန်လိုင်း လိမ်လည် လှည့်ဖြားတဲ့ ဆိုက်ဘာရာဇဝတ်မှုတွေဟာ မြန်မာပြည်သူလူထုအတွက် အဓိက ထိခိုက်စေတာအပြင် ဒီလို တရားဥပဒေမဲ့လုပ်ရပ်တွေက တရုတ်နိုင်ငံအပါအဝင် ဒေသတခုလုံးအတွက်ပါ ပြဿနာဖြစ်နေတယ်” လို့ ကုလ အထူးကိုယ်စားလှယ်က ပြောသွားတာပါ။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကိုလည်း အစိုးရအဖြစ်အသိအမှတ်မပြုဖို့ နိုင်ငံတကာကို သူက တိုက်တွန်းပါတယ်။ စစ်ကောင်စီဟာ ရာဇဝတ် လူဆိုးဂိုဏ်းသဖွယ် ပြုမူနေပြီး တိုင်းပြည်ကို အတင်းအဓမ္မ ဓားစာခံလုပ် သိမ်းပိုက်ထားတယ်လို့လည်း ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ လူထုအပေါ် တိုက်ခိုက်တာအပါအဝင် တရားမဲ့မှုတွေ၊ ဥပဒေပြင်ပအလုပ်တွေ ဆက်ဖြစ်နေတာက စိုးရိမ်စရာအခြေအနေဖြစ်ပြီး ဒါဟာ မြန်မာပြည်သူတွေသာမက မြန်မာနယ်စပ်တလျှောက် နေထိုင်ကြသူတွေကို ထိခိုက်တယ်လို့လည်း တွမ်အင်ဒရူးက သတိပေးပါတယ်။ ဆိုက်ဘာ ရာဇဝတ်မှုတွေမှာဆိုရင် မြန်မာပြည်တွင်းက သန်းနဲ့ချီတဲလူတွေထဲမှာသာမက အခု နယ်စပ်ကလူတွေပါ ဒုက္ခရောက် ထိခိုက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

လိမ်လည်လှည့်ဖြားခံရတဲ့ သားကောင်တွေထဲမှာ တရုတ်နိုင်ငံသား အများအပြား ပါသလို ဒီ ရာဇဝတ်လုပ်ငန်းတွေထဲမှာလည်း လူအမြောက်အမြား အတင်းအကျပ် ခိုင်းစေ ခံနေရတယ်လို့ သူက ထောက်ပြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံထဲက ဥပဒေမဲ့လုပ်ရပ်တွေက နယ်စပ်ဒေသနဲ့ ဒေသကြီးတခုလုံးကို ထိခိုက်နေတာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဗွီအိုအေကို ပြောပါတယ်။

မြန်မာ အာဏာသိမ်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းတွေနှိမ်နင်းရေးမှာ တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ပါဝင်သူတွေကို တရုတ်တာဝန်ရှိသူတွေကို ပြန်လည် လွှဲပြောင်းပေးနေကြောင်း ဗွီအိုအေကို ဖြေထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG