သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမြို့ပြများ စနစ်တကျ ချဲ့ထွင်ဖို့ ကမ္ဘာဘဏ်အကြံပြု


ရန်ကုန်မြို့မြင်ကွင်း
ရန်ကုန်မြို့မြင်ကွင်း

မြို့ပြဖြစ်ထွန်းမှုတိုးတက်လာတဲ့ မြန်မာနိုင်ငံမှာ မြို့ပြတွေကို စနစ်တကျချဲ့ထွင်မှု မလုပ်နိုင်ရင် သဘာ၀ ညစ်ညမ်းမှုတွေ လူဦးရေ ထူထပ်မှုတွေနဲ့ အတူ လူတန်းစား ကွာဟမှုတွေနဲ့ ဖွံ့ ဖြိုးမှုကိုပါ ထိခိုက်လာနိုင်တယ် လို့ ကမ္ဘာ့ဘဏ်က သတိပေးလိုက်သလို၊ မြို့ပြပညာရှင်တွေကလည်း ဒီအချက်ကို ထောက်ပြနေပါတယ်။ ဒါကြောင့်လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေဖြန့်ဖြူးမှု စီမံကိန်းဆွဲပြီး၊ မဖွံဖြိုးသေးတဲ့ ပြည်နယ်တွေမှာလည်း မြို့ပြဖွံံ့ဖြိုးမှုကို အကောင်အထည်ဖော်ဖို့ ပညာရှင်တွေက တိုက်တွန်းနေပါတယ်။ ဗွီအိုအေသတင်းထောက် ကိုဇော်ထက် သတင်းပေးပို့ ထားပါတယ်။

ဆယ်စုနှစ်နဲ့ ချီပြီး ဖွံ့ဖြိုးမှုအားနည်းနေတာတွေ၊ နိုင်ငံရေးပဋိပက္ခတွေကနေ အသွင်ကူးပြောင်း လာတဲ့ မြန်မာနိုင်ငံအတွက် အားလုံးပါဝင်တဲ့ မြို့ပြဖွံ့ဖြိုးမှုကို တည်ဆောက်သွားမယ် ဆိုရင် စီးပွားရေး တိုးတက်လာနိုင်သလို ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာလည်း အထောက်အကူဖြစ်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဇွန်လ ၆ရက်က ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံဟာ လက်ရှိအနေအထားမှာ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့သွားသလို မြို့ပြဖြစ်ထွန်းတာကလည်း တဖြည်းဖြည်းတိုးတက်လာတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဒီစစ်တမ်းဟာ လူဥၤီးရေ ၇သန်းကျော်ရှိတဲ့ ရန်ကုန်ကို အခြေပြု သုံးသပ်တဲ့ စစ်တမ်းဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အခြေခံ အဆောက်အဦး တွေရဲ့ လိုအပ်ချက်တွေနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းတာ၊ ကျူးကျော်အိမ်ရာတွေများလာတာ၊ ယာဉ်ကြော ပိတ်ဆို့တာတွေ ဖြစ်နိုင်ပြီး ဒါတွေက ဖွံ့ဖြိုးမှုကို နှေးကွေးသွားနိုင်တယ် လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း လူဦးရေ ဖြန့်ဖြူးမှုစီမံကိန်းတွေ စနစ်တကျရေးဆွဲပြီး စီးပွားရေး အချက်အချာဖြစ်နိုင်တဲ့ ဒေသတွေမှာလည်း မြို့ပြဖြစ်ထွန်းမှုကို အကောင်အထည် ဖော်သင့်ကြောင်း မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့က တိုင်းပြည်က ပြည်ထောင်စုလို့ပြောပြီးတော့ တနေရာနဲ့ တနေရာ ကွာဟချက်တွေ ရှိတာပေါ့ဗျာ။ အခုဆိုရင် ကျနော်သိသလောက်တော့ ဘာမှမဟုတ်တဲ့ ဧရာဝတီတိုင်းလောက်က တောင်မှ ရန်ကုန်မြို့ကိုလာပြီးတော့ ခွဲစိတ်ကုသရတာတွေ လုပ်တယ်တို့ဖြစ်နေတာပေါ့။ အဲဒါတွေက မသင့်လျော်ဘူးလေ။ အစိုးရအနေနဲ့ ဘာလုပ်သင့်လဲဆိုရင် တပြည်လုံး အတိုင်းအတာနဲ့ လူဦးရေဖြန့်ဖြူးမှု စီမံကိန်းဆိုတာကို ရေးဆွဲသင့်တာပေါ့။ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ချင်းပြည်နယ်တို့၊ ရခိုင်ပြည်နယ်တို့ မြို့တွေကို တိုးချဲ့ဖို့။ အခုက ရန်ကုန်အစိုးရက လုံးဝမှားနေတဲ့ကိစ္စက ရန်ကုန်မြို့ကို အကြီးအကျယ် ကြီးချဲ့တော့မယ်။ ရန်ကုန်မြို့က ကျယ်လာလေ သူ့ရဲ့ facility တွေကများလာလေ၊ ပိုလာလေ ကျန်တဲ့ဟာတွေနဲ့ ကွာခြားလေလေဖြစ်နေမှာပေါ့နော်။”

မြန်မာနိုင်ငံမှာလူဦးရေ ၅၁ သန်းခွဲရှိပြီး ၁၅သန်းလောက်က မြို့ပြမှာနေထိုင်ကြတာပါ။ ဒါပေမဲ့ ၂၀၅၀ ခုနှစ် ရောက်တဲ့အခါမှာတော့ ကျေးလက်ဒေသကလူ ၇သန်းကျော်ဟာ မြို့ပေါ်ပြောင်းရွေ့လာမယ့် အလားအလာရှိပါတယ်။ ပြည်တွင်းရွှေ့ပြောင်းလုပ်သား တွေကြောင့် ရန်ကုန်မြို့က လူနေထူထပ် လာပါတယ်။ သူတို့နေရပ်မှာ စီးပွားရေးအခက်အခဲ၊ မြေယာပိုင်ဆိုင်မှုမရှိတာ၊ သဘာဝဘေး ရင်ဆိုင်ရတာတွေက မြို့ပြကို ရောက်လာတဲ့ အဓိက အကြောင်းအရင်းတွေ ပါ။

ရန်ကုန်မြို့ကို မြို့သစ်ချဲ့ထွင်ဖို့ ရန်ကုန်တိုင်းအစိုးရဘက်က ပြင်ဆင်ကြိုးပမ်း နေပါတယ်။ ရန်ကုန်မြို့ဟာ မြို့တွင်းပိုင်းမှာ လူနေသိပ်သည်းဆများပေမဲ့ သိပ်သည်းဆ နည်းတဲ့ မြို့နယ်တွေဘက်မှာ လူဦးရေကိုမြှင့်တင်ပေးမယ်ဆိုရင် မြို့ချဲ့ထွင်ဖို့ မလိုအပ်သေးကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ်ရဲ့ ဧည့်ပါမောက္ခ မြို့ပြပညာရှင် ဦးသံမိုးက ဗွီအိုအေကို ပြောပါတယ်။

“ အဲဒီတော့လူဦးရေ ကွာဟချက်က အရမ်းတွေများနေပြီ။ အရမ်းများနေတဲ့ အချိန်မှာ ၁၉၅၈ ကတည်ခဲ့တဲ့ မြို့သစ်၃ မြို့၊ ၁၉၉၂ နောက်ပိုင်းမှာတည်ခဲ့တဲ့မြို့သစ် ၇မြို့- ၈မြို့ရဲ့ လူဦးရေ 20 persons per acre ရှိတဲ့နေရာတွေကို guidance densification လို့ခေါ်တဲ့ လူနေသိပ်သည်းမှု မြှင့်တင်ပေးမယ်ဆိုရင် ကျနော်တို့က မြို့ချဲ့စရာမလိုသေးဘူး။ ၂၀၄၀ မှာ တိုးပွားလာမယ်ဆိုတဲ့ လူဦးရေ ငါးသန်းကို အေးအေးဆေးဆေးလေး ကျနော်တို့ absorb လုပ်နိုင်တယ်။ အဲဒါကြောင့်ကျနော်တို့ဟာ မြို့ကို ချဲ့စရာလည်းမလိုဘူး ၊မြို့သစ်ဆောက်စရာလည်း အခုလောလောဆယ် မလိုသေးဘူး။”

လက်ရှိ ရန်ကုန်တိုင်းအစိုးရ အကြံပြုထားတဲ့ မြို့သစ်ချဲ့ထွင်မယ့် နေရာတွေဟာ မြို့သစ်အင်္ဂါရပ်နဲ့ မညီညွတ်ဘဲ မြို့သစ်ဆိုတာဟာ အနည်းဆုံး မိုင် ၂၀လောက်ဝေးကွာ သင့်ကြောင်း မြို့ပြပညာရှင်တွေက ထောက်ပြကြပါတယ်။ လက်ရှိမှာ မြို့သစ်တွေကို မလိုအပ်ပေမဲ့ ၂၀၄၀ ရောက်ရင်တော့ လိုနိုင်တဲ့ အတွက် ကြိုတင်စီစဉ် ထားသင့်ကြောင်း ပညာရှင်တွေက ပြောပါတယ်။

မြို့ပြဖြစ်ထွန်းမှုဟာ ဆင်းရဲနွမ်းပါးတာကို လျော့ချပေးနိုင်ပေမဲ့ မြို့ပြမှာ လူနေထိုင်မှု အဆင့် မညီမျှတာတွေကြောင့်လည်း လူမှုရေး တင်းမာမှုတွေဖြစ်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်ကလည်း ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG