သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာ့အရေးတင်ပြ


အောက်တိုဘာလ ၂၅ ရက်နေ့က Ms. Yanghee Lee ကုလသမဂ္ဂမှာ မြန်မာ့အရေး အစီရင်ခံစာ တင်သွင်းနေစဉ်။
အောက်တိုဘာလ ၂၅ ရက်နေ့က Ms. Yanghee Lee ကုလသမဂ္ဂမှာ မြန်မာ့အရေး အစီရင်ခံစာ တင်သွင်းနေစဉ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြသူတွေထဲမှာ သူ မြန်မာပြည်ကို သွားရောက်စဉ်က တွေ့ဆုံ မေးမြန်းခဲ့တဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေလည်း ပါကောင်း ပါလာနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee က ပြောကြားလိုက်ပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်မှာ အထွေထွညီလာခံကော်မီတီထံ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အစီရင်ခံစာ တင်သွင်းတဲ့အထဲ သူက အဲဒီလို ထည့်သွင်း ပြောကြားသွားခဲ့တာပါ။ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ မြန်မာအစိုးရ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ထင်ဟပ် ပေါ်လွင်အောင် တင်ပြခဲ့ခြင်း မရှိတဲ့အပေါ် စိတ်ပျက်မိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဟောက်ဒိုစွမ်းကလည်း ပြန်လည် ချေပခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

မြန်မာ၊ မြောက်ကိုရီးယားနဲ့ အီရန် စတဲ့ ၃ နိုင်ငံအတွက် တာဝန်ပေးအပ်ခြင်းခံထားရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အသီးသီးက သက်ဆိုင်ရာ နိုင်ငံအလိုက် အထွေထွေညီလာခံရဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဆောင်ရွက်တဲ့ တတိယကော်မီတီ ရှေ့မှောက်မှာ သူတို့ရဲ့ အစီရင်ခံစာတွေကို ဗုဒ္ဓဟူးနေ့က တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာအရေးနဲ့ပတ်သက်လို့ အထူးကိုယ်စားလှယ် Ms. Yanghee Lee က ဦးစွာ တင်ပြရာမှာ မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေအပေါ် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ သူ မြန်မာပြည်သွားရောက်စဉ်က တွေ့ခဲ့တဲ့ ရိုဟင်ဂျာတွေပါ အခု ထွက်ပြေးလာကြတဲ့အထဲမှာ ပါဝင်နိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေ အနေတွေအတွက် ကျမအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မီးရှို့၊ ဖျက်ဆီးခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ နေရာတွေဟာ ကျမကိုယ်တိုင် သွားရောက်ခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။ ထွက်ပြေး လာကြတယ်ဆိုတဲ့ သူတွေထဲမှာ ကျမ အရင်သွားရောက်ခဲ့တဲ့ အချိန်တွေမှာ တွေ့ဆုံခဲ့သူတွေလည်း ပါကောင်း ပါလာနိုင်ပါတယ်။ ဒီလူတွေဟာ ငြိမ်းချမ်းစွာ နေထိုင်ခွင့်ရဖို့၊ အလုပ်လုပ်ခွင့်ရဖို့၊ လွတ်လပ်စွာ သွားလာခွင့်ရဖို့၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေထံ သွားရောက် လည်ပတ်ခွင့်ရဖို့၊ အလှုရှင်တွေနဲ့ ဆေးဝါး ကုသပေးတဲ့ နေရာတွေကို သွားရောက်နိုင်ဖို့၊ သူတို့ သားသမီးတွေ ပညာသင်ကြားခွင့်ရဖို့၊ ဒါမှမဟုတ် ကောင်းမွန်တဲ့ အစားအစာကို ကျွေးမွေးခွင့်ရဖို့တို့အတွက် ကျမထံမှာ တောင်းဆို ခဲ့ကြသူတွေ ဖြစ်ပါတယ်။”

သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသမှာရှိတဲ့ လုံခြုံရေး ရဲကင်းစခန်း ၃၀ ခန့်ကို ARSA လို့ခေါ်တဲ့ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေရဲ့ ဝင်ရောက် တိုက်ခိုက်ခြင်း ခံရပြီးတဲ့နောက် မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက အဲဒီ ဒေသမှာ နယ်မြေရှင်းလင်းရေး ပြုခဲ့တာပါ။

ဒါပေမယ့် ARSA အဖွဲ့က အဲဒီလို အကြမ်းဖက် တိုက်ခိုက်ခြင်း မပြုခင် သီတင်း ၂ ပတ် အလိုကတည်းက မြန်မာစစ်တပ်က အဲဒီ ဒေသကို တပ်ရင်းတရင်းပို့ခဲ့တယ်လို့ Yanghee Lee က ပြောပါတယ်။

“သြဂုတ်လ ၂၅ ရက်နေ့ မတိုင်ခင် သီတင်း ၂ ပတ်အလိုမှာ အဲဒီ ဒေသက လုံခြုံရေး အခြေအနေတွေကို ထိန်းသိမ်းဖို့ဆိုပြီး မြန်မာစစ်တပ်က တပ်ရင်း တရင်း ပိုခဲ့ပါတယ်။ အဲဒီ သတင်းကြားကြားချင်းပဲ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က အဖြစ်သွားခဲ့တဲ့ အကြမ်းဖက်မှုမျိုး ထပ်မဖြစ်ရအောင် အခြေအနေတွေကို စိုးရိမ်တဲ့အကြောင်း ကျမ ချက်ခြင်း ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။ မနှစ် အောက်တိုဘာလနဲ့ အခုနှစ် သြဂုတ်လအကြားမှာ လူပေါင်း ၇၈,၀၀၀ လောက် ထွက်ပြေးခဲ့ကြပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ အဖြစ်အပျက် နောက်ပိုင်းမှာတော့ ၂ လအတွင်း အဲဒီထက် ၇ ဆလောက်များတဲ့ ဒုက္ခသည်တွေ ထွက်ပြေးခဲ့ရပါတယ်။”

ရခိုင်ပြည်နယ်မှာ ထပ်မံ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ အခုချိန်ထိ ၆ သိန်းကျော်သွားပြီလို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရအနေနဲ့ လတ်တလောက် လုပ်ဆောင်သင့်တဲ့ အချက်တွေကိုလည်း Yanghee Lee က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေး အချက်အလက် ရှာဖွေရေးအဖွဲ့ကို လာရောက်ခွင့် ပြုတာဟာ ပထမဆုံး လုပ်ဆောင်သင့်တဲ့ အချက်ဖြစ်ပါတယ်။ ကျမ အဓိက စိုးရိမ်တာကတော့ လတ်တလော ရိုဟင်ဂျာ အသိုင်းဝိုင်း ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ရှေ့ဆက် သူတို့အတွက် ဘာဖြစ်လာမလဲ ဆိုတဲ့ အချက်ဘဲ ဖြစ်ပါတယ်။ ကိုဖီ အာာနန်း ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်က တင်ပြထားချက်တွေ အားလုံးကို ရိုးသားစွာ အကောင်အထည်ဖော်ခြင်းအားဖြင့် ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်သူ အားလုံးကြားမှာ ထပ်ခါတလဲ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်စေရုံမကဘဲ ရိုဟင်ဂျာ လူမျိုးတွေ ကာလရှည်ကြာစွာ တိုင်းပြည်မဲ့ ဖြစ်နေတဲ့ အခြေအနေနဲ့ ဆယ်စုနှစ်တွေနဲ့ချီပြီး ဖိနှိပ်ခံနေရတဲ့ဘဝကလည်း လွတ်မြောက်စေမှာ ဖြစ်ပါတယ်။”

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး ဆွေးနွေးတဲ့ အစီအစဉ်တွေမှာ UNHCR ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့ IOM နိုင်ငံတကာ ရွေ့ပြောင်းအခြေချ နေထိုင်သူများ ကူညီရေးအဖွဲ့တို့ ပါဝင်ခွင့်မပြုဖို့ မြန်မာအစိုးရဘက်က တောင်းဆို ထားတာကို သူ့အနေနဲ့ သိရှိထားကြောင်းလည်း Yanghee Lee က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee အစီရင်ခံစာ တင်သွင်းပြီးတဲ့နောက်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဟောက်ဒိုစွမ်းကလည်း အစီရင်ခံစာအပေါ် မြန်မာအစိုးရရဲ့ သဘောထားတွေကို ပြန်လည် ချေပခဲ့ပါတယ်။

“ရခိုင်ပြည်နယ်အတွင်း ဆယ်စုနှစ်တွေနဲ့ချီပြီး တည်ရှိခဲ့တဲ့ ပဋိပက္ခ အမွေအနှစ်တွေ၊ သီးခြား အထီးကျန် စွန့်ပယ်ခံထားရမှု၊ ဖွံ့ဖြိုးမှုနောက်ကျမှု စတဲ့ အခက်အခဲပေါင်းများစွာကို မြန်မာအစိုးရအနေနဲ့ ရင်ဆိုင်နေရတာကို အထူး ကိုယ်စားလှယ်ရဲ့ အစီရင်ခံစာ ထဲမှာ ထပ်ဟပ် ဖော်ပြခဲ့ရင် ကောင်းမွန်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါကြောင့် အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အကြံပြုချက်တွေအပေါ် ကျနေ်ာတို့အနေနဲ့ စိတ်ပျက်မိပါတယ်။ ဒီအရင်ခံစာက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးန လုပ်ငန်းစဉ်တွေကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း သက်ရောက်မှု ရှိစေနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် အနည်းငယ်အတွင်း မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကို ခုခံ ကာကွယ်ခဲ့သလို သိသာတဲ့ ဖွံ့ဖြိုးမှု ရှိအောင်လည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်သွားဖို့ ကျနော်တို့ သံနိဌာန် ချထားပါတယ်။”

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ပြေလည်ရေးအတွက် လက်ရှိ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးနဲ့ ဆွေးနွေးပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ ကိစ္စကိုလည်း သံအမတ်ကြီး ဟောက်ဒိုစွမ်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို အလေးထား ဆောင်ရွက်သွားမယ်ဆိုတာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောကြားထားပြီး ဖြစ်ကြောင်း သံအမတ်ကြီး ဟောက်ဒိုစွမ်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို စကားနဲ့ ပြောနေမယ့်အစား အလုပ်နဲ့ သက်သေပြသွားမယ်ဆိုတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း မကြာသေးခင်က ပြောကြားခဲ့ပြီးဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ကော်မတီတီကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာကို ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ရော ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ အစီရင်ခံစာ တင်သွင်းတဲ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ လူ့အခွင့်ရေးကော်မီတီဝင် နိုင်ငံတွေက ကိုယ်စားလှယ်တွေက ပြောကြားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG