ကန်အမျိုးသားလုံခြုံရေးအကြံပေးဟောင်း Michael Flynn လွှတ်တော်စုံစမ်းမှုမှာ ပူူးပေါင်းပါဝင်ဖို့ ကမ်းလှမ်း

ကန်အမျိုးသားလုံခြုံရေးအကြံပေးဟောင်း Michael Flynn ။

အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟောင်း Michael Flynn က သူ့အပေါ် အရေးမယူဘဲ သက်ညှာခွင့်ပြုမယ်ဆိုရင်၊ ရုရှားအစိုးရ အရာရှိတွေနဲ့ သမ္မတ Trump ရဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေကြား ဆက်သွယ်မှုတွေကို လွှတ်တော်က စုံစမ်းမှုတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ကမ်းလှမ်းချက်ကို သမ္မတ Donald Trump က ထောက်ခံလိုက်ပါတယ်။ နိုင်ငံရေးအရ သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတာကြောင့် လွှတ်တော်ရှေ့မှောက် ထွက်ဆိုရာမှာ သက်ညှာခွင့်ရဖို့ တောင်းခံသင့်တဲ့အကြောင်း သမ္မတ Trump က သောကြာနေ့ မနက်မှာပဲ Twitter လူမှုကွန်ယက်ကနေ ပြောဆိုလိုက်တာပါ။

အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟောင်းဟာ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ ညှိနှိုင်းနေပေမဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ သဘောတူညီချက် မရသေးတဲ့အကြောင်း Wall Street Journal က ပထမဆုံးအကြိမ်အဖြစ် မနေ့ကပဲ သတင်းဖော်ပြခဲ့တာပါ။ အငြိမ်းစား ဗိုလ်ချုပ်ကြီး Flynn အနေနဲ့ ပြောစရာအကြောင်းတွေ ရှိနေပြီး၊ အခြေအနေပေးရင် ပြောဖို့ ဆန္ဒရှိကြောင်းလည်း သူ့ရဲ့အကျိုးဆောင်ရှေ့နေ Robert Kelner က မနေ့နှောင်းပိုင်းမှာပဲ ကြေငြာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

အထက်နဲ့အောက် လွှတ်တော် ထောက်လှမ်းရေးကော်မတီ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိခဲ့ကြောင်း အတည်ပြုနိုင်ပေမဲ့ အသေးစိတ် အချက်အလက်တွေကို မပြောနိုင်ကြောင်းလည်း ရှေ့နေ Kelner က ပြောဆိုခဲ့တာပါ။ နိုင်ငံရေးအရ အတိမ်းအစောင်း မခံနိုင်တဲ့ အခြေအနေမျိုးမှာ မတရားသဖြင့် အရေးယူမခံရအောင် အာမခံချက်ရဖို့ ကြိုးစားတာဟာ ကြိုးကြောင်းဆီလျော်မှု ရှိတယ်လို့လည်း ပြောပါတယ်။

အငြိမ်းစားဗိုလ်ချုပ်ကြီး Flynn အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနဲ့ အဆက်အသွယ် လုပ်ခဲ့တာတွေရှိပေမဲ့ ဒုသမ္မတ Mike Pence ကို ပြည့်ပြည့်စုံစုံ မပြောပဲ ထိန်ချန်ထားခဲ့ကြောင်း တွေ့ရှိခဲ့ရာက သမ္မတ Trump ရဲ့ အနီးကပ်ဆုံး အကြံပေး ပုဂ္ဂိုလ်တဦး အဖြစ်ကနေထွက်ဖို့ ဖိအားပေးခံခဲ့ရတာပါ။

အမေရိကန် အထက်နဲ့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီတွေကတော့ ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ကြားဝင်နှောက်ယှက်ဖို့ ကြိုးပမ်းခဲ့တဲ့ ရုရှားအစိုးရရဲ့ တာဝန်ရှိသူတွေနဲ့ သမ္မတ Trump ရဲ့ လူယုံတွေ အဆက်အသွယ် လုပ်ခဲ့တာတွေ ရှိမရှိ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်အမျိုးသားလုံခြုံရေးအကြံပေးဟောင်း Michael Flynn လွှတ်တော်စုံစမ်းမှုမှာ ပူူးပေါင်းပါဝင်ဖို့ ကမ်းလှမ်း