ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ရဲ့ နေရပ်ရင်း၊ ဒါမှမဟုတ် သူတို့ သွားလိုတဲ့ နေရာကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာနဲ့ သူတို့ရဲ့ သဘောဆန္ဒနဲ့အညီ ပြန်ပို့နိုင်ရေးအတွက် UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ထောက်ခံကြောင်းနဲ့ အဲဒီ ရည်မှန်းချက်ပြည့်မှီရေးအတွက် သက်ဆိုင်သူတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၁၁ ရက်၊ တနင်္ဂနွေနေ့ က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စဟာ သူတို့ တဦးချင်းစီရဲ့ ဆန္ဒနဲ့အညီ လွတ်လပ်ပြီး တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံကြောင်းနဲ့ သူတို့ ပြန်ကြမယ့် မူလနေရပ်နဲ့ဆိုင်တဲ့ အခြေအနေတွေအပေါ် မူတည်ပြီး သူတို့အနေနဲ့ ပြန်လိုတဲ့ဆန္ဒရှိကြောင်း အနှောင်အဖွဲ့ကင်းစွာ ပြောဆိုကြမှသာ နေရပ်ပြန်တဲ့လုပ်ငန်းစဉ်ကို စတင်သင့်ကြောင်းလည်း UNHCR ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို သတင်းအချက်အလက်တွေ ရရှိနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာတွေအနေနဲ့ မြန်မာနိုင်ငံထဲက အခြေအနေတွေကို သူတို့ကိုယ်တိုင် သွားကြည့်ဖို့ လိုအပ်တယ်လို့လည်း UNHCR က ပြောပါတယ်။ မြန်မာအစိုးရ စစ်ဆေးပြီးဖြစ်တဲ့ ဒုက္ခသည်တွေအနေနဲ့ သူတို့နေရပ်အသီးသီးကို ပြန်ကြတဲ့အခါ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မှုရှိမရှိ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချရေးအတွက် သူတို့ပြန်မယ့် ဒေသတွေကို အရင်သွားကြည့်နိုင်ဖို့ မြန်မာအစိုးရအနေနဲ့ ခွဲခြား ဆက်ဆံမှုမရှိဘဲ ခွင့်ပြုသင့်တယ်လို့ ဒုက္ခသည်များ နေရပ်ပြန်ရေးနဲ့ဆိုင်တဲ့ ကုလသမဂ္ဂရဲ့ သဘောထား အသေးစိတ်ကို တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Schraner Burgener ဟာလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေနေကို ဆန်းစစ်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို မြန်မာအစိုးရက လက်မခံပေမယ့် အဲဒီလူတွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်နေတာ ဖြစ်ပြီး အခုသီတင်းပတ်အတွင်း တနေ့ကို ဒုက္ခသည် ၁၅၀ လောက် ၁၀ ရက်ကျော်ကြာကာလအတွင်း စုစုပေါင်း ဒုက္ခသည် ၂,၀၀၀ ကို ပထမအသုတ်အဖြစ်နဲ့ စတင် လက်ခံတောမှာဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက တနင်္ဂနွေနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။