သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်း စီမံ/ဘဏ္ဍာဝန်ကြီးအဖြစ် ဦးရဲမင်းဦးကို အမည်စာရင်းတင်သွင်း


ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး (၂၀၂၀ ဇွန်လ ၂ ရက်နေ့ )
ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး (၂၀၂၀ ဇွန်လ ၂ ရက်နေ့ )

[Zawgyi/Unicode]

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လစ်လပ်နေတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ လက်ရှိ နေပြည်တော် ဒုတိယ မြို့တော်ဝန်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ ဦးရဲမင်းဦးကို ရန်ကုန်တိုင်းလွှတ်တော်မှာ ဒီကနေ့ အမည်စာရင်းတင်သွင်းခဲ့တာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပေးပါမယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းဟာ ပြီးခဲ့တဲ့ ဧပြီလက ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်သွားခဲ့တဲ့ သူ့နေရာက လစ်လပ်လျက်ရှိပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အစည်းအဝေးမှာ လစ်လပ်သွားတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ရာထူးပြန်လည် ခန့်အပ်ဖို့အတွက် လက်ရှိနေပြည်တော် ဒုတိယ မြို့တော်ဝန်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ ဦးရဲမင်းဦးကို ခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။

"ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တွင် လစ်လပ်လျက်ရှိသော စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအသစ် ခန့်အပ်တာဝန်ပေးအပ်မယ့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီချက်ရယူရန်အတွက် ပေးပို့လာပါတယ်။ အမည် ဦးရဲမင်းဦး၊ အဘအမည် ဦးရွှေမြ အဆိုပါ ပုဂ္ဂိုလ်၏ ကိုယ်ရေးမှတ်တမ်းကို လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။"

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်မှာ အခုလို တင်ပြခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွေကို လာမယ့်ဇွန်လ ၆ ရက်နေ့ အထိ ကျင်းပဖွယ်ရှိပြီး ဦးရဲမင်းဦးကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် အဆိုပြုတဲ့အပေါ် ကန့်ကွက်တဲ့သူ မရှိရင်တော့ သူဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကတော့ လွှတ်တော်သက်တမ်း သိပ်မကျန်တော့တဲ့ ကာလမို့ လစ်လပ်ဝန်ကြီး နေရာကို လွှတ်တော်ရဲ့လုပ်ငန်းတွေနဲ့ ရော ဘဏ္ဍာရေးပိုင်းမှာ ကျွမ်းကျင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက တယောက်ယောက် ကို ရွေးချယ်ခန့်တာက ပိုသင့်တော်မယ်လို့ မြင်ပါတယ်။

"အစိုးရသက်တမ်းလည်း ကုန်ခါနီးပြီ။ ဒီရန်ကုန်တိုင်းရဲ့ စီမံဘဏ္ဍာဘတ်ဂျက်အကြောင်းကို ကောင်းကောင်းသိတဲ့သူဆို ပိုကောင်းတာပေါ့။ ကျနော်ပြောချင်တာက ရန်ကုန်တိုင်းလွှတ်တော်အတွင်းမှာကိုပဲ ကျနော်တို့လက်ရှိလုပ်နေတဲ့ ပြည်သူ့ငွေစာရင်းက ဦးတင့်လွင်၊ ကျနော်တို့ ဘဏ္ဍာရေးစီမံကိန်းမှာ ဥက္ကဋ္ဌ လုပ်နေတဲ့ ဒေါ်စန္ဒာမင်းတို့ဘာတို့ လွှတ်တော်ကိုယ်စားလှယ်ထဲက ခန့်တာ ပိုကောင်းတာပေါ့။ ပြီးတော့ ရန်ကုန်တိုင်းအနေနဲ့ ပိုအဆင်ပြေနိုင်တာပေါ့။ ရှေ့မှီနောက်မှီ အကုန်သိနေတဲ့လူတဦးကို ဒီလပိုင်းအတွင်းမှာ ရှိနေတဲ့အစိုးရသက်တမ်းအတွက်ကို ရန်ကုန်တိုင်းမှာ လုပ်နေသူတွေကို ဝန်ကြီးအရာခန့်သင့်တယ်လို့ ကျနော်တော့ ထင်တယ်။ ဦးရဲမင်းကို မသင့်တော်တဲ့သဘောပြောတာ မဟုတ်ဘူး။ "

ကိုကိုးကျွန်းက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ကတော့ ခန့်အပ်မှုအပေါ် ဘာမှတ်ချက်မှ ပေးဖို့ မရှိဘူးလို့ ပြောပါတယ်။

"ဘယ်သူပဲ ခန့်ခန့်အလုပ်လုပ်ဖို့ပဲ လိုတာပါတယ်။ အဲလိုပဲ သဘောထားပါတယ်။"

ဒီကိစ္စနဲ့ ပတ်သက်လို့ ကာယကံရှင် ဦးရဲမင်းဦးကို ဆက်သွယ်တာမှာတော့ တာဝန်ပေးအပ်ခံရနိုင်ဖို့ မသေချာတဲ့အတွက် ခန့်အပ်ခံရရင် ဘယ်လိုပြုပြင် ဆောင်ရွက်သွားမလဲဆိုတာမျိုး ပြောဖို့ မသင့်သေးဘူးလို့ ဆိုပါတယ်။

"မုန့်ဆီကြော်က ဘယ်နေမှန်းမသိဘူး။ ကျနော်လျှောက်ပြောနေလို့ မရဘူးပေါ့။ အစိုးရတွေသည် သက်တမ်းအလိုက်သွားတာ။ ခုက သက်တမ်း ၁၀လပဲ ကျန်တော့တာ။ ၁၀တွင်းမှာ ဘာလုပ်ပါမယ်ဆိုတာကတော့ မီးရှုးမီးပန်းဖောက်တာပဲ။ တကယ်အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါကတော့ပြောဖို့ စောပါသေးတယ်။"

ဦးရဲမင်းဦးဟာ နေပြည်တော်စည်ပင်သာယာရေးဘဏ်ရဲ့ ဥက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ်ဇန်နဝါရီလ လဆန်းမှာ စတင်ခန့်အပ်ခံရပြီး ၂၀၁၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာပဲ နေပြည်တော် ဒုတိယမြို့တော်ဝန်အဖြစ်ခန့်အပ်ခြင်းခံရပါတယ်။

ဦးရဲမင်းဦးဟာ လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ဗဟိုပြန်ကြားရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ်နဲ့ ဗဟိုစီးပွါးရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode Version]















XS
SM
MD
LG