သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် စုံစမ်းစစ်ဆေးရေးခရီးစဉ် အဆုံးသတ်


Ms. Yanghee Lee ဖေဖော်ဝါရီလ ၂၁ ၊ ၂၀၁၇ တုန်းက Cox's Bazar ခရိုင်ထဲမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့စဉ်
Ms. Yanghee Lee ဖေဖော်ဝါရီလ ၂၁ ၊ ၂၀၁၇ တုန်းက Cox's Bazar ခရိုင်ထဲမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့စဉ်

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ပါမောက္ခ Yanghee Lee ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာထုတ်ပြန်မယ့်ခရီးစဉ်တွေအဖြစ် Bangladeshကိုသွားရောက်ခဲ့ပြီးတဲ့နောက် ဇန်နဝါရီလ ၂၄ ရက်ကနေ ဒီကနေ့ ၃၀ ရက်နေ့အထိ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး February လ ၁ ရက်နေ့ကျရင် တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပဖို့ရှိပါတယ်။ ပါမောက္ခ Yanghee Lee ဟာBanglades ခရီးစဉ်မှာ နိုင်ငံခရီးစဉ်တုန်းကတော့ Cox's Bazar ခရိုင်ထဲမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့သလို မနေ့ကတော့ ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလူ့အခွင့်အရေးအဖွဲ့တွေ။ ရှမ်းဒုက္ခသည်စခန်းကော်မတီဝင်တွေနဲ့ တေ့ွဆုံခဲ့ပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထား ပါတယ်။

မြန်မာပြည်အတွင်းဝင်ရောက်ဖို့ အစိုးရကနေပိတ်ပင်ခံနေရတဲ့ ကုလသမဂ္ဂလူ့အခွင့်ရေးအထူးကိုယ်စားလှယ် ပါမောက္ခယန်ဟီးလီနဲ့ မနေ့ကတွေ့ဆုံမှုအတွင်း လက်ရှိမြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံနေရဆဲ အခြေအနေကို အစီရင်ခံစာမှာထဲ့သွင်းရေးသားဖို့ တောင်းဆိုခဲ့တယ်လို့ အစည်းဝေးတက်ရာက်တဲ့ ရှမ်းဒုက္ခသည် စခမ်းကော်မီတီတဦးက အခုလို ပြောပါတယ်။

"အခုဗမာပြည်တိုင်းပြည်ထဲမှာဖြစ်နေတဲ့ကိစ္စတွေဘဲနော်။ သူ့ရဲ့နောက်ဆုံး Reportမှာထဲ့ရေးဖို့ ကျွန်တော်ကတောင်းဆို တယ်။ အဲဒီအချက်လေးဘဲကျွန်တော်ပေးနိုင်ပါတယ်။ သူတို့ကပြောတယ် ဒီသတင်းကလုံးဝမပေးထွက်ဘူးပေါ့။"

ရှမ်းလူ့အခွင့်အရေးအဖွဲ့တွေ ရှမ်းဒုက္ခသည်စခန်းကော်မီတီတွေနဲ့ မစ္စယန်ဟီးလီတို့ မနေ့က ထိုင်းနိုင်ငံအတွင်း တွေ့ဆုံ ခဲ့တဲ့အကြောင်းအရာတွေကို သတင်းမထုတ်ပြန်ဖို့ မစ္စယန်ဟီးလီကနေ ပန်ကြားခဲ့တယ်လို့ အဆိုပါဒုက္ခသည် စခန်းကော်မီတီက ဆိုပါ တယ်။

မစ္စယန်ဟီးလီအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးအစီရင်ခံစာအပြီးသတ်ဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ ရှမ်း လူ့အခွင့်အရေးအဖွဲ့တွေ ရှမ်းဒုက္ခသည်စခန်းကော်မီတီတွေနဲ့တွေ့ဆုံခဲ့တဲ့အခြေအနေကိုတော့ ရှမ်းသံတော်ဆင့် အယ်ဒီတာချုပ် စိုင်းမိန်း ကဆိုပါတယ်။

"ရှမ်းလူ့အခွင့်အရေးအဖွဲ့တွေနဲ့တွေ့တယ်။ နောက်ပြီးတော့ဒုက္ခသည်နဲ့ဆိုင်တဲ့ကော်မီတီတွေ တွေ့တယ်။ အဲတာက တော့ ဆွေးနွေးတာထက်ပေါ့နော်။ ရှမ်းအဖွဲ့တွေကလဲ ဒီရှမ်းပြည်ထဲမှာကြုံနေရတဲ့ ပြဿနာ လူ့အခွင့်အရေးချိုးဖေါက် ခံနေရတဲ့ဥပမာ NCAလက်မှတ်မထိုးသေးတဲ့အဖွဲ့တွေရဲ့နယ်မြေမပြောနဲ့ပေါ့ နော်။ အခုအပစ်ရပ်ထားတဲ့RCSS/SSA ထိန်းချုပ်နယ်မြေမှာတောင် RCSSနဲ့ပက်သက်တယ်ဆိုပြီးမှ လူထုကိုဖမ်းဆီးထောင်ချထားတာတွေရှိတယ်။ တပ်ကနေ ပြီးမှ ပစ္စည်းထမ်းခိုင်းတာရှိတယ်။ အဲတာတွေကိုရှမ်းလူ့အဖွဲ့အစည်းတွေကတင်ပြတယ်။ ကျူးလွန်ခံနေရတဲ့လူ့အခွင့် အရေး ချိုးဖေါက်မှုတွေကို ရပ်တန်းကနေရပ်ပေးဖို့ ယန်ဟီးလီးကို သူတို့စာတင်ပြီးတော့မှ တိုက်တွန်းပြောဆိုတယ်လို့ တော့ပြောတယ်။ ယန်ဟီးလီးဘက်ကလဲ သူကနားထောင်ပေးတယ်။ မှတ်တမ်းယူသွားတယ်။ ဒီထိုင်းထဲမှာရောက်နေ တာက ထိုင်းမေတ္တာရပ်ခံချက်နဲ့ သူကသတင်းတွေကို ထုတ်ပြန်လို့မရဘူး။"

ဒါ့အပြင် NCA အပစ်ရပ်လက်မှတ်မထိုးနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့လဲ တွေ့ဆုံခဲ့တယ်လို့ အယ်ဒီတာချုပ်စိုင်းမိန်းကပြောပါတယ်။

"ရှမ်းလူမှုအသင်းအဖွဲ့နဲ့တွေ့ပြီးတော့ လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ဖြစ်တဲ့ KNPP SSPP ပြီးတော့ANCပေါ့။ လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြေအနေပေါ့နော်။"

ပါမောက္ခ ယန်ဟီးလီဟာ မြန်မာနိုင်ငံကို ဒီလထဲမှာ သွားရောက်ရမှာဖြစ်ပေမယ့် မြန်မာအစိုးရက အဝင်မခံတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ခဲ့အပြီး ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပါမောက္ခ ယန်ဟီးလီအနေနဲ့ မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးကျူးလွန်မှုအစီရင်ခံစာကို အပြီးသတ်ရေးပြီးရင် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းမှာ ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်း မြန်မာ့တပ်မတော်ကနေ အရပ်သားတွေအပေါ် ဖမ်းဆီးအရေးယူမှုတွေပြုလုပ်မှုတွေခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ စိုင်းလွန့်သိုင်းက အခုလိုပြောပါတယ်။

"တိုက်ပွဲဖြစ်တဲ့ကြားကာလမှာက ရွာသူရွာသားတွေက လယ်ယာသွားလာရင်းနဲ့မသင်္ကာလို့ပေါ့လေ အစိုးရစစ်တပ်က နေပြီး တော့ ဒီ ဖမ်းဆီးတာတို့ နှိပ်စက်တာတို့ရှိတယ်နော်။ ကျွန်တော်တို့တောင်းဆိုချင်တာကအပြစ်မဲ့ပြည်သူတွေကို အမြန်ဆုံးချက်ချင်းပြန်လွှတ်ပေးဖို့ ဖမ်းဆီးထားတဲ့လူတွေ အခု(၄)ယောက်ရှိတယ်နော်။ သီပေါမြို့နယ် နန့်ယမ်ရွာသား နဲ့ ဝမ်မိန်ရွာသား မလွတ်သေးဘူး။"

အဖမ်းဆီးခံရွာသားတွေပြန်လည်လွှတ်ပေးဖို့ကိုလဲ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ကနေ ဇန်နဝါရီ(၂၆)ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပါမောက္ခ ယန်ဟီးလီအနေနဲ့ ဇန်နဝါရီလထဲ မြန်မာနိုင်ငံကိုသွားပြီး လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေး ဖို့ရှိနေပေမယ့်လဲ ပြည်ဝင်ခွင့်ပေးဖို့ကိုရော ပူးပေါင်းဆောင်ရွက်ဖို့ကိုပါ မြန်မာအစိုးရက ငြင်းဆန်ခဲ့ပါတယ်။

ဒီလိုပြင်းဆန်ခဲ့တာဟာ ပြီးခဲ့တဲ့ ဇူလိုင်လက မြန်မာနိုင်ငံခရီးစဉ်အပြီး ကုလလူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ Ms. Yanghee Lee ရဲ့အစီရင်ခံစာဟာ ဘက်လိုက်ပြီး မျှတမှု မရှိတဲ့အတွက် အခုလို ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ကြောင်း မြန်မာအစိုးရကအကြောင်းပြန်ခဲ့ပါတယ်။

လက်ရှိရှမ်းပြည်နယ် ကချင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေဆဲဖြစ်သလို ဒီလိုစစ်ရေးတင်းမာမှုအတွင်း အရပ်သားတွေအပေါ် ဖမ်းဆီးအရေးယူမှုတွေ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်ထိခိုက်သေဆုံးဒဏ်ရာရရှိမှုတွေ အစရှိတဲ့လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်စဉ် တွေ ရှိနေဆဲလို့ လူ့အခွင့်အရေးချိုးစောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG