သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေရှ့်နဲ့ ထိုင်းကိုသွားပြီး ယန်ဟီးလီ မြန်မာ့အရေး စူးစမ်းမည်


မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးစုံစမ်းရေးမှုး Yanghee Lee ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်ပြီး သွားရောက်မှာ ဖြစ်ပါတယ်။ သူမကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ပေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ထားပေမယ့် သူမရဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျမအနေနဲ့ ဆက်ပြီး လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခံနေရပြီး ဖိနှိပ်မှုခံနေရသူ တွေကို အကူညီပေးဖို့အတွက် ကုလသမဂ္ဂရဲ့ လုပ်ငန်းစဉ်အရ ပေးအပ်ထားတဲ့ ဒီတာဝန်ဟာ အလွန်အရေးကြီးပါတယ်လို့ ၁၃ ရက်ကြာ ခရီးမစတင်ခင် Yanghee Lee က ပြောပါတယ်။

မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ပေးဖို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ငြင်းဆန်လိုက်တဲ့အတွက် ကျမလုပ်ဆောင်ရမယ့် အလုပ်တာဝန်ဟာ အများကြီး ပိုမို ခက်ခဲ သွားပါတယ်။ ဒါပေမယ့် ကျမအနေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရသူတွေ၊ မျက်မြင်သက်သေတွေ ထံကနေ တိုက်ရိုက် ပြောပြချက်တွေကို ဒုက္ခသည်တွေ ထွက်ပြေးရောက်ရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါဝင် ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ရအောင် ကြိုးစားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးစုံစမ်းရေးမှုးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဇန်နဝါရီလ ၁၈ ရက် ကနေ ၂၄ ရက်နေ့အထိ နေထိုင်မှာဖြစ်ပြီး အဲဒီကနေ ထိုင်းနိုင်ငံကို ဇန်နဝါရီလ ၃၀ ရက်နေ့ အထိ သွားရောက်မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်စဉ် ဒက္ကာမြို့နဲ့ ဒုက္ခသည်စခန်းတွေရှိရာ Cox’s Bazar တို့ကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ လူမှုအသိုင်းဝိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို ထိုင်းနိုင်ငံမှာ နေထိုင်စဉ် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နဲ့ ချင်းမိုင်မြို့တို့ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

မြန်မာအစိုးရက ကျမကို ဘက်လိုက်မှုရှိတယ်လို့ စွပ်စွဲပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ မရှိပါဘူးလို့ ငြင်းဆိုပါတယ်လို့ Yanghee Lee ကပြောပါတယ်။ ကျမအနေနဲ့ မြန်မာအာဏာပိုင် တွေကို ပြန်လည် စဉ်းစား သုံးသပ်ဖို့နဲ့ ဒုက္ခ သည်တွေအရေးကို ဦးစားပေးဖို့ တောင်းဆိုချင်ပါတယ်လို့ သူမက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG