(Zawgyi / Unicode)
ဒုတိယကမ္ဘာစစ်ပွဲမှာ ဂျပန်လက်နက်ချကြောင်း ကြေညာခဲ့တာ ၇၅ နှစ်ပြည့်တဲ့ ဒီနေ့မှာ အတိတ်က ဖြစ်ရပ်တွေအတွက် အင်မတန် နောင်တရမိတယ်လို့ ဂျပန်ဧကရာဇ် Naruhito က ပြောကြားလိုက်ပါတယ်။
တိုကျိုမြို့တော်မှာ ဒီနေ့ပြုလုပ်တဲ့ အထိမ်းအမှတ် အခမ်းအနားမှာ အတိတ်က ဖြစ်ခဲ့တာမျိုးတွေ ထပ်မဖြစ်ဖို့ မျှော်လင့်တယ်လို့ ဧကရာဇ် Naruhito က ပြောသွားပါတယ်။
အတိတ်က ဖြစ်ခဲ့တာတွေကို ပြန်ကြည့်တဲ့အခါ သူ့အနေနဲ့ အင်မတန် နောင်တရတယ်လို့ ခံစားရကြောင်းနဲ့ စစ်ဒဏ်ကို နောင် ဘယ်တော့မှ ထပ်မခံရဖို့ သူ လှိုက်လှိုက်လှဲလှဲ မျှော်လင့်တယ်လို့ ဂျပန်ဧကရာဇ် Naruhito က ပြောကြားသွားတာ ဖြစ်ပါတယ်။ စစ်ပွဲမှာ သေဆုံးခဲ့သူတွေအတွက် စိတ်မကောင်းကြောင်းလည်း ပြောကြားသွားပါတယ်။
ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကလည်း စစ်ကြောင့်ဖြစ်ရတဲ့ ဝမ်းနည်း ကြေကွဲစရာ အဖြစ်မျိုးတွေ နောက်ထပ် မကြုံရအောင် ကာကွယ်သွားမယ်လို့ အခမ်းအနားမှာ ကတိပြုသွားခဲ့ပါတယ်။
တချိန်တည်းမှာပဲ အငြင်းပွားစရာ စစ်ပွဲအထိမ်းအမှတ်နေရာကို ဂျပန် ကက်ဘိနက် ဝန်ကြီးအဖွဲ့ဝင် ၄ ယောက် သွားရောက်ခဲ့ပါတယ်။ စစ်အတွင်း သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်လုပ်ထားတဲ့ နေရာမှာ စစ်ရာဇဝတ်မှု ကျူုးလွန်ခဲ့သူတွေကိုလည်း မြှုပ်နှံထားတဲ့အတွက် အဲဒီနေရာကို အစိုးရအရာရှိတွေ သွားရောက် ဂါရဝပြုတဲ့အပေါ် တရုတ်နဲ့ တောင်ကိုရီးယားတို့က ဝေဖန်ကန့်ကွက်လေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က အဲဒီ အငြင်းပွားစရာ Yasukuni ဗိမာန်ကို သွားရောက်ခြင်း မရှိပါဘူး။
-----------------------------
(Unicode)