သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်အရေး နောက်တဆင့်ကူညီပံ့ပိုးရေး ကုလမဟာမင်းကြီးနိုးဆော်


 ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi

ရခိုင် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေ ဆောင်ရွက်ခဲ့ပြီး၊ အခု အချိန်မှာတော့ နောက်တဆင့်တိုးပြီး ကြားကာလ အစီအမံအတွက် ကူညီထောက်ပံ့ရင်းနှီးမှုတွေ လိုအပ်နေပြီလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ပြောလိုက်ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရနဲ့သဘောတူထားတဲ့အတိုင်း ကနဦးအဆင့် လေ့လာဆန်းစစ်မှုတွေလုပ်နေပြီး၊ မကြာခင် ဒုတိယအဆင့်ကို စရတော့မယ်လို့လည်း မြန်မာအစိုးရကို သတိပေးသွားပါတယ်။ ဒီအကြောင်းတွေကိုတော့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

ကမ္ဘာအဝှမ်းမှာရှိတဲ့ ဒုက္ခသည်အကြပ်အတည်းတွေအတွက် အဖြေထုတ်ရာမှာ နိုင်ငံတွေအားလုံးပူးပေါင်းဆောင်ရွက်ကြဖို့နဲ့၊ လူသားချင်းစာနာကူညီရေး ပူးပေါင်းဆောင်ရွက်မှုတွေက ဒုက္ခသည်တွေအတွက် ထိရောက်တဲ့ အကူအညီဖြစ်စေတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က UNHCR ရဲ့ နှစ်ပတ်လည် အမှုဆောင်အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောဆိုသွားတာပါ။ လူသားတွေရဲ့ အသက်ကို ကယ်တင်ဖို့ လူသားချင်းစာနာကူညီရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှုဟာ ဘယ်လောက်အရေးပါလဲဆိုတာကို ရိုဟင်ဂျာဒုက္ခသည်အကြပ်အတည်းဖြစ်ရပ်က ပြခဲ့တယ်လို့လည်း ကုလ မဟာမင်းကြီးက ဥပမာပေး ထောက်ပြသွားပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေရ်ှနိုင်ငံဖက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ၇ သိန်းနီးပါးကို ဒေသခံတွေအကူအညီ နိုင်ငံတကာရဲ့အကူအညီနဲ့ ကုလသမဂ္ဂဟာ အရေးပေါ် တုံ့ပြန်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

“ ဒုက္ခသည်တွေ အလုံးအရင်းလိုက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲကို မနှစ်က ပြေးဝင်ခဲ့တာကြောင့် UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးကနေ အရေးပေါ် တုံ့ပြန်ကိုင်တွယ် ကူညီရေးတွေ ဆောင်ရွက်ခဲ့ရတယ်။ ပြောလို့တောင်မရတဲ့ ခက်ခဲမှုတွေ စိတ်ဒဏ်ရာဒဏ်ချက်တွေ ရလာခဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ၊ လူတယောက်အဖြစ် အနိမ့်ဆုံးလိုအပ်ချက်တွေတောင် မရတဲ့ အဖြစ် ကြုံခဲ့ရပါတယ်။ ဒေသခံတွေဟာ စာနာဂရုဏာစိတ်အပြည့်နဲ့ ဒီ ဒုက္ခသည်တွေကို ကနဦး အကူအညီတွေ ပေးခဲ့ကြပါတယ်။ မုတ်သုံရာသီဝင်လာတာနဲ့အတူ ဘင်္ဂလာဒေ့ရ်ှအစိုးရအနေနဲ့ လူသားချင်းစာနာကူညီမှုအဖွဲ့တွေ ပြည်တွင်းပြည်ပ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ဒုက္ခသည်တွေ ကိုယ်တိုင်နဲ့အတူ အရေးပေါ် ပြင်ဆင်ဆောင်ရွက်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ အတော်လေး အောင်မြင်မှုရှိတယ်လို့ ဆိုရမှာပါ။ အမိုးအကာတွေ ဖြစ်လာတယ်၊ တံတားတွေ ဆောက်တယ်၊ ပြင်တယ်၊ ထောင်နဲ့ချီလူတွေကို ရွေ့ပြောင်းနေရာချထားပေးခဲ့တယ်။ အခုလို ကြီးမားတဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် အကူအညီတွေ အတော့်ကိုလိုအပ်နေတဲ့ အခြေအနေအပေါ်၊ ကျနော်တို့ စုစည်းပြီး ဆောင်ရွက်နိုင်ခဲ့တယ်။”

တချိန်တည်းမှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ လက်မှတ်ထိုးပြီး၊ ဒုတိယအဆင့်ကို ဆောင်ရွက်ရတော့မယ့် အနေအထားရောက်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီ ပြဿနာရဲ့အဖြေကိုထုတ်ပေးရမယ့်သူကတော့ မြန်မာအစိုးရအပေါ် တည်တယ်လို့ ကုလမဟာမင်းကြီးက ပြောပါတယ်။

“ဒီ ရိုဟင်ဂျာအကြပ်အတည်းနဲ့ပတ်သက်လို့ အဖြေကတော့ မြန်မာအပေါ် တည်နေပါတယ်။ လူမျိုးရေး ဘာသာရေးခွဲခြားဆက်ဆံတာ၊ နိုင်ငံသားရပိုင်ခွင့်ငြင်းပယ်ခံရတာနဲ့ အခြားဖွံဖြိုးရေးနိမ့်ပါးမှုတွေဟာ အဓိက အကြောင်းရင်းတွေဖြစ်ပြီး ဒါကို ကိုင်တွယ်ဖြေရှင်းရပါမယ်။ မြန်မာအစိုးရမှာ ဒါ တာဝန်ရှိပါတယ်။ ဒီ အစိုးရလုပ်ငန်းတွေကို အကူအညီပေးဖို့ UNDP နဲ့ အတူ ကျနော်တို့ဟာ မြန်မာအစိုးရနဲ့ MOU သဘောတူညီချက် လက်မှတ်ထိုးထားပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ ဆန်းစစ်မှုတွေ စလုပ်နေပါပြီ၊ ဒါပေမယ့် သွားလာရေးက အကန့်အသတ်ရှိနေတုန်း နှေးကွေးနေတုန်းပါပဲ။ ဒုတိယအဆင့်ကို အလျင်အမြန် စတင်ရပါတော့မယ်။ အစိုးရအနေနဲ့ ဂတိကဝတ်တွေအပေါ် လိုအပ်တဲ့အပြောင်းအလဲတွေ လုပ်ပြဖို့ လိုပါတယ်။ ဒါမှသာ ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာနဲ့ပြန်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုရစေမှာပါ။”

ဒုက္ခသည်တွေ နေရပ်ပြန်ရေးမစခင် ကြားကာလအဖြစ်နဲ့တော့ ဘင်္ဂလားဒေ့ရ်ှမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရော ဒေသခံ လူမှုအသိုက်အဝိုင်းကိုပါ အခြေခံဖွံဖြိုးမှုတွေဖြစ်စေမယ့် စီးပွားရေးအခွင့်အလမ်းအပါအဝင် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ကုလမဟာမင်းကြီးက အဖွဲ့ဝင်နိုင်ငံတွေကို သတိပေးပါတယ်။ ဒီအတွက် ကမ္ဘာဘဏ်နဲ့ အာရှဖွံဖြိုးရေးဘဏ်တို့ရဲ့ အကူအညီတွေကို ကျေးဇူးတင်ကြောင်းပြောပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေကို အကူအညီပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရ်ှဒေသခံတွေလိုမျိုး ဒုက္ခသည်တွေကို လက်ခံကူညီသူတွေရဲ့ အခန်းကဏ္ဍအရေးပါတာကိုလည်း ထည့်သွင်းပြောသွားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ကျန်ရှိတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့လည်း သူတို့ကို ဒေသတွင်း လွတ်လပ်စွာသွားလာခွင့်ပေးဖို့ တိုက်တွန်းသွားပါတယ်။ နိုင်ငံတကာက ရိုဟင်ဂျာလို့ သုံးနေပေမယ့် မြန်မာအစိုးရကတော့ သူတို့ကို ရခိုင်ပြည်နယ်တွင်းက မွတ်ဆလင်တွေလို့ပဲ သုံးပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေအနေနဲ့ ရခိုင်ပြည်နယ်တွင်းမှာကျန်နေတဲ့ ဒီမွတ်ဆလင်တွေ လုံခြုံရေးနဲ့ စားဝတ်နေထိုင်ရေးအတွက် အကူအညီတွေ ပေးထားတယ်လို့ လည်း ဆိုပါတယ်။ ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်တဲ့အပိုင်းမှာ ကုလသမဂ္ဂ ကနဦးဆန်းစစ်လေ့လာရေးအဖွဲ့လေးတွေအနေနဲ့ ဒေသတွင်း သွားလာရေး အကန့်အသတ်တွေရှိနေတယ်လို့ ကုလ မဟာမင်းကြီးက ပြောပေမယ့်၊ မြန်မာအစိုးရကတော့ ဒီအဖွဲ့တွေကို လွတ်လွတ်လပ်လပ်ဆောင်ရွက်ခွင့်ပေးထားတယ်လို့ တုံ့ပြန်ထားပါတယ်။

အောက်တိုဘာ ၁ ရက်နေ့က ၅ ရက်နေ့အထိ ကျင်းပမယ့် UNHCR နှစ်ပတ်လည်အမှုဆောင်အစည်းအဝေးကို မြန်မာဖက်ကတော့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တတ်ရောက်မယ်လို့သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG