သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဆေးရုံကြီးအတွင်း မီးလောင်မှုဖြစ်


ရန်ကုန်ဆေးရုံကြီးအတွင်း မီးလောင်မှုဖြစ်ပွား (MOI)
ရန်ကုန်ဆေးရုံကြီးအတွင်း မီးလောင်မှုဖြစ်ပွား (MOI)

ရန်ကုန်ဆေးရုံကြီးကို နိုင်ငံတကာအဆင့်မှီ ဆေးရုံကြီးဖြစ်လာအောင် ပြုပြင်ဖို့ စီစဉ်နေချိန်မှာပဲ မနေ့ညက မီးလောင်မှုဖြစ်သွားခဲ့ပါတယ်။ ကင်ဆာရောဂါကု ပြင်ပလူနာဌာနမှာ သြဂုတ်လ(၁၃)ရက် တနင်္လာ ညဦးပိုင်းက မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတချို့ ရှိခဲ့ပေမယ့် အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရတာမျိုး မရှိခဲ့ဘူးလို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ပါတယ်။ ဆယ်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ရန်ကုန်တိုင်း လသာမြို့နယ်မှာရှိတဲ့ အထွေထွေရောဂါကု ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ကင်ဆာရောဂါ ပြင်ပလူနာဌာန အသေးစား ခွဲစိတ်ခန်းထဲက မီးခလုတ်ခုံ အပူလွန်ကဲရာကစပြီး မျက်နှာကြက် သစ်သားတန်းနဲ့ ဝါယာကြိုးတွေကို တနင်္လာနေ့ ညနေ ၆ နာရီခွဲကျော်မှာ မီးစွဲလောင်ခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာ ရီရီမြင့်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ရန်ကုန်ဆေးရုံကြီးကို VOA ကဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ ဝန်ထမ်းတဦးက မီးလောင်ကျွမ်းခဲ့တဲ့ အခြေအနေတချို့ကို ရှင်းပြပါတယ်။

"မီးလောင်တယ်ဆိုတာ ကျမတို့က မီးတောက်ကြီးတွေနဲ့ မတွေ့ရဘူး မီးခိုးတွေပဲလေ။ ဝါယာကြိုးက နေပြီးတော့ ရှော့ဖြစ်တဲ့အနံ့မျိုး မှောင်ပြီးတော့ မီးခိုးတွေပဲ တွေ့တာ ။ ၆ နာရီ ၂၅ လောက်မှာ အောက်မှာ ဝါယာကြိုး ရှော့ဖြစ်နေတယ်ဆိုပြီး မီးဖြတ်လိုက်တယ်။ ပြီးတော့ ဆေးရုံကြီး တရုံလုံး မီးမှိတ်သွားတယ်။ လူနာတွေကိုလည်း လွတ်တဲ့နေရာတွေကို ရွှေ့ပေးရတယ်။ ပြီးတော့ မီးငြိမ်းသွားတာကတော့ ၈ နာရီလောက်မှာ ငြိမ်းသွားတယ်။

မေး။ ။ ခုနက လောင်ကျွမ်းမှုကြောင့် လူနာတွေထဲက ထိခိုက်ဒဏ်ရာ ရတာတို့ သေဆုံးတာတွေ ရှိပါသလား။

ဖြေ။ ။ ကျမတို့တော့ အဲဒါတွေ ဘာမှမကြားဘူး။ ဆေးရုံကြီးက ၈ နာရီခွဲလောက်မှာ မီးပြန်လာတယ်ဆိုပေမယ့် ဒီရိုးရိုးလိုင်းတွေပဲ လာပြီးတော့ Emergency လိုင်းတွေကတော့ ရှော့ဖြစ်နေတော့ တော်တော်နဲ့ မလာဘူး။ မလာပဲနဲ့ ကျမတို့က ၁၀ နာရီ ၃၅ လောက်မှ မီးပြန်ရတာဆိုတော့ ကျန်တာ ကျမတို့ မသိဘူး။"

မီးလောင်နေချိန်မှာ မီးလန့်တာကြောင့် အနီးအနားလူနာဆောင်က လူနာအယောက်(၆၀)လောက်ကို လူနာရှင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေက လူနာသယ် အထမ်းစင်၊ တွန်းလှည်းတွေနဲ့ အရေးပေါ် ပြောင်းရွှေ့ပေးခဲ့တယ်လို့ဆိုပါတယ်။ ရန်ကုန်ဆေးရုံကြီး မီးလောင်ရာကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ NLD ပါတီ ရန်ကုန်တိုင်းလွှတ်တော် လသာမြို့နယ်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က သူမြင်တွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

" ဟို ကင်ဆာဆောင်ပေါ့ဗျာ ၊ ဓါတ်မှန် ရောင်ခြည်ရိုက်တဲ့နေရာမှာ ဖြစ်တာ။ ဝါယာရှော ့ဖြစ်လို့လောင်တာ။ အဲဒီမှာလည်း ဓါတ်ရောင်ခြည် ရိုက်တဲ့နေရာဆိုတော့ လူတွေ သိပ်မရှိဘူး။ ကျန်တဲ့နေရာတွေကျတော့ မီးလောင်တဲ့ အငွေ့တွေဘာတွေကျတော့ လူနာတွေ ထိမှာစိုးတဲ့အတွက်ကြောင့် လူနာတွေကို သယ်တာပြုတာတွေတော့ ရှိတာပေါ့။ ဟို စိုးရိမ်ပြီးတော့ သယ်ကြတာပေါ့ဗျာ။ နည်းနည်း ရုတ်ရုတ် ရုတ်ရုတ်တော့ ဖြစ်သွားတာပေ့ါ။ ကျန်တာတော့ အေးဆေးပဲ ဘာမှတော့မဖြစ်ပါဘူး။"

မီးလောင်တဲ့နေရာကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရန်ကုန်တိုင်းအတွင်း မီးသတ်ဌာနတွေက မီးသတ်ကား (၂၅)စီး၊ မီးသတ်တပ်ဖွဲ့ဝင်ပေါင်း ၃၆၀ ကျော်လောက်နဲ့ ဝိုင်းဝန်း ငြိမ်းသတ်နိုင်ခဲ့တဲ့အတွက် ည ၇ နာရီကျော်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ရန်ကုန်ဆေးရုံကြီး သတင်းထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြပါတယ်။

ဗြိတိသျှကိုလိုနီခေတ်ကတည်းက ရှိလာခဲ့တဲ့ ရန်ကုန်ဆေးရုံကြီးဟာ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု ညံ့ဖျင်းခဲ့တာကြောင့် ယိုယွင်းပျက်စီးနေပြီး ဆေးရုံကြီးကို ပြုပြင်ဖြည့်စွက်သွားဖို့ လိုတယ်လို့ သိပ်မကြာသေးခင်က ရန်ကုန်ဆေးရုံကြီးကို ကိုယ်တိုင် သွားရောက်ကြည့်ရှုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

ဒါပေမဲ့ ဆေးရုံကြီးရဲ့ လက်ရှိအခြေအနေက နိုင်ငံတကာအဆင့်မှီ ဆေးရုံဖြစ်လာဖို့ဆိုရင် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ လသာမြို့နယ် NLD ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ပြောပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုလာပြီးတဲ့ နောက်ပိုင်းမှာ အဲဒီ ၅ ထပ်အဆောင်ကတော့ တော်တော်ကြီး ကောင်းသွားတယ်ခင်ဗျ။ တော်တော်များများ သန့်ရှင်း သွားတယ်။ နောက်တခုက ဈေးသည်ကိစ္စတွေ ရှိတယ်ခင်ဗျ။ ဒီဈေးသည်တွေက စည်းမဲ့ကမ်းမဲ့ အမှိုက်တွေပစ်တဲ့ကိစ္စတွေ၊ နောက် လုံခြုံရေးကိစ္စတွေ လုပ်ဆောင်နေတာတွေ ရှိတယ်။ အဲဒါကတော့ လောလောဆယ် လုံခြုံရေးတင်ဒါ ထပ်ခေါ်ထားတယ်။ အဲဒါလည်း ရှင်းဦးမှာ ပေါ့နော်။ နောက်ပြီးတော့ လူနာဆောင်မှာ လူနာစောင့်တွေက များတဲ့အခါမှာ အိမ်သာတို့ဘာတို့က Over use ဖြစ်နေတယ်၊ အဲဒါတွေကို ဖြေရှင်းဖို့ ကြိုးစား တယ်ပေါ့ဗျာ။ လူနာနဲ့ ဆရာဝန်နဲ့ အချိုးမမျှဘူး၊ လူနာနဲ့ ကုတင်နဲ့ အချိုးမကျဘူး။ ဘတ်ဂျက်မရှိတော့ ဘာမှ လုပ်လို့မရဘူးလေ။"

တနင်္လာနေ့ညကဖြစ်ပွားတဲ့ ရန်ကုန်ဆေးရုံကြီး မီးလောင်ကျွမ်းမှုအတွင်း သေဆုံးဒဏ်ရာရတာမျိုးမရှိပေမယ့် ပျက်စီးဆုံးရှုံးမှု ကျပ်(၄)သိန်းနီးပါးရှိခဲ့ကြောင်း နဲ့ ဓာတ်ရောင်ခြည်လုံခြုံမှုနဲ့ ပတ်သက်လို့ ထိခိုက်မှုမရှိကြောင်း ပညာရေးဝန်ကြီးဌာန အဏုမြူစွမ်းအင်ဌာနက စစ်ဆေးတွေ့ရှိရတယ်လို့ ရန်ကုန်ဆေးရုံကြီး သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG