သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

D-Day နေ့အခမ်းအနားတက်ဖို့ ယူကရိန်းသမ္မတ ပြင်သစ်ရောက်ရှိ


နှစ် ၈၀ ပြည့်နော်မန်ဒီကမ်းတက်တိုက်ပွဲ D day အခမ်းအနား (ဇွန် ၆၊ ၂၀၂၄)
နှစ် ၈၀ ပြည့်နော်မန်ဒီကမ်းတက်တိုက်ပွဲ D day အခမ်းအနား (ဇွန် ၆၊ ၂၀၂၄)

ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေမှာ ဒီနေ့ကျင်းပတဲ့ အကြိမ် ၈၀ မြောက် D-Day ကမ်းတက်အောင်ပွဲနေ့အခမ်းအနားကို ယူကရိန်းသမ္မတ ဇလင်စကီး တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။

"ဒီနေ့ ဒီအခမ်းအနားက လွတ်လပ်ရေး နဲ့ ဒီမိုကရေစီကို ကြိုးပမ်းတဲ့နေရာမှာ ပြသခဲ့တဲ့ သတ္တိ နဲ့ သန္နိဋ္ဌာန်ခိုင်မာမှုကို သတိပေးတဲ့အခမ်းအနားဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက စည်းလုံးညီညွတ်မှုရှိလို့အောင်မြင်ခဲ့ပြီး၊ ဒီနေ့မှာလည်း အမှန်တကယ် စည်းလုံးညီညွတ်မှုက အောင်မြင်မှုရနိုင်မှာဖြစ်တယ်" လို့ သမ္မတဇလင်စကီးက နော်မန်ဒီကို ရောက်ရောက်ချင်းမှာပဲ X လူမှုကွန်ရက်ကနေ ပြောလိုက်ပါတယ်။

သမ္မတဇလင်စကီးက နော်မန်ဒီကိုရောက်နေချိန်မှာပဲ၊ လက်ရှိဖြစ်နေတဲ့ ယူကရိန်းစစ်ပွဲကြောင့် ဒုတိယကမ္ဘာစစ်တုန်းက နာဇီဂျာမနီကို တိုက်တဲ့နေရာမှာ မဟာမိတ်ဖြစ်ခဲ့တဲ့ ရုရှားနိုင်ငံကိုတော့ ဒီအခမ်းအနားကို တက်ရောက်ဖို့ ပြင်သစ်နိုင်ငံဘက်က ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။

ယူကရိန်းဘက်က ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံအနောက်တောင်ပိုင်းကက ရေနံချက်စက်ရုံမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် Novoshakhtinsk ရေနံချက်စက်ရုံကိုလည်း ရပ်နားထားရတယ်လို့ Rostov-on-Don ဒေသအုပ်ချုပ်ရေးမှူးက တယ်လီဂရမ်ကနေ ပြောပါတယ်။ ဒါ့အပြင် ယူကရိန်းဘက်က ကာမီကာဇီဒရုန်းနဲ့ တိုက်ခိုက်လို့ Stary Oskol မြို့က ရေနံသိုလှောင်ရုံတခု နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ Belgorod ဒေသအုပ်ချုပ်ရေးမှူးက Gladkov က ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ယူကရိန်းဘက်က ပစ်လိုက်တဲ့ ဒရုန်း ၁၉ စင်းကို Belgorod နဲ့ ခရိုင်းမီးယားဒေသတွေပေါ်မှာ ကာကွယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ရုရှားဘက်ကပစ်လိုက်တဲ့ ဒရုန်း ၁၈ စင်းထဲက ၁၇ စင်းကို Kherson, Khmelnytskyi, Mykolaiv နဲ့ Zaporizhzhia ဒေသတွေမှာ မနေ့ညက ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတော့ တကယ်လို့ ရုရှားနိုင်ငံရဲ့ အချုပ်အချာအာဏာကို ခြိမ်းခြောက်ထိပါးလာတယ်ဆိုရင်တော့ ရုရှားအနေနဲ့ နျူးကလီးယားလက်နက်တွေကို ထုတ်သုံးလာနိုင်တယ်လို့ မနေ့ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG