ပျောက်ဆုံး ဆော်ဒီသတင်းထောက်ကိစ္စ အမေရိကန် ဝင်ရောက်စုံစမ်း

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တူရကီနိုင်ငံ Istanbul က ဆော်ဒီအာရေဗျ ကောင်စစ်ရုံးထဲ ဝင်သွားခဲ့တာကို နောက်ဆုံးတွေ့ခဲ့ရတဲ့ ဆော်ဒီအာရေဗျ သတင်းထောက် Jamal Khashoggi နဲ့ ပတ်သက်ပြီး ဘာဖြစ်သွားခဲ့တယ် ဆိုတာကို သေသေချာချာ သိရအောင် အမေရိကန် စုံစမ်းစစ်ဆေးသူတွေ တူရကီကို သွားပြီး ကြိုးစားနေတယ်လို့ အမေရိကန် သမ္မတ Donald Trump ကကြာသပတေးနေ့မှာ ပြောပါတယ်။

သူဝင်သွားတာတွေ့ရပေမယ့် ပြန်ထွက်သွားတာကို မတွေ့ရတဲ့အတွက် အဲဒီဝန်းကျင်မှာ သူရှိနေမယ့်ပုံ မပေါ်ဘူးလို့ Fox မေးမြန်းခန်းတခုမှာ သမ္မတ Trump ကပြောပါတယ်။

ဒီသတင်းထောက်ဟာ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ကို ဝေဖန်တဲ့ သူ့အမြင်ဆောင်းပါးတွေ Washington Post သတင်းစာမှာ ရေးခဲ့သူဖြစ်ပြီး သူဟာ ဆော်ဒီ ကောင်စစ်ရုံးမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဆော်ဒီကလေယာဉ်နဲ့ လာရောက်တဲ့ ထောက်လှန်းရေး ၁၅ ယောက်က သတ်ဖြတ်တာခံရမယ်လို့ ယုံကြည်ကြောင်း တူရကီအာဏာပိုင်တွေကပြောပါတယ်။ ဒါပေမယ့် ဆော်ဒီအာဏာပိုင်တွေက ဒါဟာ မခြေအမြစ်မရှိဘူးလို့ ပြောပြီး ပယ်ချခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေးရဲ့ ကြားဖြတ်ထောက်လှမ်းချက်အရ သတင်းထောက် Khashoggi ကို အမေရိကန်ကနေ ပြန်လာအောင် စည်းရုံးပြီး၊ ဆော်ဒီနိုင်ငံရောက်ရင် ဖမ်းဆီးဖို့ ဆော်ဒီအိမ်ရှေ့မင်းသားက ညွှန်ကြားထားကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

သမ္မတ Trump ကတော့ သတင်းထောက် အသတ်ခံရတာ မှန်ခဲ့မယ်ဆိုရင်တော့ ဒါဟာ ဆိုးရွားတဲ့ လုပ်ရပ်အဖြစ် လက်ခံနိုင်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒီမှာ အမေရိကန် ထောက်လှန်းရေးတွေရောက်နေပြီး တူရကီနဲ့ရော ဆော်ဒီအာရေဗျ အစိုးရနဲ့ပါ လက်တွဲ လုပ်ဆောင်နေတာ ဖြစ်ပြီး အဖြစ်မှန်ကို သိချင်တယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တူရကီကို လုံခြုံရေး ဆိုင်ရာ အထောက်အကူတွေ ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert ကကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

Your browser doesn’t support HTML5

ပျောက်ဆုံး ဆော်ဒီသတင်းထောက်ကိစ္စ အမေရိကန် ဝင်ရောက်စုံစမ်း