သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရပံ့ပိုးမှု ဆရာ ဆရာမများ တောင်းဆို


ဓာတ်ပုံ - UNESCO
ဓာတ်ပုံ - UNESCO

မြန်မာ့ပညာရေး တိုးတက်ကောင်းမွန်ဖို့ဆိုရင် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့ ဆရာ ဆရာမတွေ စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လုပ်ငန်းခွင်လုံခြုံမှုတွေကို အစိုးရဘက်က စနစ်တကျ ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်က ကမ္ဘာ့ဆရာများနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဆရာ ဆရာမတွေရဲ့ သင်ကြားမှုစွမ်းရည် မြှင့်တင်ပေးဖို့ အပါအဝင် မြန်မာ့ပညာရေးအခန်းကဏ္ဍ တိုးတက်မြင့်မားလာစေရေး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း အကြံပြုကြပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့ကတော့ ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပညာရေးအဆင့်မြင့် တိုးတက်ကောင်းမွန်လာဖို့ဆိုရင် အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့ ဆရာ ဆရာမတွေရဲ့ ပညာသင်ကြားမှု စွမ်းဆောင်ရည် မြင့်မားလာစေဖို့အတွက် ဆရာ ဆရာမ တဦးချင်းဆီမှာ တာဝန်ရှိသလို အစိုးရ၊ ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်က ကမ္ဘာ့ဆရာများနေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာ့ပညာရေးအခန်းကဏ္ဍ တိုးတက်မြင့်မားလာစေရေး မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေနဲ့ ဆောင်ရွက်သင့်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသုတက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီ ဆရာ ဆရာမတွေရဲ့ အရည်အသွေးကတော့ နံပါတ်တစ် ဆရာ ဆရာမတွေကိုယ်တိုင် တည်ဆောက်ဖို့လိုသလို ကျနော်တို့ ဆရာအဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနက ဆောင်ရွက်ဖို့လိုတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ တဖက်က ကျနော်တို့ ဆရာ ဆရာမတွေရဲ့ ဆောင်ရွက်ပေးနိုင်စွမ်းကတော့ အတိုင်းအတာတခုပဲ ရတယ်။ ပညာရေးကို စိတ်ဝင်စားတဲ့နိုင်ငံတွေပေါ့၊ အီးယူကနေ အထောက်အပံ့တွေနဲ့ ဆက်လုပ်မယ်ဆိုရင်တော့ ကျနော်တို့ အကုန်လုံး All Inclusive လို့ ဒီနေ့ခေတ်စားနေတဲ့ စကားလုံးပေါ့နော်၊ အဲဒါနဲ့ သွားမှရမှာ။

“ဥပမာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အထူးသဖြင့် အမေရိကန်သံရုံးလိုမျိုး ပညာရေးကို စိတ်ဝင်စားတဲ့နိုင်ငံတွေ အီးယူတို့ကနေ အထောက်အပံ့တွေနဲ့ ဆက်လုပ်မယ်ဆိုရင်တော့ မြန်မာ့ပညာရေးက မကြာမတင်အတွင်းမှာ အရမ်းကောင်းတဲ့ ပညာရေးစနစ်၊ တာဝန်ယူတဲ့ တာဝန်ခံတတ်တဲ့စနစ် ဖြစ်လာမယ်လို့တော့ ကျနေ်ာတို့ ထင်ပါတယ်။ အဲတော့ အမေရိကန်သံရုံးကလည်း ကျနော်တို့ကို ကျယ်ကျယ်ပြန့်ပြန့်၊ အခုဆို အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးလည်း လာတယ်၊ မြန်မာ့ပညာရေးကို အရမ်းကူညီနေတယ်ပေါ့နော်။ အဲဒါကြောင့်မို့ အတိုင်းအတာ တခုထိတော့ ရောက်လာပြီ။ ဒါပေမယ့် နိုင်ငံတကာ အကူအညီ လိုအပ်သလို ကိုယ့်ကိုယ်ကိုယ်လည်း တဦးချင်းစီ ပြင်ဆင်ပြီး ကြိုးစားသွားဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။”

အခြေခံမူလတန်းကြိုကနေတဆင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ အဆင့်မြင့်ပညာရေး သင်တန်းကျောင်းတွေအထိ ပညာသင်ကြားပေးနေတဲ့ ဆရာ ဆရာမတွေအတွက် လုပ်ငန်းခွင်လုံခြုံမှု၊ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် လုံလောက်တဲ့ ဘဝအာမခံချက် ပေးနိုင်တဲ့အထိ ရေရှည်စီမံကိန်းတွေနဲ့ စနစ်တကျ ဆောင်ရွက်ပေးသင့်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသုတက ပြောပါတယ်။

“ကျနော်တို့ အရပ်သားအစိုးရ လက်ထက်မှာကျတော့ နံပါတ်တစ် ကျောင်းသားတွေရဲ့ အရည်အသွေး၊ ဆရာတွေရဲ့ အရည်အသွေး နှစ်ခုလုံး တိုးတက်အောင်လို့ Management ကိုလည်း ပြင်ဖို့လိုတာပေါ့။ အဲတော့ ပညာရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှု အပိုင်းလေးတွေကို ပြင်ပြီးတော့ လုပ်မယ်ပေါ့။ ပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပညာရေးဌာနက ပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်မယ်လို့ ထင်တယ်။ ဒါက တပိုင်းပါခင်ဗျ။ အဲတော့ အစိုးရအနေနဲ့ လစာနဲ့ Safety ပေါ့နော်၊ သူတို့ရဲ့ လုံခြုံမှုဆိုင်ရာပေါ့၊ ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံမှုရှိမယ်၊ ကျန်းမာရေး အသုံးစရိတ်တွေကို အစိုးရ ထောက်ပံ့ပေးတာမျိုး၊ ပြီးတော့ ကျန်းမာရေး အာမခံ ပညာရေးဝန်ထမ်းတွေကို ထားပေးတာမျိုးတွေ လိုသလို တဖက်ကလည်း နေစရာ ထိုင်စရာ ဆရာ ဆရာမတွေရဲ့ဘဝ လုံခြုံရေးအတွက်ပေါ့၊ အညိုရောင်နယ်မြေ စစ်ဖြစ်နေတဲ့ ဧရိယာမှာ သွားရင် လုံခြုံမှုအားနည်းတယ်။ အဲတော့ မလုံခြုံတဲ့အခါ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားမှာတော့ ဆရာ ဆရာမတွေကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးသင့်တယ်။ ဘယ်အဖွဲ့ပဲဖြစ်ဖြစ်ပါ၊ အဲလိုမျိုး လုပ်ပေးမယ်ဆိုရင်တော့ ပညာရေး တိုးတက်မှာပေါ့နော်။”

မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်၊ အိုးဝေပညာဒါန စာသင်ကျောင်းကို ဦးဆောင် ဆောင်ရွက်နေသူ ဗကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ မင်းသွေးသစ်ကလည်း ပညာရေးလောက မြှင့်တင်ရေး ဆရာ ဆရာမတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ဖို့နဲ့ သင်ကြားသင်ယူ လေ့လာနိုင်ရေး အဘက်ဘက်က ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာတော့ ဆရာ ဆရာမတွေရဲ့ အရည်အချင်းပိုင်းဆိုင်ရာ တော်တော်လေး လိုအပ်မှုရှိတယ်။ အရည်အချင်းပိုင်းဆိုင်ရာ ဆိုတဲ့နေရာမှာ အစိုးရက ဖန်တီးပေးသလောက်နဲ့ ခေတ်ကာလ ခေတ်စနစ် ပညာရေးအခြေအနေနဲ့တော့ လက်လှမ်းမီမှာ မဟုတ်သေးဘူး။ ဒါ ဆရာ ဆရာမတွေဘက်က လိုအပ်ချက်အပိုင်းပေါ့။ နောက်တခုက ဆရာ ဆရာမတွေရဲ့ ဘဝလုံခြုံမှုအပိုင်းပေါ့၊ ကိုယ်ရည်ကိုယ်သွေး သူတို့ရဲ့ အရည်အသွေးတွေ တိုးတက်လာရေး အဲဒါ အစိုးရဘက်က စီစဉ်ပေးရမှာပေါ့။ ခေတ်ကာလ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင်။ ဘာကြောင့်လဲဆိုတော့ ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ ဆရာ ဆရာမတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာဖြစ်တယ်။”

ကမ္ဘာ့ဆရာများနေ့ကို အခြေခံနဲ့ အဆင့်မြင့်ပညာရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီက ကြီးမှူးပြီးလည်း ဝိဇ္ဇာခန်းမဆောင်မှာ ကျင်းပပါတယ်။ ရန်ကုန် အမေရိကန်သံရုံးကလည်း ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက် ၃ နှစ်ကနေ ၁၀ နှစ်အတွင်း ငယ်ရွယ်တဲ့ ကလေးသူငယ်လေးတွေကို အင်္ဂလိပ်စာ သင်ကြားပေးရာမှာ အသုံးဝင်မယ့် လက်တွေ့သင်ခန်းစာတွေ သင်ယူနိုင်ရေး အမေရိကန်သံရုံးရဲ့ အွန်လိုင်းအခမဲ့သင်တန်း ဖွင့်လှစ်ပေးမယ့်အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

နှစ်စဉ် အောက်တိုဘာလ ၅ ရက်တိုင်းမှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF တို့က ပူးပေါင်းစီစဉ် ကျင်းပတာ ဖြစ်ပါတယ်။

------------------------------

(Unicode)













တိုက်ရိုက် လင့်ခ်


XS
SM
MD
LG