ထိုင်းဘုရင်အတွက် ပြည်သူတွေ ဝမ်းနည်းပူဆွေး

ထိုင်းဘုရင်အတွက် ပြည်သူတွေ ဝမ်းနည်းပူဆွေးငိုကြွေး။ ( အောက်တိုဘာ ၁၄၊ ၂၀၁၆)

အသက် ၈၈ နှစ်အရွယ်မှာ နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်မင်းမြတ်အတွက် ထိုင်းပြည်သူတွေ ဝမ်းနည်းပူဆွေးပြီး အနက်ရောင်ဝတ်စုံတွေ ဆင်မြန်းကြပါတယ်။ ဘုရင်ကြီးရဲ့ ရုပ်ကလပ်ကို ဒီကနေ့မှာ Siriraj ဆေးရုံကနေ နန်းတော်ကို ပင့်ဆောင်လာချိန်မှာတော့ ထိုင်းပြည်သူ အများအပြား ရပ်စောင့်ပြီး ဂါရဝပြုခဲ့ကြပါတယ်။

ကြာသပတေးနေ့က နတ်ရွာစံသွားတဲ့ ထိုင်းဘုရင် Bhumibol Adulyadej ကို အိမ်ရှေ့မင်းသား ဗာဂျီလာ့ လောင်ကွန်းလည်း ဂါရဝပြုပါတယ်။ ဒီကနေ့ မနက်ပိုင်းက သွားရောက် ဂရဝပြုသူတွေထဲမှာတော့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha၊ ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra နဲ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Glyn Davies တို့လည်း ပါဝင်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် မှတ်တမ်းစာအုပ်မှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံသွားတဲ့အပေါ် ထိုင်းပြည်သူတွေနဲ့ ထပ်တူ ဝမ်းနည်းရပါကြောင်းကို မြန်မာသမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့က သဝဏ်လွှာတွေ အသီးသီး ရေးသား ပေးပို့ခဲ့ပါတယ်။

ဒီကနေ့ ဘန်ကောက်မြို့မှာ စတင်တဲ့ ဥရောပသမဂ္ဂနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာတော့ ဘုရင်ဘူမိဘော နတ်ရွာစံ သွားတဲ့အတွက် ဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း သူနဲ့အတူ သမ္မတအိုဘားမား၊ အမေရိကန်ပြည်သူတွေ အားလုံးက အထူး စိတ်မကောင်းဖြစ်ရတဲ့အကြောင်း၊ ဘုရင်ဘူမိဘောဟာ အမေရိကန် ပြည်ထောင်စုမှာ မွေးဖွားတဲ့ တဦးတည်းသော ဘုရင်ဖြစ်သလို၊ အမေရိကန်ပြည်ထောင်စုက အလွန်လေးစားတန်ဖိုးထားတဲ့ သူတယောက် ဖြစ်တဲ့အကြောင်းလည်း ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကလည်း တိုကျိုမြို့မှာ ရှိတဲ့ ဂျပန်သံရုံး ကို သွားရောက်ပြီး ဘုရင်ကြီးအတွက် ဂါရဝပြုခဲ့သလို၊ ထိုင်းပြည်သူတွေနဲ့ ထပ်တူ ဝမ်းနည်းရပါကြောင်း ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံက ထိုင်းသံရုံးမှာလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံတော်အလံကို တဝက်ချ လွှင့်ထူထားသလို၊ သြစတြေးလျ နိုင်ငံမှာတော့ ဆစ်ဒနီရောက် ထိုင်းနိုင်ငံသားတွေ စုဝေးပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲ လုပ်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ထိုင်းဘုရင်အတွက် ပြည်သူတွေ ဝမ်းနည်းပူဆွေး