[[Zawgyi/Unicode]]
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် ဖွတ်ဖရမြို့နယ်ထဲက ကောက်ပဲသီးနှံစိုက်ခင်းတခုက စိုက်ပျိုးရေးသုံးရေတွင်းခုထဲ ၂ နှစ်နီးပါးအရွယ် မြန်မာကလေးငယ်တဦး မတော်တဆပြုတ်ကျသွားခဲ့တာကို ထိုင်းကယ်ဆယ်ရေးအဖွဲ့က အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပါတယ်။ ကလေးမိဘတွေဟာ မြန်မာပြည်ဘက်ကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြပြီး ဒီကလေးကိုကယ်ဆယ်နိုင်ဖို့အတွက် ထိုင်းကယ်ဆယ်ရေးတပ်ဖွဲ့က စက်ယန္တရားတွေအကူနဲ့ နာရီပေါင်း ၂၀ နီးပါးအောင် အားထုတ်ကြိုးပမ်းပြီးမှ ကယ်ဆယ်နိုင်ခဲ့တဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းမှာ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် ဖွတ်ဖရမြို့နယ်က စိုက်ခင်းမှာ စိုက်ပျိုးရေးသုံးရေတွင်းထဲ အသက် တနှစ်နဲ့ခုနစ်လအရွယ် မြန်မာကလေးငယ်တဦး ပြုတ်ကျသွားခဲ့ပါတယ်။ ကလေးပြုတ်ကျသွားတာကို အနားမှာရှိနေတဲ့ မြန်မာဘုန်းကြီးတွေက မြင်လိုက်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို ချက်ခြင်းအကြောင်းကြားနိုင်ခဲ့ပါတယ်။ ရေတွင်းဟာ ကျဉ်းမြောင်းပြီး အနက်ပေ ၅၀ လောက်ရှိတာကြောင့် ရှာဖွေချိန် ၁၈ နာရီကျော်ရှိခဲ့ပြီး နောက်ဆုံးမှာ ကလေးကို အသက်ရှင်လျက်ပြန်တွေ့ခဲ့ကြောင်း အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလို ပြောပါတယ်။
“ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်လောက်မှာ မြန်မာစိုက်ပျိုးရေးလုပ်သားမိသားစုရဲ့ ၁၉ လအရွယ်ပေါ့။ တနှစ်နဲ့ခုနစ်လသားအရွယ် ကလေးမလေး ပြုတ်ကျသွားတယ်။ အဲဒါကို အရင်ဆုံးမြင်တာက ဘုန်းကြီးတွေက မြင်ကြတယ်။ အဲဒီတော့ ကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက အဲဒီရေတွင်းက ရိုးရိုးကယ်ဆယ်ရေးလုပ်လို့မရတော့ စက်ယန္တရားတွေသုံးပြီးတော့ ကလေးမလေး- သဇင်ဖွေးလေးကို ကယ်ဆယ်နိုင်ခဲ့တာပေါ့။”
ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေဟာ မနေ့ကစပြီး အဆက်မပြတ် ကယ်ဆယ်ရေးလုပ်ခဲ့ရာမှာ နာရီပေါင်း ၁၆ နာရီလောက်အကြာမှာ ကလေးငိုသံကိုကြားခဲ့ရကြောင်း၊ ဒီလိုကြိုးစားပြီး ကယ်ဆယ်ခဲ့တဲ့ ထိုင်းကယ်ဆယ်ရေးဝန်ထမ်းတွေ၊ ထိုင်းလူမျိုးတွေရဲ့အားထုတ်မှုတွေဟာ လေးစားစရာဖြစ်တယ်လို့လည်း ဦးမိုးကြိုးကပြောပါတယ်။
“ထိုင်းကယ်ဆယ်ရေးလုပ်သားတွေက အပတ်တကုတ် မကယ်ဆယ်ဘူးဆိုရင် ဒီ ကလေးက အသက်ဆုံးရှုံးမှာပဲ။ ထိုင်းကယ်ဆယ်ရေးလုပ်သားတွေရဲ့အခန်းကဏ္ဍ ကမြင့်မားသလို တခြားကျန်းမာရေးလုံခြုံရေးဝန်ထမ်းတွေရဲ့အားထုတ်မှုတွေကလည်း ပူပေါင်းမှုကလည်း အားကောင်းတယ်။ လူမျိုး ဘာသာမခွဲဘူး။ ကူညီကြတယ်။ တကယ်တော့ ပေါ့လျော့တာကတော့ မြန်မာလုပ်သားဇနီးမောင်နှံပဲ။ ကလေးအခွင့်ရေးအရ အရေးယူမယ်ဆိုရင်တောင် ယူလို့ရတယ်။”
ကလေးငယ်လေးပြုတ်ကျခဲ့တဲ့ရေတွင်းဟာ ပေ ၅၀ လောက်နက်ပီး အသက်အန္တရာယ် စိုးရိမ်စရာကောင်းတဲ့အခြေအနေကို ကလေးငယ်က ရင်ဆိုင်ခဲ့ရတာပါ။ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မနက် ၁၀ နာရီကျော်အချိန်ကျမှ အဲဒီကလေးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီဒေသဟာ စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့အရပ်ဒေသဖြစ်ပြီး ကလေးအတော်များများဟာ စာသင်ကြားဖို့အခက်အခဲတွေလည်း ရှိနေတာပါ။ မိဘတွေက စိုက်ပျိုးရေးလုပ်ငန်းတွေမှာ နေ့စားတွေအဖြစ်လုပ်ကိုင်နေကြရပြီး တချို့က ကလေးတွေကို အိမ်မှာထားခဲ့ရပါတယ်။ အဲဒီဒေသမှာ မြန်မာပြည်သား ရွှေ့ပြောင်းလုပ်သားတွေ သိန်းနဲ့ချီရှိနေပြီး မြန်မာပြည်က စစ်အာဏာသိမ်းပြီးတဲ့နောက် အလုပ်အကိုင်ရှာဖွေဖို့လာကြရင်း စိုက်ခင်းတွေမှာ နေ့စားအဖြစ် အလုပ်လုပ်ကိုင်နေကြသူတွေလည်း အများအပြားရှိနေပါတယ်ရှင်။
============
[[Unicode]]