သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းထီးနန်းဆက်ခံရေး မြန်မာတချို့အမြင်


ထိုင်းဘုရင် ဘူမိဘော အဒူယာဒတ်
ထိုင်းဘုရင် ဘူမိဘော အဒူယာဒတ်

၁၉၄၆ခုနှစ်မှာ ထီးနန်းအရိုက်အရာခံယူခဲ့တဲ့ ထိုင်းဘုရင် ဘူမိဘောဟာ မနေ့ ကြာသာပတေးနေ့က ကွယ်လွန်သွားခဲ့တဲ့အတွက် တနိုင်ငံလုံး ပူဆွေးသော က ရောက်နေချိန်မှာ သူရဲ့ ထီးမွေနန်းမွေကို ဆက်ခံမယ့်သူဟာ ထိုင်းနိုင်ငံအကျိုးကို သူ့အတိုင်း ဆက်ပြီးဆောင် ရွက်နိုင်ပါ့မလား ဆိုတာ ထိုင်းပြည်သူအများ စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ရဲ့ မနေ့က ပြောကြားတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ အိမ်ရှေ့မင်းသားဖြစ် တဲ့ အသက် (၆၃)နှစ်အရွယ် သားတော် ဝဇီရာလောင် ကွန်းဟာ ထိုင်းဘုရင် ဘူမိဘောရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူဖြစ်တယ်လို့ ထည့် သွင်းပြောဆိုခဲ့ပါတယ်။

မအင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ စည်းမျဉ်းခံဘုရင်စနစ်ရှိတဲ့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း (၇၀)ကြာစိုးစံခဲ့တဲ့ ထိုင်းဘုရင် ဘူမိဘော အဒူယာဒတ် ဟာ နှစ်အတော်ကြာ နာမ ကျန်းဖြစ်ခဲ့ပြီးနောက် မနေ့က သက်တော် (၈၈)နှစ်အရွယ်မှာ ကွယ်လွန်သွား ခဲ့ပါတယ်။

ဘုရင် ဘူမိဘောဟာ ဘာသာရပ်အသီးသီးမှာ ဘက်စုံထူးချွန်သူတဦးဖြစ်သလို သူရဲ့သြဇာအာဏာကို အခြေခံလူတန်းစားတိုးတက်အောင် အသုံးချခဲ့တဲ့အတွက် လူထုရဲ့ ချစ်ခင်လေးစားမှုကို သူရဲ့သက်တမ်း တလျောက်လုံးမှာ ရရှိခဲ့ တာဖြစ်တယ်လို့ ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု ညှိုနှိုင်းရေးမှူး ဒေါက်တာနိုင်အောင်က အခုလိုပြောပါတယ်။

“သူ့ထူးခြားချက်က ဘာလဲဆိုတော့ ထိုင်းနိုင်ငံထဲမှာရှိတဲ့ လူထုလူ တန်းစားအလွှာ အားလုံးရယ်၊ နောက်ပြီးတော့ မျိုးဆက်အစဉ်အဆက်ရဲ့ ယုံကြည်လေးစားမှု က တောက်လျှောက်ရှိခဲ့တာကိုး။ နောက်ပြီးတော့ ဘုရင် မိသားစုရတဲ့ ရန်ပုံငွေတွေ ကိုလည်း ကမကထ လုပ်ပြီးတော့ ဆည်လုပ်ငန်းတွေ၊ မျိုးစပါး လုပ် ငန်းတွေ ၊ သုတေသန လုပ်ငန်းတွေ အများကြီးလုပ်ပေး ခဲ့ တာတွေ၊ နောက် ပြီးတော့ ကျနော်တို့ ဒီမှာပြော ပြောနေတဲ့ မိုးအတုရွာပေးတဲ့ နည်း ပညာတွေ တီထွင်တယ် ဆိုတဲ့ ကိစ္စက အစ ၊ အထူးသဖြင့် ကျနော်တို့တွေနဲ့ ဆိုင်တာတွေ ကိုပြော မယ်ဆိုရင် တောင်ပေါ်သားတွေရှိတယ်ပေါ့ဗျာ ထိုင်းမှတ်ပုံ တင် အမျိုးသား အဖြစ်နဲ့ အသိအမှတ်မပြုခံထားရတာတွေ အဲဒါတွေ အားလုံးကို လည်း သေချာ စီမံချက်နဲ့ လုပ်ပေးတာတွေရှိတယ်။ နောက် သူ့သြဇာကို ယူပြီးတော့မှ လူထုတခု လုံး အလွှာအား လုံးကနေပြီးတော့မှ သူ့ဆီကတဆင့် လူထုတွေကို အကျိုးပြုတဲ့ဟာကို သွားခံစားရတယ်။”

ဒါအပြင် ဘုရင်ဘူမိဘောဟာ အိမ်နီးချင်း မြန်မာနိုင်ငံကနေ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာတဲ့ တိုင်းရင်းသားဒုက္ခသည်တွေကိုလည်း စာနာထောက်ထား မှုတွေရှိခဲ့ကြောင်း ဒေါက်တာနိုင်အောင်က ပြောပါတယ်။

“နယ်စပ်ကိုရောက်လာတဲ့ ကျနော်တို့ ကျောင်းသားတွေအစ၊ တိုင်းရင်းသား ကိစ္စတွေမှာလည်း အစိုးရရဲ့ပေါ်လစီနဲ့ နိုင်ငံတကာရဲ့ ပတ်သက်မှုပေါ့။ သမီးတော် သီရိဒုံကလည်း ပြည်တွင်းစစ်ကြောင့် ဒီဘက်ရောက်လာတဲ့ ဒုက္ခသည်တွေ အရေးပေါ်မှာ အများကြီးကို စာနာနားလည်ပြီးတော့ ဝင်ရောက်ဖေးမ တာတွေ ရှိတယ်လို့ ကြားဘူးတယ်။”

ဘုရင်ဘူမိဘောဟာ သူရဲ့သက်တမ်းတလျောက် ထိုင်းနိုင်ငံတွင်း အာဏာ သိမ်းမှု အကြိမ်ကြိမ်၊ အစိုးရပြောင်းလဲမှု ခဏခဏ ကြုံခဲ့ရပေမယ့် ဘုရင့်နန်းတော်က အာ ဏာနိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင်မပါဘူးဆိုတဲ့မူကို တိတိကျကျ လိုက်နာခဲ့သလို မှန်မှန်ကန်ကန်ဦးဆောင်မှုပေးနိုင်ခဲ့ တဲ့အတွက် ကွဲပြားနေတဲ့ အင်အားစု အသီးသီး ရဲ့ ယုံကြည်မှုကို ရရှိခဲ့တာပါ။ ဒါကြောင့် သူ့ကွယ်လွန်ပြီးနောက် သူ့ကို ဆက်ခံမယ့် သူနဲ့ ပတ် သက်လို့ လူထုရဲ့ ယုံကြည်အားထားမှု လျော့နည်းနေပြီး နိုင်ငံရဲ့ အနာ ဂတ်အလားအလာအပေါ်မှာ စိုးရိမ်မှုတွေရှိနေတာမျိုး တွေ့မြင်ရ ကြောင်း ထိုင်းနိုင်ငံ မှာ နှစ်ပေါင်းများစွာနေထိုင်နေတဲ့ မြန်မာ့အရေးလေ့လာနေသူ ကိုအောင် သူငြိမ်းကပြောပါတယ်။

“သူမရှိတဲ့ကာလမှာ ဒီအင်အားစုတွေက ပြိုသွားမလားဆိုတဲ့ ပြဿနာမျိုးတွေ စိုးရိမ်ရ တာမျိုးရှိပါတယ်။ အထူးသဖြင့် နန်းတော်ထဲမှာလည်း အုပ်စုတွေ ရှိပါ တယ်။ နောက် တခါ တပ်မတော်ထဲမှာလည်း အုပ်စုတွေရှိ တယ်။ ပြင်ပနိုင်ငံရေးထဲမှာလည်း အုပ် စုတွေရှိတော့ ဒါတွေက ဘယ်လိုဖြစ်သွားနိုင်သလဲဆိုတဲ့ စိုးရိမ်ပူပန်ကြတာ မျိုးရှိပါ တယ်။ နောက်တခုကလည်း ဘုရင်စနစ်နဲ့ပတ်သက် ပြီး ပြောကြ တာတွေ ရှိပါ တယ်။ တချို့ကလည်း အရင်နီပေါမှာဖြစ်ခဲ့သလိုမျိုးပေါ့။ ဒီဘုရင်ကြီး ပြီးရင် နောက် ဘုရင် ဘယ်သူလာ လာ ပြည်သူက လက်မခံတော့ ဘူးဆိုတဲ့ အနေအထားမျိုး ပြောကြဆိုကြတာရှိပါတယ်။”

မေး။ ။ အဲတော့ အိမ်ရှေ့မင်းသား ဝဇီရာလောင်ကွန်းရဲ့ အခြေအနေရော ဘယ်လိုမြင်ပါလဲရှင့်။

“အဲဒါကို သေခြာပြောဖို့တော့ ခက်ပါတယ်။ သူကတော့ အိမ်ရှေ့မင်းသားဆိုတော့ ဘုရင်ဖြစ်လာဖို့ များပါတယ်။ ဒါမှမဟုတ် အခြားရွေး ချယ်စရာအနေ အ ထားတွေ ဖြစ်သွားနိုင်ပါတယ်။ ပြည်သူလူထုကတော့ ဘုရင့်သမီးတော် သီရိဒုံကို ပိုပြီးတော့ ချစ်ကြည်လေးစားကြတာ ရှိတယ်။ ဒါမှမဟုတ်ရင်လည်း ဘုရင်ကြီး ဆုံးပြီးနောက်ပိုင်းမှာ မိဖုရားကြီးကိုယ်တိုင်ပဲ ဆက်ပြီးတာဝန်ယူမလားပေါ့နော်။ ဒါကတော့ ဘယ်သူ မှ သေခြာပြောလို့မရသေးတဲ့ကိစ္စဖြစ်ပါတယ်။”

၁၉၇၂ခုနှစ်မှာ ဘုရင်ဘူမိဘောက သူရဲ့အရိုက်အရာ ဆက်ဆံဖို့ သားဖြစ်သူ ဝဇီရာလောင်ကွန်းကို အိမ်ရှေ့မင်းသားအဖြစ် အပ်နှင်းထားခဲ့ တာကြောင့် အခု နန်းတက်ပွဲစီစဉ်ဖို့အတွက် လွှတ်တော်ကို တင်သွင်းမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က မနေ့က သူရဲ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG