သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာဝင်ခွင့် ပိတ်ပင်ခံရ


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ Yanghee Lee ဇူလိုင်လတုန်းက မြန်မာနိုင်ငံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ Yanghee Lee ဇူလိုင်လတုန်းက မြန်မာနိုင်ငံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee ကို မြန်မာနိုင်ငံ ဝင်ခွင့်ပေးဖို့ မြန်မာအစိုးရက ငြင်းဆန် လိုက်တာဟာ နိုင်ငံတကာ ဖိအားတွေနဲ့အတူ ပိုဆိုးရွားတဲ့အခြေအနေတွေ ပေါ်ပေါက်လာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်လိုက် ကြပါတယ်။ ဒါပေမဲ့ လိုအပ်ချက်အရ Yanghee Lee ခရီးစဉ်ကို အစိုးရက တားမြစ်ခဲ့တာဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

လာမယ့် ဇန်နဝါရီလထဲ မြန်မာနိုင်ငံကိုသွားပြီး လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးသူ Ms. Yanghee Lee ကို ပြည်ဝင်ခွင့်ပေးဖို့ကိုရော ပူးပေါင်းဆောင်ရွက်ဖို့ကိုပါ မြန်မာအစိုးရက ငြင်းဆန် လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ မြန်မာနိုင်ငံခရီးစဉ်အပြီး ကုလလူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ Ms. Yanghee Lee ရဲ့အစီရင်ခံစာဟာ ဘက်လိုက်ပြီး မျှတမှု မရှိတဲ့အတွက် အခုလို ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ကြောင်း မြန်မာအစိုးရက သူ့ကို အကြောင်း ကြားခဲ့တယ်လို့ Yanghee Lee ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ ရေးထားတာပါ။ မြန်မာအစိုးရက အခုလို ဆုံးဖြတ်တာဟာ ရှုပ်ထွေးလှတဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေ တွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်မိကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဌ ဦးစစ်မြိုင်က VOA ကိုပြောပါတယ်။

“ဒီအခုတကြိမ် ငြင်းပယ်တာနဲ့ ပတ်သက်လို့ နိုင်ငံတော်အနေနဲ့ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ အလုပ်တခုကို စဉ်းစားဝေဖန်ပြီးတော့ ဆုံးဖြတ်တယ်၊ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို အလေးအနက်ထားပြီးတော့ ဆုံးဖြတ်တယ်၊ ကျနော်ကတော့ အဲလို များ ဖြစ်နိုင်မလားလို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတနိုင်ငံအတွက် သေရေး ရှင်ရေးတမျှအရေးကြီးတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကြီးကိုမေ့ပြီးတော့ ပထမ တခေါက်မှာပဲ ဥပဒေပြင်ပါလို့ ပြောလိုက်တဲ့အခါကျတော့ ကျနော့်အနေနဲ့လည်း တော်တော်လေး Shock ဖြစ်ပါတယ်။ နောက် နိုင်ငံရဲ့ လူ့အခွင့်အရေးအတွက် ကျနော်တို့ အကျိုးပြုနိုင်မယ့် အကြံပြုချက်မျိုးတွေ ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ တခါတရံတော့ လည်း ဘက်လိုက်မှုတွေ မမျှတမှုတွေကရှိတယ် ဆိုတာမျိုးကတော့ ကျနော်တို့ကလည်း လေ့လာအကဲခတ် မိတာမျိုးတွေတော့ ရှိပါတယ်။”

Ms. Yanghee Lee ရဲ့အစီရင်ခံစာဟာ တဖက်သတ် သတင်းအချက်လက်ပေါ်အခြေခံပြီး ဘက်လိုက်တယ်လို့ မြန်မာအစိုးရက ယူဆခဲ့ရင် သူ့ခရီးစဉ်ကို ပိတ်ပင်မယ့်အစား တွေ့သင့် တွေ့ထိုက်သူတွေနဲ့ ပိုပြီး တွေ့ဆုံနိုင်အောင် စီစဉ်ပေးသင့်တယ်လို့ ညီမျှခြင်းမြန်မာ လူ့အခွင့်အရေး အဖွဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“Ms. Yanghee Lee ရဲ့နောက်ဆုံးတင်ပြလိုက်တဲ့ အစီရင်ခံစာထဲမှာ ဒီရခိုင်ပြည်မှာဖြစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အစီရင်ခံတဲ့ အချက်အလက်တွေကို ကျနော်တို့ အစိုးရက သိပ်ပြီးတော့ သဘောကျတဲ့ပုံ မဟုတ်ပါဘူး။ တဖက်ကို စောင်းနင်းတယ်၊ တဖက်ကိုပဲ တွေ့ဆုံမယ်၊ တဖက်ရဲ့ အယူအဆတွေကိုပဲ ဖော်ပြတယ်ဆိုပြီးတော့ စွပ်စွဲချက်တွေက အစိုးရဘက်က ပြောသံတွေ ကြားရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ ရောက်တဲ့ နေရာမှာ ရတဲ့လူတွေနဲ့ တွေ့ဆုံပြီးတော့ ရတဲ့သတင်းအပေါ်မှာ အခြေခံပြီးတော့ ရေးရတာ ဖြစ်ပါတယ်။ အမှန်တကယ် သူ့ကို ဘက်ပေါင်းစုံ ပါဝင်ပတ်သက်နေတဲ့ သူတွေပေါင်းစုံနဲ့ တွေ့ပြီးတော့ တကယ့် အဖြစ်မှန်အတိုင်း ရရှိဖို့အတွက် ပံ့ပိုးပေးခြင်းက ပိုပြီးတော့ အဆင်ပြေပါလိမ့်မယ်။”

Yanghee Lee ကို မြန်မာနိုင်ငံဝင်ခွင့် ပိတ်ပင်လိုက်တဲ့အတွက် နိုင်ငံတကာ ဖိအားတွေ ပိုတိုးလာနိုင်တယ်လို့ Triangle အမျိုးသမီးအဖွဲ့ တာဝန်ခံ ဒေါ်ခင်လေးက ပြောပါတယ်။

“အခုအချိန်မှာက နိုင်ငံတကာ အနေနဲ့လည်း မြန်မာပြည်ပေါ်မှာ အင်မတန်မှ ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နေတာတွေ ရှိသလို၊ ဝေဖန်ရှုတ်ချမှုတွေ အရမ်းပြင်းထန်နေတဲ့ အချိန် ဖြစ်တဲ့အတွက် အချိန်မှာမှ ထပ်ပြီးတော့ မြန်မာအစိုးရက အခုလိုမျိုး တုံ့ပြန်မှု လုပ် လိုက်တဲ့ အခါကျတော့ ဒီပေါ်မှာ သက်ရောက်မှုတွေ ပိုများလာနိုင်တယ်လို့ ကျမမြင်ပါ တယ်။ အကယ်၍များသာ Ms. Yanghee Lee ရဲ့အစီရင်ခံစာ တွေက မျှတမှုမရှိဘူး၊ ဘက်လိုက်မှု ရှိခဲ့တယ်ဆိုရင်လည်း မြန်မာအစိုးရအနေနဲ့ သူရောက်လာတဲ့အခါမှာ မျက်နှာချင်းဆိုင် တွေ့ပြီးတော့မှ ချက်ကျလက်ကျ သေချာဝေဖန်ထောက်ပြတာမျိုး လုပ်သင့်တယ်။”

Ms. Yanghee Lee ကို ပိတ်ပင်တာဟာ ကုလသမဂ္ဂကို ပိတ်ပင်လိုက်တဲ့သဘော ဖြစ်ပြီး၊ ဆိုးကျိုးတွေကိုသာ ပိုဖြစ်စေလိမ့်မယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPPB တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ထောက်ပြပါတယ်။

“ UN Special Rapporteur က ဆုံးဖြတ်ခွင့် ရှိတဲ့သူ မဟုတ်ဘူး။ နောက် သူ့ကို ရွေးချယ် ထားတာက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ရွေးချယ်ထားတာ ဖြစ်တယ်။ အဲဒီအဖွဲ့ဝင်နိုင်ငံတွေရဲ့ တာဝန်ပေးချက်အရ သူက လူ့အခွင့်အရေး အခြေအနေ ကို စုံစမ်း စစ်ဆေးရတဲ့သူပဲ ဖြစ်တယ်။ ပြီးတော့ သူမြင်တာကို မြင်တဲ့အတိုင်းပဲ တင်ပြမှာ ဖြစ်ပါတယ်။ သူ့ကို အစိုးရကနေ ပိတ်ပင်လိုက်တယ် ဆိုတာက ဒီကုလသမဂ္ဂ တဖွဲ့လုံးကို ပိတ်ပင်လိုက်သလို ဖြစ်သွားတာမျိုးတွေ ရှိပါတယ်။ အဲလိုလုပ်ရပ်မျိုးကို လုပ်မယ်ဆိုရင် တော့ သေချာစဉ်းစားပြီးမှ လုပ်သင့်တယ်။ ဆိုးကျိုးတွေက ဒီထက်ပိုပြီး များသွားနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်သွားနိုင်တယ်။”

Ms. Yanghee Lee ကတော့ မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် နားမလည်နိုင်အောင် ဖြစ်ရသလို စိတ်ပျက်မိကြောင်း ပြောဆိုခဲ့ပြီးု၊ မြန်မာအစိုးရ အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားပေးဖို့ မျှော်လင့်ကြောင်းလဲ ပြောပါတယ်။

၂၀၁၄ ခုနှစ်က စပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တဲ့ Yanghee Lee ဟာ မြန်မာနိုင်ငံကို ၆ ကြိမ် ရောက်ရှိခဲ့ပြီး သူ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းကို တင်ပြခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG