သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေညီလာခံ တတိယကော်မတီ မြန်မာ့အရေးဆွေးနွေး


Tom Andrews (ဗဟို) IMM အကြီးအကဲ Nicholas Koumjian (ထက်/ဝဲ)၊ ဦးကျော်မိုးထွန်း (ထက်/ယာ) အရှေ့အလယ်ပိုင်း၊ အာရှနဲ့ ပစိဖိတ်ဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Khaled KHIARI နဲ့ ဦးနေတင်မြင့်
Tom Andrews (ဗဟို) IMM အကြီးအကဲ Nicholas Koumjian (ထက်/ဝဲ)၊ ဦးကျော်မိုးထွန်း (ထက်/ယာ) အရှေ့အလယ်ပိုင်း၊ အာရှနဲ့ ပစိဖိတ်ဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Khaled KHIARI နဲ့ ဦးနေတင်မြင့်

အစ္စရေး-ဟားမတ်စ် စစ်ပွဲအရှိန်လွှမ်းမိုးနေချိန် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တနင်္လာနေ့က မြန်မာနိုင်ငံဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွေကို ကုလသမဂ္ဂတာဝန်ရှိသူတွေ တချိန်တည်း တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲရဲ့ ထူးခြားချက်တွေ ဘာတွေလဲ၊ မြန်မာ့အရေး ကုလသမဂ္ဂရဲ့ဆောင်ရွက်ချက်အပေါ် မျှော်လင့်ချက် စတာတွေကို မအင်ကြင်းနိုင်က ကောက်နုတ်စုစည်းတင်ပြထားပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ တနင်္လာနေ့က နှစ်နာရီနီးပါးပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲဟာ ထူးခြားတယ်လို့ ပြောရမှာပါ။ အခုကျင်းပနေတဲ့ (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီက ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတားရက်စ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတင်သွင်းမှုအပါအဝင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၊ နောက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM အကြီးအကဲတွေ အားလုံးပူးပေါင်းပြီး အစီရင်ခံစာတွေကို တချိန်တည်း အသီးသီး တင်ပြခဲ့ကြတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အရင်က အချိန်သီးခြားစီခွဲပြီး သီးခြားအစီအစဉ်တွေမှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လောက်ထိ ဆိုးရွားနေသလဲဆိုတာ ကုလသမဂ္ဂတာဝန်ရှိသူတွေက တညီတညာတည်း တချိန်တည်း မီးမှောင်ထိုးပြခဲ့ကြတယ်လို့ ပြောရမှာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့လူ့အခွင့်အရေးအခြေအနေအစီရင်ခံစာကို နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဌာန DPPA က အရှေ့အလယ်ပိုင်း၊ အာရှနဲ့ ပစိဖိတ်ဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Khaled KHIARI က အခုလို တင်ပြသွားပါတယ်။

“အစီရင်ခံစာအသေးစိတ်ဖေါ်ပြထားချက်တွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအခြေအနေတွေဟာ ဆက်လက်ဆိုးရွားနေပြီး ဒေသတွင်း သက်ရောက်မှုတွေ အများအပြားရှိနေပါတယ်။ နှစ်ရှည်လာပြီဖြစ်တဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ သဘာဝဘေးဒဏ်ကြောင့် ဖြစ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေကြောင့် လူမှုအသိုင်းအဝိုင်းတွေဟာ အခက်အခဲတွေပိုမိုရင်ဆိုင်နေရသလို ပြည်တွင်းနဲ့ ပြည်ပမှာ လူတွေကို ရွှေ့ပြောင်းစေတဲ့အခြေအနေတွေ ဆက်ပြီး ဖြစ်စေခဲ့ပါတယ်။”

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ မြင့်မားလာနေပြီး မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ သူတို့မှာ သက်သေအထောက်အထားတွေရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM အကြီးအကဲ Nicholas Koumjian က အခုလိုပြောသွားပါတယ်။

"အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတဲ့ သက်သေအထောက်အထားတွေ အများအပြားရခဲ့ပါတယ်။ အဲဒီထဲမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ ရွာတွေကို ရည်ရွက်ချက်ရှိရှိ မီးရှို့ဖျက်စီးတာတွေ၊ လေကြောင်းကနေတိုက်ခိုက်တာ၊ ခွဲခြားမှုမရှိဘဲ လက်နက်အမြောက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပါဝင်ပါတယ်။"

IIMM အဖွဲ့က စုဆောင်းထားတဲ့ သက်သေ အထောက်အထားတွေဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်အပေါ် သက်ဆိုင်ရာ နိုင်ငံတကာ တရားရုံးတွေစွဲဆိုထားတဲ့ အမှုတွေ မှာ တင်ပြနိုင်ဖို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က လည်း မြန်မာပြည်သူတွေအပေါ် နေ့စဉ် အကြမ်းဖက်ဖိနှိပ်နေတဲ့ စစ်ကောင်စီကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ စုပေါင်းအားနဲ့ တညီတညွတ်တည်း အရေးယူဖို့ အချိန်တန်ပြီလို့ အခုလို တိုက်တွန်းသွားပါတယ်။

“ စစ်ကောင်စီကို အားနည်းအောင် လုပ်ဆောင်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အားကောင်းစေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ အချိန်ရောက်နေပါပြီ။ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လူသန်းပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ခြိမ်းခြောက်နေပြီး ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေပါတယ်။ ဒီအခြေအနေကို ပြဿနာပေါင်းမျိုးစုံဝိုင်းရံနေတဲ့ ကမ္ဘာကြီးအနေနဲ့ လျစ်လျူပြုမထားသင့်ပါဘူး။"

NUG အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုထားတဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ကိုယ်စားလှယ်အဖြစ် တုံ့ပြန်ဆွေးနွေးသွားတာတွေ့ရပါတယ်။

"စစ်တပ် က စီမံကျင်းပမည့် ရွေးကောက်ပွဲများအား နိုင်ငံရေး ထွက်ပေါက် တစ်ခုအဖြစ် မျှော်လင့်နေသူများသည် လက်တွေ့နှင့် ကင်းကွာနေသည်ဟုပင် ဆိုရမည် ဖြစ်ကြောင်း၊ စစ်တပ်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်ရန် ရည်ရွယ်ချက် မရှိပါဘူး။"

တဘက်မှာလည်း ကုလသမဂ္ဂမှာ အစ္စရေး-ဟားမတ်စ် စစ်ပွဲ အရှိန်လွှမ်းမိုးနေတဲ့အတွက် မြန်မာ့အရေး ကုလသမဂ္ဂအနေနဲ့ လက်တွေ့မှာ ထိရောက်အောင် ဆောင်ရွက်ဖို့ရှိမရှိဆိုတဲ့ မေးခွန်းကိုတော့ နယူးယောက်မြို့ မြန်မာလူမှုအဖွဲ့အစည်း NYCBC ဥက္ကဋ္ဌ ကိုနေတင်မြင့်က အခုလို ဗွီအိုအေကို ပြောပါတယ်။

“ကုလသမဂ္ဂရဲ့အခြေအနေကို ကြည့်မယ်ဆိုရင်တော့ ကမ္ဘာ့အခင်းအကျင်းမှာပေါ့လေ-ယူကရိန်း-ရုရှားကိစ္စကလည်း ဖြစ်လာသလို အစ္စရေး-ဟားမတ်စ်ကိစ္စကလည်း top issue မှာဖြစ်လာတယ်။ မြန်မာနိုင်ငံအရေးကိစ္စက ဒီ သုံးနှစ်တာကာလမှာပေါ့၊ တဖြည်းဖြည်းနဲ့ မှေးမှိန်လာတာ တွေ့ရတယ်။ အဲဒီအတွက် ကျနော်တို့က နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ နိုင်ငံတကာအစိုးရတွေကိုရော၊ ကုလသမဂ္ဂသံအမတ်တွေကိုရော ပြောချင်တာက ကျနော်တို့မြန်မာနိုင်ငံအရေးကိစ္စကလည်း ယူကရန်း-ရုရှားကဲ့သို့၊ အစ္စရေး-ဟားမတ်စ်ကဲ့သို့ပင် အရမ်းအရေးကြီးပါတယ်။ နိစ္စဓူဝ စစ်အကြမ်းဖက်အုပ်စုရဲ့ မတရားသတ်ဖြတ်မှု၊ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာက ဒုနဲ့ဒေး ပါပဲ။ အဲဒီဟာကို လျစ်လျူမရှုဘဲနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့အတွက်၊ စစ်အာဏာရှင်ကို ဖယ်ရှားဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကူညီပံ့ပိုးပေးကြပါ။”

နှစ်နာရီကြာမြင့်တဲ့ ဆွေးနွေးပွဲအတွင်း အမေရိကန်၊ ဗြိတိန်၊ စတဲ့ အနောက်အင်အားကြီးနိုင်ငံတွေအပါအဝင် တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အတော်များများကလည်း သူတို့ အစိုးရတွေရဲ့ ရပ်တည်ချက်တွေကို တင်ပြခဲ့ကြပါတယ်။ ထူးခြားချက်က အရင်လို မြန်မာ့အရေး ကုလသမဂ္ဂတာဝန်ရှိသူတွေဘက်က တင်ပြတဲ့ အစီရင်ခံစာတွေကို ကန့်ကွက်တာမျိုးတွေမရှိခဲ့ပဲ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အတွက် တိုက်တွန်းပြောဆိုသွားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG