သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့ လုံခြုံရေးတင်းကြပ်


ရန်ကုန်စစ်ဆေးရေးဂိတ်တခုမြင်ကွင်း။ (ဇူလိုင် ၁၉၊ ၂၀၂၂)
ရန်ကုန်စစ်ဆေးရေးဂိတ်တခုမြင်ကွင်း။ (ဇူလိုင် ၁၉၊ ၂၀၂၂)

တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပူးပေါင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေး တပ်တွေဘက်က ဒေသတော်တော်များမှာ စစ်တပ်တပ်စွဲထားတဲ့နေရာတွေအပေါ် တိုက်ခိုက်သိမ်းပိုက်မှုတွေ လုပ်လာခဲ့တဲ့နောက် အခုရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့က တချို့နေရာတွေမှာ လုံခြုံရေးတွေ ပြန်လည်တင်းကြပ်လာနေတယ်လို့ မြို့ခံတွေကပြောပါ တယ်။ စစ်ကောင်စီက အမျိုးသား လူငယ်လူလတ်ပိုင်းတွေကို ပေါ်တာဆွဲနေတယ်ဆိုတဲ့သတင်းတွေ လည်း ထွက်ပေါ်နေတာပါ။ ရန်ကုန်မြို့ရဲ့ လုံခြုံရေ အခြေအနေ သတင်းပေးပို့ထားတာကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှမ်းမြောက်ပိုင်းမှာစတင်ပြီး စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို တိုက်ခိုက်သိမ်းပိုက်လာခဲ့တာပါ။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယတွေမှာလည်း ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ပွားလာခဲ့ပါတယ်။ ဒီလို နေရာတော်တော်များများမှာ တိုက်ပွဲတွေ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့နောက်မှာတော့ လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့နယ်တဝိုက်မှာ ရဲနဲ့စစ်သားလုံခြုံရေးတွေက လမ်းသွားလမ်းလာတွေကိုတားဆီးပြီး စစ်ဆေးလာနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေက VOA ကိုပြောပါတယ်။

“ညီမတို့ဘက်မှာကျတော့လေ ရန်ရှင်းလမ်းမကြီးပေါ်မှာ သူတို့စစ်တယ်။ ရဲပါတယ်။ စစ်သားပါတယ်။ လက်နက်ကိုင်ထားတဲ့သူတွေပေါ့။ ရဲကတော့ လက်နက်မကိုင်ထားဘူး။ စစ်ကားတစီးနဲ့ရဲကားတစီးကစစ်တာပေါ့နော်။ ဘာမေးလဲဆိုတော့ သူတို့ကဖုန်းကိုကြည့်တယ်။ ညီမတို့ကိုမေးတာတော့ ဘယ်နားကလဲ၊ ဘယ်သွားမှာလဲပေါ့နော်။ အဲနေ့က တနာရီကျော်ကျော်ကြာတယ်။ မနက်ပိုင်းပေါ့ ၇ နာရီ ၈ နာရီ လမ်းသွားလမ်းလာများတဲ့အချိန် စစ်တာပေါ့။ အရင်ကလို ဖုန်းကို အသေအလဲ ရှာစစ်တာမျိုးတော့မဟုတ်ဘူးပေါ့။ အဲလိုဖြစ်တော့ ညီမတို့ကတော့ စိုးရိမ်တာပေါ့နော်။ “

စစ်ဆေးရာမှာ စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေရဲ့ နာမည်စာလုံးတွေ၊ ဓါတ်ပုံတွေရှိမရှိ၊ အားပေးအားမြှောက်ပြောဆိုတာမျိုးရှိမရှိ၊ လက်ကိုင်ဖုန်းတွေထဲမှာ စစ်ဆေးတယ်လို့ စစ်ဆေးခံရသူတွေကပြောပါတယ်။ လူဦးရေထူထပ်ပြီး လူပေါင်းစုံနေထိုင်တဲ့ လှိုင်သာယာမြို့နယ်ဘက်မှာလည်း နေ အိမ်တချို့မှာ ဧည့်စာရင်းဝင်ရောက်စစ်ဆေးတာအပြင် နေရာတော်တော်များများမှာ တားဆီးစစ်ဆေးမှုတွေရှိနေတယ်လို့ ရန်ကုန်မြို့ခံက ပြောပြပါတယ်။

“အဲဒါက လမ်းဆုံလမ်းခွတွေ ကိုယ်တို့တွေ ဒီပြောမယ်ဆိုရင် မီးပွိုင့်တွေရှိတဲ့ လမ်းဆုံလမ်းခွ၊ လမ်းမကြီးနားအတွင်းဘက်လမ်းတွေရဲ့ လမ်းဆုံလမ်းခွ၊ ရပ်ကွက် ၂ ခု ၃ ခုကို ဆက်တဲ့နေရာတွေမှာ စစ်တာ။ ခုနောက်ပိုင်းက နေ့တိုင်းလိုလို စစ်နေတာ။ မနက်ပိုင်းဆို ၈ နာရီ ၉ နာရီ ၁၀ နာရီလောက် စစ်တယ်။ ညနေဆိုရင်တော့ ၄ နာရီကနေ မိုးချုပ်တဲ့အထိပေါ့။ တခါတလေ နေရာရွှေ့။ ညပိုင်းထိပါ စစ်တယ်။ ဖုန်းတွေကိုစစ်တယ်။ ကားတွေဘာတွေဆိုလည်း လှန်လှောပြီး စစ်တယ်။ လူတွေကိုကျ ဖုန်းတွေ စစ်တယ်။ ဖမ်းတာ ဘာညာတော့ မကြားသေးဘူး။ အဲ ၂ လုံး ၃ လုံးသမားတွေ မိရင်တော့ ရုံးခေါ်တယ်။ ပြီးရင်ညှိပြီး ပြန်လွှတ်တယ်။”

နေရာ တော်တော်များများမှာတော့ မော်တော်ကားတွေကို စစ်ဆေးတာတွေလည်း ပြန်လုပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်မြို့ မှာရှိတဲ့မြို့နယ်အချို့က အခြေခံပညာအဆင့်ကျောင်းတွေမှာ စစ်ကောင်စီတပ်တွေက တပ်စွဲဝင်ရောက်နေထိုင်တာတွေ ရှိနေတယ်လို့ လူမှုကွန်ယက်မီဒီယာ ဖေ့စ်ဘုတ်မှာ သတင်းပျံ့နှံ့နေသလို လှိုင်သာယာမြို့နယ် မူလတန်းလွန်ကျောင်း အမှတ် (၂၁) မှာတော့ စစ်ကောင်စီတပ်တွေ တပ်စွဲဖို့ရောက်နေတယ်ဆိုပြီး သတင်းတွေထွက် ပေါ်နေခဲ့ပါတယ်။ လှိုင်သာယာမြို့နယ် ပညာရေးမှူးရုံးကို ဗွီအိုအေက ဆက်သွယ် မေးမြန်းတာမှာတော့ တာဝန်ခံ ဖြေဆိုမယ့်သူမရှိပါဘူး။

နောက်ပြီး လူမှုကွန်ယက်မီဒီယာတွေပေါ်မှာ စစ်ကောင်စီက အမျိုးသားလူငယ်လူလတ်ပိုင်းတွေကို ပေါ်တာဆွဲနေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာမျိုးလည်းရှိနေပြီး ဒီသတင်းတွေကြောင့်ကော စစ်ဆေးမှုတွေစိတ်လာတာကြောင့်ကော မြို့နယ်တော်တော်များများမှာ ညဘက် အတော်လေး လူသွားလူလာကျဲလာတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

“ည ၇ နာရီလောက်ဆို လူရှင်းတယ်။ သိပ်ပြီး လူမရှိတော့ဘူး။ နဂိုကဆို ၈ နာရီ ၉ နာရီလောက်ထိ ရှိတယ်လေ။ အလုပ်သွား အလုပ်ပြန်တွေပဲ ရှိကြတာကိုး။ ခုကျ သိပ်အပြင်မထွက်ကြတော့ဘူး။ အပြင်ထွက်လည်း ကိုယ့်လမ်းထဲကိုယ်ပေါ့ လမ်းမကြီးပေါ် သိပ်မတက်ရဲတော့ဘူး။”

စစ်ကောင်စီဘက်ကတော့ စစ်တပ်က ပေါ်တာဆွဲတယ်ဆိုတာ မဟုတ်မမှန်ကြောင်း ငြင်းဆိုထားသလို ဒီကနေ့ ထုတ်ပြန်တဲ့ စစ်ကောင်စီ သတင်းစာတွေမှာ ဒီသတင်းမမှန်ကြောင်း ထုတ်ပြန်ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG