သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အချိန်မတန်သေးဟု ကုလကိုယ်စားလှယ်ပြောဆို


 မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟီးလီ တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ (ဖေဖော်ဝါရီ ၁-၂၀၁၈)
မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟီးလီ တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ (ဖေဖော်ဝါရီ ၁-၂၀၁၈)

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အချိန်မတန်သေးဘူးလို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ တိုင်းရင်းသား လူနည်းစုတွေ အပေါ် အာဏာပိုင်တွေရဲ့ အကြမ်းဖက်မှုတွေကလည်း ဆယ်စုနှစ်ပေါင်း များစွာ တည်ရှိနေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့် မရခဲ့တာကြောင့် ဘင်္ဂလားဒေရှ့်နဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက် အချက်အလက် ကောက်ယူခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မြန်မာ့ လူ့အခွင့်အရေး အခြေအနေတွေ့ရှိချက်တွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဒုက္ခသည်တွေနဲ့ တိုင်းရင်း လူနည်းစုတွေ အနေနဲ့ သူတို့ဟာ သူတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြတဲ့ နေရပ်ရင်းတွေကနေ ဖယ်ရှားခံရတယ်လို့ ပြောဆိုကြပြီး အသက်အန္တရာယ် ကိုတောင် စိုးရိမ်နေကြတယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုလိုက်တာပါ။ ဒီကနေ့ တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး အချိန်မတန်သေးဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုလိုက်တာပါ။

"အခုအချိန်မှာ ဌာနေပြန်ဖို့ စောလွန်းပါသေးတယ်။ ဒုက္ခသည်တွေကို အတင်းအကျပ် မြန်မာနိုင်ငံကို အတင်းအကျပ် ပြန်မပို့ဘူးဆိုတာကို ဘင်္ဂလားဒေရှ့် အစိုးရဘက်ကလည်း ကျမကို ရှင်းရှင်းလင်းလင်း ပြောပါတယ်။ ကိုယ့်သဘောဆန္ဒနဲ့ အညီ ဘေးကင်းလုံခြုံမှု ရှိရှိ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဖြစ်ပြီး အမြဲတမ်း အတည်တကျ ဖြစ်သွားစေမယ့် ဌာနေပြန်ရေး ဖြစ်ဖို့ အတွက် လုံခြုံဘေးကင်းမှု အသေအချာ ရှိနေပြီလားဆိုတဲ့ အပေါ်မှာ စိုးရိမ်နေပါတယ်။ မြန်မာနိုင်ငံကို ပြန်နိုင်မယ့် အလားအလာနဲ့ ပတ်သက်လို့ ဒုက္ခသည်တွေနဲ့ ကျမ ပြောဆိုကြည့်တာမှာလည်း စိုးရိမ် ကြောက်ရွံ့မှုတွေ ရှိနေတာကို တွေ့ရပါတယ်။"

ဘက်လိုက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့် မရတော့တဲ့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဘင်္ဂလားဒေရှ့်နဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေ ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့ လူ့အခွင့်အရေး အခြေအနေတွေကို စုစည်းခဲ့တာ ဖြစ်ပါတယ်။ အရပ်သား အစိုးရဟာလည်း အရင် ခေတ်က အတိုင်းဘဲ လူထု အပေါ် ဖိနှိပ်နေဆဲ ဖြစ်တယ်လို့ ယန်ဟီးလီက ထောက်ပြသွားပါတယ်။

"ပြီးခဲ့တဲ့လက မြောက်ဦးမှာ ဆန္ဒပြကြတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင် ၉ ဦး သေဆုံးခဲ့ရတဲ့ အပေါ် အင်မတန်မှ စိတ်မကောင်း ဖြစ်ရသလို ဒဏ်ရာရတဲ့သူတွေကိုလည်း ဆေးရုံပေါ်မှာ လက်ထိပ်ခတ် ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း တွေ့ရပါတယ်။ ဒါဟာ အင်မတန်မှကို ရက်စက်ပြီး ရှက်စရာလည်း ကောင်းလှပါတယ်။ ဒီအစီရင်ခံစာကို ရေးနေတုန်းမှာဘဲ မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း ဟာလည်း လက်တုံ့ပြန်မှုလို့ ယူဆရတဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရတယ်ဆိုတာ သိခဲ့ရပါတယ်။ အကြမ်းဖက်မှုတွေက အကြမ်းဖက်မှုတွေကိုဘဲ ဖြစ်စေတယ်ဆိုတဲ့ ထိတ်လန့်ဖွယ် သတိပေးချက်လည်း ဖြစ်ပါတယ်။"

လူနည်းစု တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကတော့ တန်းတူညီမျှမှု ရှိရေး ဖြစ်ပြီး တသီးပုဂ္ဂလ တန်းတူညီမျှမှုတင် မဟုတ်ဘဲ တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုမှုကိုပါ လိုလားနေကြတယ်လို့လည်း ထောက်ပြပါတယ်။ ရိုဟင်ဂျာ တွေအပေါ် တိုက်ခိုက်မှုတွေ အပြင် ကချင်၊ ကရင်၊ ရှမ်း ၊ ကရင်နီ စတဲ့ တိုင်းရင်းသားတွေ အပေါ် မြန်မာ့တပ်မတော်က ဆယ်စုနှစ်နဲ့ချီ တိုက်ခိုက်နေတာမှာ တချို့ အဖွဲ့တွေ အပေါ် ဒီကနေ့ အထိ တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့လည်း ထောက်ပြသွားတာပါ။ တချိန်တည်းမှာဘဲ ထိုင်းဘက်မှာ ခိုလှုံနေရဆဲ ဖြစ်တဲ့ ဒုက္ခသည်တွေ အတွက် အထောက်အပံ့တွေ မလောက်မင အခြေအနေနဲ့ ဌာနေပြန်ရေး အခက်တွေ့နေရမှုကိုလည်း တင်ပြခဲ့ပါတယ်။

"ကရင် ဒုက္ခသည်တွေ မှီခို ရပ်တည်နေရတဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အထောက် အကူတွေ လျှော့ချခံရကြောင်း ကျမကို ပြောကြသလို ရှမ်း ဒုက္ခသည်တွေကတော့ နိုင်ငံတကာ အလှုရှင်တွေက အကူအညီတွေ ဖြတ်တောက်လိုက်ကြောင်း ပြောကြပါတယ်။ အဲဒီတော့ ဒုက္ခသည်တွေ အနေနဲ့ လုံခြုံရေးကို စိတ်မချဖြစ်နေတဲ့ ကြားကဘဲ နေရပ်ရင်းတွေကို ပြန်ဖို့ တွန်းအားပေးသလိုများ ဖြစ်နေသလားဆိုတာ ဆက်စပ် စဉ်းစားစရာ ဖြစ်ပါတယ်။ သူတို့ အနေနဲ့ ထိုင်းဘက်မှာ စားစရာ မရှိ ဗိုက်ဟောင်းလောင်းနဲ့ နေမလား ၊ နောက်တခါ ဒုက္ခသည် အဖြစ် ပြေးရလွှားရမယ့် အရေးရှိနေပေမယ့်လည်း မငြိမ်းချမ်းသေးတဲ့ မြန်မာဘက်ကို ပြန်မလား ဆိုတာကို ဝေခွဲမရ ဖြစ်နေကြပါတယ်။"

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်မှာတော့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အချိန်မနှောင်ခင်မှာ မြန်မာ အစိုးရကို ဖိအားပေးကြဖို့ကိုလည်း ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်းပါတယ်။

"မြန်မာနိုင်ငံဟာ ကမ္ဘာကို အမှောင်ချနေဆဲ ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ အစိုးရကို ဝေဖန်လိုတဲ့ ဆန္ဒမရှိသလို တွေ့နေရပါတယ်။"

ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးရတဲ့ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး အခြေအနေတွေ အပါအဝင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို ရယူနိုင်ဖို့ အတွက် လွတ်လပ်တဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ကို လက်သင့်ခံဖို့ လိုတယ် လို့လည်း မြန်မာကို တိုက်တွန်းသလို ၊ သူ့ကို ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ မြန်မာ အစိုးရ အနေနဲ့ ပြန်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ရှိနေဆဲ ဖြစ်ကြောင်းလည်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း မြန်မာဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG