သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒုက္ခသည်များ ပြန်သွားနိုင်မည့် အခြေအနေ မြန်မာနိုင်ငံမှာ မရှိသေး


ကချင် ဒုက္ခသည်များ

ဒုက္ခသည်တွေ ငြိမ်းချမ်းလုံခြုံစွာနဲ့ ပြန်လည်အခြေချနိုင်တဲ့ အခြေအနေမျိုး မြန်မာနိုင်ငံမှာ မရှိသေးဘူးလို့ အမေရိကန် ရောက် ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောကြားလိုက်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာကျရောက်တဲ့ World Refugee Day ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ပြောကြားလိုက်ပြီး၊ နိုင်ငံတကာရောက် မြန်မာဒုက္ခသည်အချင်းချင်း ကြားမှာတော့ တဦးကိုတဦး ကူညီရိုင်းပင်းကြကြောင်း ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

နှစ်စဉ် ဇွန်လ ၂၀ ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် အသိအမှတ်ပြုကျင်းပကြဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆုံးဖြတ် သတ်မှတ်လာခဲ့တာ အခုဆိုရင် အနှစ်၂၀ နီးပါး ရှိလာခဲ့ပါပြီ။

ဒီနှစ်မှာကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားတရပ်ကို အမေရိကန်ရောက် မြန်မာဒုက္ခသည်တွေ စုပေါင်းပြီး အင်ဒီယားနား ပြည်နယ် Indianapolis မြို့တော်မှာ BACI (Burmese American Community Institute) မြန်မာအမေရိကန် လူမှုအဖွဲ့အစည်းနဲ့ Indianapolis Parks Foundation တို့ ပူးပေါင်းကျင်းပခဲ့ကြောင်း BACI ရဲ့ ဒါရိုက်တာတဦးဖြစ်တဲ့ ကိုလျန်ဆန်း Lian Sang က ပြောပါတယ်။

"ကျနော်တို့က အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ကို ကူညီပေးခဲ့တဲ့ အဖွဲ့အစည်းတွေဖြစ်စေ၊ နိုင်ငံတွေဖြစ်စေ၊ မြို့တွေဖြစ်စေပေါ့နော်။ သူတို့တွေကို ကျေးဇူးတင်ရှိမှုကို ဖော်ပြချင်တယ်။ တခြားနိုင်ငံတွေ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ မြန်မာပြည်က ညီအကိုမောင်နှမတွေဖြစ်စေ သူတို့တွေရဲ့ လွတ်လပ်ရေးအတွက်၊ ပြီးတော့ ဒီအနာဂတ်အတွက် ခွန်အားရှိမှုကို လေးစားတဲ့၊ အသိအမှတ်ပြုတဲ့အနေနဲ့ပေါ့နော်... အဲ့ဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ ဒီ celebration ကို လုပ်ဖြစ်တာ ဖြစ်တယ်။"

အင်ဒီယားနားပြည်နယ်မှာ ဒုက္ခသည်များနေ့ ကျင်းပလာတာ အခုဆို ရှစ်ကြိမ်မြောက် ရှိလာခဲ့ပြီး ဒီအခမ်းအနားဟာ ဒုက္ခသည်တွေ ဘဝ လွတ်မြောက်ရေး အတွက်သာမက တကမ္ဘာလုံးမှာရှိတဲ့ ဘဝတူ ဒုက္ခသည်တွေနဲ့ တသားထဲ ရှိတယ်ဆိုတာကို ပြသချင်တာကြောင့် ဖြစ်တယ်လို့ BACI အဖွဲ့ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်နဲ့ အာဏာရှင်ကြီးစိုးတဲ့ လက်ထက်တုန်းက တိုင်းရင်းသား ဒေသတွေမှာဖြစ်တဲ့ စစ်ရေးပဋိပက္ခတွေကြောင့်ရော၊ ပြည်သူတွေဟာ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်၊ ဘာသာရေး လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို အာဏာပိုင်တွေ ဖိနှိပ်ခဲ့တာကြောင့်ပါ နယ်စပ်ဒေသကို ထွက်ပြေးရင်း တတိယနိုင်ငံတွေမှာ ဒုက္ခသည်တွေအဖြစ် ခိုလှုံလာကြတယ်လို့ ဒုက္ခသည်အဖွဲ့အစည်းတွေက ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံမှာ အခုချိန်ထိ ဒုက္ခသည်တွေ ငြိမ်းချမ်းလုံခြုံစွာနဲ့ ပြန်လည်အခြေချနိုင်တဲ့ အခြေအနေမျိုး မရှိသေးဘူးလို့ အမေရိကန်အခြေစိုက် ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ BACI အဖွဲ့ကပြောပါတယ်။ BACI ဒါရိုက်တာ ကိုလျန်ဆန်းက ခုလိုရှင်းပြပါတယ်။

"အဓိကကတော့ ဒီကလူတွေများသောအားဖြင့်ကတော့ မြန်မာနိုင်ငံကို အကုန်လုံးလွမ်းကြတယ်၊ သတိရကြတယ်လေ။ အဲ့ဒီမှာ ကျနော်တို့ ဒုက္ခသည်အနေနဲ့ အဲ့လို မြန်မာမှာ ပြန်ဝင်နိုင်ဖို့တော့ အဲဒီမြန်မာပြည်ရဲ့ အခြေအနေပေါ့နော်.... မြန်မာပြည်မှာ ဒီပြည်သူ့အာဏာ၊ ဒီပြည်သူ့ရဲ့အသံ ပြီးတော့ ဘာသာမရွေး၊ လူမျိုးမရွေးပေါ့နော်... တိုးတက်မှု နည်းလမ်းလေးတွေ စစ်ဌာနတို့ဘာတို့တွေ ရှုပ်ရှက်တာတွေ ခုဖြစ်နေတာတွေ။ အခုဆိုလို့ရှိရင် ငြိမ်းချမ်းရေးစာချုပ်ကလည်း အပြည့်အစုံကြီး မရှိသေးဘူးလေ။ ပြီးတော့ ပစ်ခတ်မှုတွေလည်း ရှိနေသေးတယ် လုံခြုံရေးပါပဲ အဲ့ဒီမှာလေ။ လုံခြုံငြိမ်းချမ်းရှိမယ်ဆိုရင် ဒီကလူတွေလည်း ပြန်မယ့်လူတွေ ရှိမယ်လို့ အဲလို့ထင်တယ်။"

မြန်မာဒုက္ခသည်တွေဟာ သူတို့ကိုလက်ခံတဲ့ အမေရိကန်အပါအဝင် အခြားနိုင်ငံကြီးတွေမှာ အခြေချနေထိုင်ခွင့် ရလာပေမယ့် အခက်အခဲ မျိုးစုံကို ရင်ဆိုင်ခဲ့ရပြီး နောင်မှာ မြန်မာဒုက္ခသည်အချင်းချင်းကြား ရိုင်းပင်းကူညီမှုတွေ လုပ်သွားမယ်လို့ ထိုင်းမြန်မာနယ်စပ်ကတဆင့် အမေရိကန်ကို ရောက်လာတဲ့ ကရင်နီဒုက္ခသည် အမျိုးသမီးငယ် မမဲ့ဘဲယား Meber ကပြောပါတယ်။

"ကျမတို့ကတော့ refugee camp မှာ Thailand Border မှာ နေကြတယ်ပေါ့။ အဲ့ဒီကနေပြီးတော့မှ အမေရိကားကိုသွားတယ်။ အခက်အခဲကတော့ အများကြီးပေါ့။ အဲ့ဒီအချိန်မှာတော့ သမီးကလည်း သူငယ်ချင်းလည်း မရှိသေးဘူးလေ။ English မတတ်တော့ အခက်အခဲ အများကြီးရှိတာပေါ့။ ဘယ်လိုနေထိုင်ရမှာ မသိဘူး။ အဲ့လိုမျိုးလည်း ဖြစ်နေတယ်လေ။ ပြီးတော့ အိမ်မှာဆိုလည်း ကြိုးစားတာပေါ့။ ကျောင်းမှာဆိုရင် စာတွေဆိုရင် အရမ်းကြိုးစားရတယ်။ ဒီလိုမျိုးလေ အိမ်မှာဆိုလည်း မိဘက သိပ်မသိဘူး အဲ့လိုမျိုး။ အလုပ်ဆိုဘယ်လိုရှာရမလဲ၊ အကူအညီတွေ ဘယ်မှာသွားရှာရမလဲ။ အကုန်လုံးလုပ်ပေးရတာပေါ့။ အခု College တော့ တက်ခွင့်ရတယ်ဆိုတော့ အရမ်းပျော်တယ်ပေါ့။ အခုတော့ Community ကို Research လုပ်နေတာပေါ့။ အဲ့ဒီကနေပြီးမှ တနေ့ ကိုယ့်အတွေ့အကြုံကို သူများဘယ်လို ကူညီနိုင်မလဲပေါ့။ ပြန်ပေးချင်တယ် အဲ့လိုမျိုးပေါ့နော်။"

ကမ္ဘာတဝှမ်း ပဋိပက္ခတွေကြောင့် ဒုက္ခသည်ဖြစ်လာရသူ ၇၁ သန်းဝန်းကျင်ရှိပြီး အမေရိကန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် အခြေချခွင့်ရတဲ့ မြန်မာဒုက္ခသည်အရေအတွက်က ၃၀၀,၀၀၀ ဝန်းကျင်ရှိပါတယ်။ အဲဒီအထဲမှာ ကရင်ဒုက္ခသည်က ၇၀,၀၀၀ ချင်းဒုက္ခသည် ၆၀,၀၀၀ လောက်နဲ့ အခြား တိုင်းရင်းသားတွေ ပါဝင်တာပါ။ BACI အဖွဲ့ဟာ အမေရိကန်ရောက် ဒုက္ခသည်တွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး လူမှုရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း နည်းပညာတွေကိုပါ ပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းဖြစ်ကာ ဒုက္ခသည်ပေါင်း ၈,၀၀၀ လောက်ကို အကူအညီပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG