သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 အောက်မေ့ဖွယ် အခမ်းအနားတွေ အမေရိကန်နိုင်ငံတဝှမ်းကျင်းပ


၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုတွင်း နယူးရောက်ပြည်နယ်၊ Virginia နဲ့ Pennsylvania ပြည်နယ်တွေမျာ လူပေါင်း ၃၀၀၀ လောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွါးခဲ့တာမို့ အခု အင်္ဂါနေ့မှာ ၁၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်တွေကို ကျင်းပခဲ့ကြပါတယ်။

သမ္မတ Donald Trump က Pennsylvania ပြည်နယ် Shanksville မြို့မှာ ကျင်းပတဲ့ 9/11 အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ United လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၉၃ ပျက်ကျခဲ့ပြီး ခရီးသည်နဲ့ လေယာဉ် အမှုထမ်း စုစုပေါင်း ၄၀ သေဆုံးခဲ့ရပါတယ်။ ဒီလေယာဉ် ပျက်မကျခင် လေယာဉ်ပြန်ပေးဆွဲခဲ့တဲ့ အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ဆက်နွယ်နေတဲ့ အကြမ်းဖက် သမားတွေရဲ့ လက်ကနေ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေက လေယာဉ်ကို ပြန်ပြီး ထိန်းချုပ်နိုင်ခဲ့တာပါ။

စက်တင်ဘာလ ၁၁ ရက်မှာ နယူးရောက်၊ Pennsylvania နဲ့ ဝါရှင်တန် ဒီစီက ပင်တာဂွန် စစ်ဌာနချုပ်မှာ ပျက်ကျခဲ့ရတဲ့ လေယာဉ်တွေ ပေါ်မှာ ပါသွားသူတွေရဲ့ မိသားစုဝင် တွေသာမက တနိုင်ငံလုံးကပါ ဝမ်းနည်းပူဆွေးကြရတယ်လို့ သမ္မတ Trump က Pennsylvania က အောက်မေ့ဘွယ် အခမ်းအနားမှာ ပြောပါတယ်။

နိုင်ငံချစ်စိတ်တွေ နိုးကြားစေခဲ့တဲ့နေ့ Patriot Day အဖြစ် သတ်မှတ်ထားတဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ရောက်တိုင်း နှစ်စဉ်ကျင်းပတဲ့ အောက်မေ့ဘွယ် အခမ်းအနားမှာ ဒီလိုဆိုးရွားတဲ့လုပ်ရပ်တွေက အမေရိကန်ပြည်ထောင်စုရဲ့ စိတ်ဓာတ် ဒါမှမဟုတ် လွတ်လပ်မှု အပေါ်ထားတဲ့ ယုံကြည်ချက်တွေကို ပြောင်းမပစ်နိုင်ဘူးလို့ သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။

အကြမ်းဖက်သမားတွေက ခရီးသည်တင်လေယာဉ်တစင်းကို ပြန်ပေးဆွဲပြီး ဝင်တိုက်တာ ခံခဲ့ရတဲ့ ဝါရှင်တန်မြို့ပြင်က ပင်တဂွန် စစ်ဌာနချုပ်က အောက်မေ့ဖွယ်အခမ်းအနား ကျင်းပရာမှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ဒုသမ္မတ Mike Pence နဲ့ ကာကွယ်ရေးဝန်ကြီး Jim Mattis တို့လည်း တက်ရောက်ခဲ့ပါတယ်။ ခရီးသည်တင် လေယာဉ်နှစ်စင်းနဲ့ ဝင်တိုက်လို့ ပြိုကျခဲ့ရတဲ့ နယူးယောက်မြို့က World Trade Center ကမ္ဘာ့ကုန်သွယ်ရေး မိုးမျှော် ညီနောင်တိုက်ကြီးရှိခဲ့တဲ့ Ground Zero အထိမ်းအမှတ် နေရာက အခမ်းအနားကိုတော့ ရာနဲ့ချီတဲ့ ကျန်ရစ်သူမိသားစုဝင်တွေ တက်ရောက်ကြတာ ဖြစ် ပြီး ကွယ်လွန်သူတွေရဲ့ နာမည်တွေကို ရွတ်ဆို ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG