သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူမြန်မာသံရုံး ဇီကာကူးစက်ရောဂါ သတိပေးချက် ထုတ်ပြန်


စင်ကာပူနိုင်ငံတွင်း ဇီကာကူးစက်ရောဂါဖြစ်ပွားနေတဲ့ဒေသကို ကူးစက်ရောဂါနှိမ်နှင်းရေး ခြင်ဆေးဖြန်းလုပ်ငန်းများ ဆောင်ရွက်နေ။ (စက်တင်ဘာ၊ ၁ ၂၀၁၆)
စင်ကာပူနိုင်ငံတွင်း ဇီကာကူးစက်ရောဂါဖြစ်ပွားနေတဲ့ဒေသကို ကူးစက်ရောဂါနှိမ်နှင်းရေး ခြင်ဆေးဖြန်းလုပ်ငန်းများ ဆောင်ရွက်နေ။ (စက်တင်ဘာ၊ ၁ ၂၀၁၆)

စင်္ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်ပိုးကူးစက်ခံထားရတဲ့ ဦးရေတိုးလာနေပြီး စင်္ကာပူမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတချို့ပါဝင်နေတာကြောင့် စင်္ကာပူရောက် မြန်မာ အသိုင်းအဝိုင်းကြားမှာ စိုးရိမ်နေကြပါတယ်။ စင်္ကာပူ မြန်မာသံရုံး ကလည်း ဒီကနေ့ နေ့စွဲနဲ့ ကြေညာချက် အသိပေး ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာလည်း ဇီကာဗိုင်းရပ် အသိပေးနှိုးဆော်ချက်တွေကို သတင်းစာ၊ ဂျာနယ်တွေကနေ ဖော်ပြနေတာပါ။ ခုချိန်ထိ ကုသနိုင်တဲ့ဆေးဝါးတွေ မရှိသေးသလို ရောဂါ ကူးစက်မှု ကလည်း မြန်ဆန်တာကြောင့် ပြည်သူလူထုအကြား စိုးရိမ်မှုတွေ ရှိနေတာပါ။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ နန်းလောင်ဝ် ကတင်ပြထားပါတယ်။

မြန်မာနိုင်ငံသား သိန်းနဲ့ချီ နေထိုင် လုပ်ကိုင်နေကြတဲ့ စင်္ကာပူနိုင်ငံတွင်း ဇီကာဗိုင်းရပ်ပိုး ကူးစက်ခံထားရသူပေါင်း ၁၅၁ ဦးထက်မနည်း ရှိသွားပြီဖြစ်သလို ဒီထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းက နိုင်ငံခြားသားအလုပ်သမားပေါင်း ၅၇ ဦးပါဝင်နေတယ်လို့ စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ဇီကာသတိပေးထုတ်ပြန်ချက်
စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ဇီကာသတိပေးထုတ်ပြန်ချက်

ဒီထဲမှာ မြန်မာနိုင်ငံသား တဦးလည်းကူးစက်ခံထားရပြီး လူနာရဲ့ ဆန္ဒအရ သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ပြန်မှာမဟုတ်ဘူးလို့ စင်္ကာပူမြန်မာသံရုံးက သံမှူး ဒေါ်ထွေးထိပ်တင်လွင်က VOA ကိုပြောပါတယ်။

“မြန်မာနိုင်ငံသားတယောက် ကူးစက်ခံရတယ်ဆိုပြီးတော့ information ဒီနေ့စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ပေးပို့လာပါတယ်။ အဲဒီတော့ ဒီကူးစက်မှုနှုန်းကလည်း ၁၁၅ ကနေ ၁၅၅ ပေါ့နော်၊ ၁၅၅ ပတ်ဝန်းကျင်လောက်ရှိသွားတာပေါ့၊ တဖြည်းဖြည်းနဲ့ နည်းနည်းလေး များလာတာပေါ့၊ အဲ့ဒီမှာ အဓိကက မြန်မာနိုင်ငံသား ပါဝင်ပတ်သက်မှုရှိနေတာပေါ့၊ မြန်မာနိုင်ငံသားတယောက်ကူးစက်ခံရတယ်ပေါ့နော်။ ဒီနိုင်ငံသားကိုလည်း under surveillance ပေါ့၊ အသေအချာကို စောင့်ကြည့် ကြည့်ရှုထားတယ်၊ သက်သာလာတဲ့အနေအထားမှာ ရှိတယ်လို့ ပြောပါတယ်။ “

ဇီကာနဲ့ ပတ်သက်လို့ သံရုံးကို အကူအညီတောင်းနိုင်တယ်လို့ ကြေညာထားပေမယ့် ခုချိန်ထိ ဆက်သွယ် အကူအညီတောင်းခံလာတာမရှိသေးဘူးလို သံရုံးကဆိုပါတယ်။ စင်္ကာပူမှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေနဲ့ သူတို့ကိုမှီခိုနေသူတွေ ၂ သိန်း ၈ သောင်းလောက်ရှိတယ်လို့ သံရုံးကခန့်မှန်းပါတယ်။

စင်္ကာပူရောက် မြန်မာတွေကြားမှာလည် စိုးရိမ်မှုတွေမြင့်တက် လာနေတဲ့ အပြင် ရောဂါပိုး ကူးစက်နေတဲ့ ရပ်ကွက်တွေကို စင်္ကာပူတာဝန်ရှိသူတွေ ကိုယ်တိုင် လာရောက်ပြီး အသိပညာပေးနေတယ်လို့ စင်္ကာပူရောက် မြန်မာနိုင်ငံသား ကိုအောင်ဝင်းထွဋ်က VOA ကိုခုလိုပြောပါတယ်။

“သူတို့ ဒီဖြစ်ပွါးတဲ့နေရာတွေကိုကျတော့ ဟိုဟာပေါ့ တာဝန်ရှိတဲ့ ဝန်ကြီးတွေ၊ လူကြီးတွေပေါ့ဗျာ၊ အာဏာပိုင်အစိုးရအဖွဲ့အစည်းတွေ အကုန်လုံး ဆင်းသွားတယ်။ နောက်ပြီးတော့ သူတို့ကိုယ်တိုင် တအိမ်တက်ဆင်းလိုက်ပြီးတော့ သတိပေးတယ်။ နောက်ပြီးတော့ ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ အကြောင်းလေးတွေ ကြေညာပေးတယ်။ အဲ့ဒီဖြစ်ပါွးတဲ့ ရပ်ကွက်တွေကိုပေါ့နော်။ ကျန်တဲ့နေရာတွေမှာကတော့ ဒီ Preventive Measurement ပေါ့ဗျာ၊ြ ခင်တွေကို မပေါက်ဖွားအောင်လုပ်ဖို့ အတွက်ပဲ အစွမ်းကုန်ကြေညာနေ တယ်။ ဖေ့ဘုတ်မှာ လည်း ကြည့်လို့ရတယ်။ ကျွန်တော်တို့ မြန်မာအသိုင်းအဝိုင်းက စိုးရိမ်ပါတယ်။ ဒီဇီကာဗိုင်းရပ်စ်ကိုလေ၊ ဘာဖြစ်လို့လည်းဆိုတော့ စင်္ကာပူက ကျန်းမာရေး စားရိတ်က တအားကိုဈေးကြီးပါတယ်။ အထူးသဖြင့်တော့ ဒီမှာ တချို့မြန်မာ လူငယ်အမျိုးသမီး ကိုယ်ဝန်ဆောင်လေးတွေလည်းရှိပါတယ်။ သူတို့လည်း စိုးရိမ်တဲ့အနေအထားမှာ ရှိနေပါတယ်။ မကြာခင်ရက်ပိုင်းကပဲ အခမဲ့ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းရှိမရှိ လာရောက်ပြီးတော့ ဆေးခန်းတွေမှာ စစ်ပေးဖို့ဆိုပြီးတော့ အကြောင်းကြားထားပါတယ်။ ကျနော်နောက်ထပ် အတည်ပြုလို့မရတဲ့ သတင်းတခုကြားတာကတော့ နောက်ထပ်တယောက်ပါ ကူးတယ်ပြောတယ်။ စုစုပေါင်း ၂ ယောက်လောက်တော့ ကျနော်တို့ကြားပါတယ်။ ဒါပေမယ့် သေချာ confirm တရားဝင်ကတော့ မကြာခင် ဒီကနေ့ညနေခင်းထုတ်ပြန်မယ့် သတင်းမှာပါမယ်လို့ ကျနော်ထင်ပါတယ်။ “

မြန်မာသံရုံးဘက်ကလည်း အရေးပေါ်ဆက်သွယ်နိုင်တဲ့တယ်လီဖုန်းနံပါတ်ကို ထုတ်ပြန်ပေးထားသလို လိုအပ်လို့ အကူအညီတောင်းလာရင် လုပ်ပေးနိုင်တဲ့အပိုင်းတွေကို သံမှူး ဒေါ်ထွေးထိပ်တင်လွင်က ခုလိုပြောပါတယ်။

“ကူးစက်ခံရတဲ့လူနာက သူ့ရဲ့ ဒေတာတွေကို privacy အရမပြောပါနဲ့ဆိုရင် ကျမတို့ဘက်က မပြောပါဘူး။ ဒါပေမယ့် သူ့မိသားစုနဲ့ ဆက်သွယ်ပေးပါ၊ ဘယ်လို ဘာအကူအညီလုပ်ပေးရမလဲ၊ သက်ဆိုင်တဲ့ဟာတွေပေါ့၊ ကျန်းမာရေးအပိုင်းကတော့ ဆရာဝန်တွေလုပ်မှာပေါ့၊ တခြားအပိုင်းတွေပေါ့၊ သံရုံးအနေနဲ့ ဘာအကူအညီတွေပေး ရမလဲ၊ ဘာကူညီစောင့်ရှောက်ပေးရမလဲ၊ အဲ့ဒီအတွက်ပေါ့ ကျန်နဲ့အပိုင်းအတွက်ပေါ့၊ ကျန်တဲ့အပိုင်းတွေအတွက်ပေါ့၊ လူနာရှင်ရဲ့ request၊ လူနာရှင်ရဲ့ consent မရပဲနဲ့ အမတို့က ဘာမှပြောလို့မရပါဘူး။ လူနာကလည်း request လုပ်ထားတယ်။ သူ့ consent မရပဲ ဘာမှမပြောပါနဲ့ပေါ့၊ ဒါပေမယ့် အမတို့ဘက်ခြမ်း သံရုံးဘက်ခြမ်းကတော့ counsular access ပေးဖို့က အဆင်သင့်ပါပဲ”

ခြင်ကနေကူးစက်တဲ့ ဇီကာဗိုင်းရပ်ပိုး ကူးစက်ခံရရင် အပူချိန်တက်ပြီးဖျားတာ၊ အရေပြားယားယံတာ၊ မျက်လုံးတွေနီလာတာ၊ ခေါင်းကိုက်တာနဲ့ ကြွက်သားနဲ့ အဆစ်အမြစ်တွေ ကိုက်ခဲလာတဲ့လက္ခဏာတွေပြသလာပါတယ်။ ခုချိန်ထိတော့ ကုသနိုင်တဲ့ဆေးဝါးမပေါ်သေးပါဘူး။ ဒါ့အပြင် ဇီကာပိုးကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ ပုံမှန်မဟုတ်တဲ့ ဦးခေါင်းသေး၊ ဦးနှောက်သေးကလေးတွေမွေးဖွားလာတယ်ဆိုပြီး ယူဆထားကြပါတယ်။

မြန်မာပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ ဇီကာဗိုင်းရပ်စ် ကာကွယ်ရေးနှိုးဆော်ချက်တွေကို ထုတ်ပြန်ပြီး ခြင်ကျား၊ လောက်လန်း နှိမ်နှင်းရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် စတဲ့ ပိုးလောက်လန်းနှိမ်နှင်းရေးလုပ်ငန်းတွေကို လူတိုင်းပါဝင်ဆောင်ရွက်ကြဖို့ ကျယ်ကျယ်ပြန့်ပြန့်တိုက်တွန်းထားပါတယ်။

အိမ်နီးချင်းမလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံမှာလည်း ဇီကာပိုး ကူးစက်ခံထားရသူတွေ ကိုတွေ့ရတယ်လို့ ဆိုပါတယ်။မလေးရှားနဲ့အင်ဒိုနီးရှားက ခရီးသည်တွေကိုလေယာဉ်ကွင်းမှာ စစ်ဆေးတာတွေ လုပ်သွားမယ်လို့ကြေညာ ထားသလို အမေရိကန်၊ သြတေးလျ၊ ထိုင်ဝမ်၊ တောင်ကိုးရီးယား နဲ့ မြန်မာနိုင်ငံကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ စင်္ကာပူကို မသွားကြဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG